ခင်ဦးသာ Saturday, September 04, 2010
.စစ်အစိုးရနှင့် နီးစပ်သည့် စီးပွာရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သော ဇေကမ္ဘာ ဦးခင်ရွှေ၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ယုဇန ဦးဌေးမြင့် တို့သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) မှ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြသည်။
ရွေးကောက်ပွဲ၌ ဇေကမ္ဘာ ဦးခင်ရွှေသည် ရန်ကုန်တိုင်း တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး ဒေသများ ကိုယ်စားပြု၍ လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် စစ်ကိုင်းတိုင်း ရွေဘိုခရိုင်(တန့်ဆည်၊ ကန့်ဘလူ၊ ရေဦး၊ ကျွန်းလှ)ဒေသ ကိုယ်စားပြု၍ လည်းကောင်း၊ ယုဇန ဦးဌေးမြင့်သည် တနင်္သာရီ တိုင်း မြိတ်ဒေသ ကိုယ်စားပြု၍ လည်းကောင်း ၀င်ပြိုင်ကြမည်ဟု သိရသည်။
“ကျနော်က နိုင်ငံရေးသမား မဟုတ်ပါဘူး၊ နိုင်ငံတော်က ဒီနေရာက ၀င်ပြိုင်ပါဆိုလို့ ၀င်ပြိုင်ရတာပါ၊ ကြံ့ခိုင်ရေး ပါတီက ၀င်မှာပါ”ဟု ဇေကမ္ဘာ ဦးခင်ရွှေ က ဧရာဝတီသို့ ပြောသည်။
ဦးခင်ရွှေသည် မော်လမြိုင် ဇာတိဖြစ်သော်လည်း န.အ.ဖ အစိုးရ၏ တိုက်တွန်းချက်အရ တွံတေးဒေသ မှ ၀င်ပြိုင်ရခြင်းဖြစ်ကြောင်း ဦးခင်ရွှေက ဆိုသည်။
ထို့အပြင် အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာ သည် တွံတေးဒေသ ကိုယ်စားပြု၍ လည်းကောင်း၊ စွမ်းအင် ၀န်ကြီးဌာန ၀န်ကြီး ဦးလွန်းသီသည် ကော့မှူးဒေသ ကိုယ်စားပြု၍ လည်းကောင်း ကြံ့ဖွံ့ပါတီမှ ၀င်ပြိုင်ကြမည်ဟု သိရသည်။
ကြံ့ဖွံ့ပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ၀င်မည့် ၀န်ကြီးများနှင့် စီးပွာရေး လုပ်ငန်းရှင်များသည် မိမိတို့သက်ဆိုင်ရာ ဒေသများ သို့ မကြာခဏ သွားရောက်၍ စည်းရုံးရေးကိစ္စများ လုပ်ဆောင်လျက်ရှိသည်။
“ကျနော်က စည်းရုံးစရာ မလိုတော့ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ နာဂစ်ပြီးကတည်းက ဒီဒေသ တွေမှာ သိန်းပေါင်း ၂ သောင်းခွဲကျော် လှူထားပြီးပြီ၊ ဒီဒေသက လူတွေကလည်း ကျနော့်ကို လက်ခံကြမှာပါ၊ တကယ်လို့ သူတို့လက်ခံရင် ကျနော် လုပ်ပေးနေရ ဦးမယ်၊ လက်မခံရင်လည်း ကိုယ့်နေရာ ကိုယ်ပြန်ရောက်သွားတာပေါ့”ဟု ဦးခင်ရွှေက ဆိုသည်။
ဦးခင်ရွှေ သည် ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း စသည့်စီးပွားရေး လုပ်ငန်းအများအပြား ပိုင်ဆိုင်ထားပြီး၊ မကြာ ခင်ကာလက စစ်တပ်မှ အနားပေးခြင်း ခံလိုက်ရသည်ဟု သတင်းများထွက်နေသော စစ်တပ်၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် ခမည်းခမက် တော်စပ်သူလည်း ဖြစ်သည်။ ဦးခင်ရွှေ၏ သမီးဖြစ်သူနှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏ သားတို့မှာ လက်ထပ်ထား ခြင်းဖြစ်သည်။
ဦးဝင်းမြင့်သည်UMFCCIဥက္ကဋ္ဌ သက်တမ်းအား ၅ ကြိမ်ဝန်းကျင် တာဝန်ယူထားသူ တဦးဖြစ်သည့်အပြင် စီးပွားရေး လုပ်ငန်း အများအပြား လုပ်ကိုင်နေသူ တဦးလည်းဖြစ်သည်။ ဦးဝင်းမြင့်သည် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တန့်ဆည် ဇာတိဖြစ်ကြောင်း သိရသည်။
