မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 4 september 2010

ဆမ် ကလျာဏီ သို့မဟုတ် မြန်မာ့အရေး လှုပ်ရှားသူ

ဧရာဝတီ Saturday, September 04, 2010
.မှတ်တမ်း ရုပ်ရှင် ရိုက်ကူးသူလည်း ဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် Images Asia တည်ထောင် သူလည်း ဖြစ်သောထိုင်းလူမျိုး ဆမ်ကလျာဏီအသက်(၅၀)သည်စက်တင်ဘာ၃ရက်နေ့က ကွယ်လွန်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကfacebookပေါ်တွင် တင်ထားသည့် ဓာတ်ပုံထဲကဆမ်ကလျာဏီ (ဓာတ်ပုံ - CourtesySamKalayaneeFacebook)
၁၉၈၈ အရေးအခင်းက ထောင်သောင်း ချီ၍ ထိုင်း-မြန်မာ နယ်စပ်သို့ ရောက်ရှိလာသော မြန်မာ ကျောင်းသား လူငယ်များကို အားတက်သရော ထောက်ခံ ကူညီသူများထဲတွင် ဆမ် ကလျာဏီ လည်း တဦး အပါအ၀င် ဖြစ်သည်။
သူသည် ထိုင်း ကျောင်းသား လှုပ်ရှားသူ တဦးအနေဖြင့် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးနှင့် တရားမျှတမှု အတွက် ထောက်ခံသူ ဖြစ်သကဲ့သို့ ဓာတ်ပုံသမား တဦးအနေဖြင့်လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) အဖွဲ့ဝင် များ၏ ဘ၀ကို မှတ်တမ်းတင်ခဲ့သူ ဖြစ်သည်။
“ဖိနပ်မပါသောကျောင်းသားတပ်မတော်”(BarefootStudentArmy) (၁၉၉၂) အမည်ရသည့် ABSDF အဖွဲ့ဝင်များအကြောင်း သြစတြေးလျ မှ မှတ်တမ်း ရုပ်ရှင် ရိုက်သောအခါ ဆမ် သည် ၀င်ရောက်ကူညီခဲ့သည်။
နောက်ပိုင်း၌ ဆမ် သည် သူကိုယ်တိုင် ဦးဆောင်၍ မြန်မာ အမျိုးသမီးများ ကြုံတွေ့နေရသည့် မတရားမှုများကို“ကျည်ဆန်ကြား၌ ပိတ်မိခြင်း”(CaughtintheCrossfire)(၁၉၉၅)၊“အချီးအနှီးသော လမ်းခရီး”(RoadtoNowhere)(၁၉၉၉)ဖြင့် မြန်မာပြည်ရှိ အဓမ္မ လုပ်အား ခိုင်းစေမှုများအကြောင်း စသည်တို့ကို မှတ်တမ်းတင် ထုတ်လုပ်ခဲ့သည်။
ထို့နောက် မြန်မာ ဒုက္ခသည်များနှင့် အဓမ္မ ရွှေ့ပြောင်းခံရသူများ အကြောင်း “နယ်စပ်မျဉ်းပေါ်က ဘ၀”(LivingontheLine)(၂၀၀၄)၊ မြန်မာကလေး စစ်သားများ အကြောင်း “မမြင်ရသော စစ်သားများ” (The invisibleSoldiers)(၂၀၀၉)၊မြေမြှုပ်မိုင်းအကြောင်း“မြန်မာပြည်၏ပုန်းခိုနေသော လူသတ်သမားများ” (Burma's Hidden Killers)(၂၀၀၉) များကိုလည်း မှတ်တင် ရိုက်ကူးခဲ့သူဖြစ်သည်။
ဆမ်သည် သူ မကွယ်လွန်မီ နောက်ဆုံး အော်စကာဆုအမည်စာရင်း တင်သွင်းခံခဲ့ရသည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်း(Burma VJ)(၂၀၀၉)ကိုလည်း တွဲဖက် ထုတ်လုပ်ခဲ့သည်။
တက်ကြွ လှုပ်ရှားသူလည်းဖြစ်၊ လူမှု ၀န်ထမ်း စေတနာရှင်လည်းဖြစ်သည့် ဆမ်သည် သူ၏ ရှေ့ကို တွေးခေါ်မြော်မြင်မှုဖြင့် ၁၉၉၃ ခုနှစ်တွင် Images Asia ကို တည်ထောင်ခဲ့သည်။
Images Asia သည် မြန်မာပြည် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားသူများနှင့် လူနည်းစု တိုင်းရင်းသားများ၏ ဘ၀ ကို ရုပ်ပုံ ကားများဖြင့် မှတ်တမ်းတင် ဆောင်ရွက်သည့် ပထမ ဦးဆုံး (NGO) အဖွဲ့ဖြစ်သည်။
ယခုအခါတွင်ImagesAsiaသည် ရုပ်ရှင် ၊ ဗီဒီယို ၊ မာလ်တီ မီဒီယာ စသည်တို့ကို ထုတ်လုပ် နေသော အဖွဲ့ဖြစ်နေပေပြီ။ImagesAsiaတွင် မြန်မာပြည်သာမက အရှေ့တောင်အာရှ မှ ဗီဒီယို နှင့် ဓာတ်ပုံများကို စနစ်တကျ ထိန်းသိမ်းသည့် ဌာနတခု လည်း ရှိနေသည်။