UMFCCIသည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော အစိုးရမဟုတ် သည့်အဖွဲ့အစည်း တခုဖြစ်ပြီး အသင်းဝင်များသည် မည်သည့် နိုင်ငံရေးပါတီဝင်မျှ မဖြစ်ရဟု အသင်း၏ ဖွဲ့စည်းပုံ ဥပဒေပါ စာပိုဒ်အား ၂၀၀၉ ခုနှစ်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် အစည်းအဝေးတွင် တရားဝင် ပယ်ဖျက်ထားပြီး ဖြစ်၍ မည်သည့် အသင်းဝင်မဆို လွတ်လပ်စွာ နိုင်ငံရေးလုပ် နိုင် ကြောင်း အသင်း၏ ဗဟို အလုပ်အမှုဆောင် တဦးက ဧရာဝတီသို့ ရှင်းပြသည်။
UMFCCI၏လက်ရှိအထွေထွေအတွင်းရေးမှူးတာဝန်ကိုယူထားသောဒေါက်တာ မောင်မောင်လေးက“အသင်းက ပုဂ္ဂိုလ် တချို့ရွေးကောက်ပွဲ ၀င်ကြမယ် ဆိုတာဟုတ်ပါတယ်၊ ကျနော်ကတော့ မ၀င်ပါဘူး၊ လက်ရှိတာဝန်ကိုပဲ ဆက်လက် ထမ်းဆောင် သွားမှာပါ”ဟု ဧရာဝတီ ကိုဖြေကြားသည်။
အသင်း၏ ဥက္ကဋ္ဌ ရွေးကောက်ပွဲ ၀င်မည်ဖြစ်သော်လည်း ဥက္ကဋ္ဌ နေရာ အပြောင်းအလဲ အတွက်မူ ကြိုတင်မပြောနိုင် သေး ကြောင်း လည်း ဒေါက်တာ မောင်မောင်လေးက ပြောသည်။
ယုဇန ဦးဌေးမြင့်သည်လည်း ဆီအုန်းလုပ်ငန်း၊ ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စသည့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် နေသူ တဦးဖြစ်သည်။
ဦးခင်ရွှေ၊ ဦးဝင်းမြင့်၊ ဦးဌေးမြင့် တို့ကဲ့သို့ ရွေးကောက်ပွဲ ၀င်မည်ဟု နာမည်ကြီးနေသော ဦးတေဇ( ထူးကုမ္ပဏီ)၊ ဦးဇော်ဇော် ( မက်စ်မြန်မာ) တို့ကမူ ရွေးကောက်၌ ၀င်ပြိုင်ရန် အစီအစဉ် မရှိဟု ၎င်းတို့နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးက ဆိုသည်။ ထို့အတူ ဧဒင် စီးပွားရေး လုပ်ငန်းစုများပိုင်ရှင် ဦးချစ်ခိုင် သည်လည်းရွေးကောက်ပွဲ၌ ၀င်ပြိုင်ရန် အစီအစဉ် မရှိဟု သိရသည်။
ကြံ့ဖွံ့ပါတီ ကိုယ်စားပြု၍ ရွေးကောက်ပွဲ ၀င်ရန်ပြင်ဆင်နေကြသည့် ၀န်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များ သည်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အတွက် ကျပ်ငွေ သိန်းပေါင်းများစွာ အကုန်အကျခံ လုပ်ဆောင်နိုင်သော်လည်း ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင် ရန်ပြင်ဆင်နေကြသည့် တခြားသောနိုင်ငံရေးပါတီ အများစုမှာမူ ငွေကြေး အခက်အခဲများနှင့် ရင်ဆိုင်နေ ကြရကြောင်း ပါတီ ခေါင်းဆောင်များက ဧရာဝတီ သို့ပြောဆိုကြသည်။
“နိုင်ငံသားတိုင်းကရွေးကောက်ပွဲကိုဝင်ပြိုင်နိုင်ပါတယ်၊စီးပွားရေးသမားဖြစ်ဖြစ်ပေါ့၊ဒါပေမယ့် နိုင်ငံတကာမှာတော့ စီးပွားရေး သမားက ရွေးကောက်ပွဲကို ၀င်မပြိုင်ဘဲ နောက်ကွယ်ကပဲ ထောက်ပံ့တာ တွေ့ရတယ်၊ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ပြည်သူ တွေ အတွက် လုပ်မယ်ဆိုရင်တော့ စီးပွားရေးသမားလည်း ကြိုဆိုရမှာပါ”ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)ပါတီ ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။
စစ်အစိုးရက နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု သြဂုတ်လ ၁၃ ရက်နေ့က ကြေညာထားပြီး ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ၄၂ ပါတီ မှတ်ပုံ တင်ခွင့် ရရှိထားသည်။
ထို ၄၂ ပါတီ အနက် ၃၃ ပါတီမှာ ပါတီဝင် အင်အားစာရင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Geen opmerkingen:
Een reactie posten