ဆမ် ကလျာဏီ အား ပီဆမ် ဟု လူသိများ၏။ သူသည် ဓာတ်ပုံ ဗီဒီယို များ၏ အရေးပါမှုကို နက်နက် ရှိုင်းရှိုင်း သိနားလည်သူဖြစ် သည့်အလျောက် သူ၏ ImagesAsiaသည် ဓာတ်ပုံ ဗီဒီယိုများအား သမိုင်းအဖြစ် ဖန်တီး ကူးပြောင်း နိုင်ခဲ့သည်။ ဒုက္ခသည်များ၊ABSDSကျောင်းသားများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ ထောင်သောင်း ချီသော ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများ၊ တွေ့ဆုံ မေးမြန်းမှုများကို ထိန်းသိမ်းသိုမှီး ထားခဲ့ရာ ထိုအရာများသည် မျက်မှောက် မြန်မာ့ နိုင်ငံရေး၏ ထူးခြားသော အခန်းကဏ္ဍတွင် ပါဝင်လာသည်။
ဆမ်သည် ထိုင်း-မြန်မာ နယ်စပ်တွင်သာမက ရှမ်း၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အနောက်ပိုင်း နာဂ ဒေသများသို့ အမှန်တရား ကို ရှာဖွေသူအဖြစ်လည်းကောင်း၊ မျက်မြင်သက်သေ တဦးအနေဖြင့် လည်းကောင်း စစ်ရေး ပဋိပက္ခများဖြင့် ဒုက္ခကြုံနေသော တိုင်းရင်းသားများ အရေးအတွက် မဆုပ်မနစ် တိုက်ပွဲဝင် လှုပ်ရှား ခဲ့သည်။
ABSDS ကျောင်းသားများကမူ သူ့ကို အစ်ကိုကြီး တဦးအနေဖြင့် သဘောထားခဲ့ကြသည်။
မကြာသေးမီက ဆမ်သည် ABSDF၏ အစ ကနဦး ကာလများက မှတ်တမ်း အဖြူအမည်း ဓာတ်ပုံများကို သူ၏ facebook ပေါ်သို့ တင်ထား လိုက်သည်။
ထိုင်းနိုင်ငံတွင်းကျန်ရှိသည့်ABSDFခေါင်းဆောင်များနှင့် ကမ္ဘာ့နိုင်ငံအနှံ့ ရောက်ရှိနေသော ခေါင်းဆောင်များ၊ အဖွဲ့ဝင်များက ဆမ် ၏ facebookပေါ်မှ သူတို့ ၏ အနှစ် ၂၀ က ဓာတ်ပုံများကို ကြည့်၍ တိတဆိတ် မျက်ရည်ကျသူများပင်ရှိသည်ဟု သိရသည်။
“ဒီဓာတ်ပုံတွေကိုအင်တာနက်မှာတင်ရတာဟာABSDFကျောင်းသားတွေရဲ့ အတိတ်က ခက်ခဲကြမ်းတမ်းတဲ့ ဘ၀၊ သူတို့ရဲ့ တိုင်းပြည်အတွက် စွန့်စားမှုနဲ့ သူရ သတ္တိကို သိစေချင်လို့ပါ”ဟု ဆမ်က သူ၏ facebook တွင် မှတ်တမ်း ရေးခဲ့သည်။
ဆမ်သည် မြန်မာပြည် လူမျိုးရေး ပဋိပက္ခ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် မြန်မာ့ ယဉ်ကျေးမှုများကို ကောင်းမွန်စွာ နားလည် သူဖြစ်သည်။
သူ၏ ထူးခြားချက်မှာ သူသိထားသော မြန်မာပြည်နှင့် ပတ်သက်သမျှကို လေးလေးနက်နက် လေ့လာလိုသူများအား ပြန်လည် မျှဝေ ပေးခြင်းဖြစ်သည်။
မြန်မာပြည် အကြောင်းကို အချိန်တိုအတွင်း သိရှိလိုသည်ဟု တစုံတဦးက ဆိုလိုက်ပါက ဆမ်သည် တချက် မဲ့ပြုံး ပြုံးလိုက်ပြီး သူ့လည်ပင်း၌ အမြဲပတ်ထားသည့် ကွက်စိပ် မာဖလာ လည်ပတ် အစဖြင့် မျက်နှာကို သုတ်လိုက်သည်။ မြန်မာပြည်၏ ဒုက္ခ သုက္ခ များအား အမှန်တကယ် သိနားလည်လိုသူများကိုမူ အဆက်အသွယ်များ၊ အကူအညီများ ၊ လမ်းညွှန်မှုများ ပေးသည်။
“ဆမ်သည် ကရုဏာ ရှိသူဖြစ်ပြီး လောက အရေးကို ဆောင်ရွက်သည့် သတင်းစာ ဆရာလည်းဖြစ်သည်။ သူသည် ရက်ရောပြီး ဂုဏ်ယူစရာ ကောင်းသည့် မိတ်ဆွေလည်း ဖြစ်သည်။ လွတ်လပ်စွာ ရှင်သန်သူ တဦးလည်းဖြစ်ပြီး လူအများ၏ တန်ဖိုးထားရသည့် မိတ်ဆွေ တဦးလည်းဖြစ်ပေသည်”ဟု နာမည်ကြီး ဗြိတိသျှ စာရေး ဆရာ AndrewMarshall က မှတ်ချက် ပေးသည်။

Geen opmerkingen: