မေကျော် / ၈ ဒီဇင်ဘာ ၂၀၀၉
ရန်ကုန်မြို့တော်တွင်း စုပုံနေသည့် ကြွပ်ကြွပ်အိတ် အမှိုက်များကို လာမည့် (၄) လအတွင်း ရှင်းလင်းနိုင်မည့် နည်းလမ်းရှာရန် ပလတ်စတစ် လုပ်ငန်းရှင်များကို စစ်အစိုးရက ညွှန်ကြားလိုက်သည်။
ထုတ်လုပ်မှု ရပ်ဆိုင်းခံရသည့် ကြွပ်ကြွပ်အိတ် ထုတ်လုပ်ရေးလုပ်ငန်းများကို စောင့်ကြည့်ကာလ နောက်ထပ် (၄) လ ထုတ်လုပ်ခွင့်ပြုလိုက်ပြီး ယင်းကာလအတွင်း ကြွပ်ကြွပ်အိတ်များကို ပြန်လည်သိမ်းဆည်းနိုင်ပါက ဆက်လက် ထုတ်လုပ်ခွင့်ပြုမည်ဖြစ်သည်။
“ဒီလေးလအတွင်း ကြွပ်ကြွပ်အိတ်အမှိုက်တွေကို ဘယ်လို ရှင်းပေးနိုင်မလဲဆိုတဲ့ အဖြေပေါ်မူတည်ပြီး ပြန်ထုတ်ခွင့် ပေးမယ်ပြောတယ်။ အခု ပလတ်စတစ် ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေ ပေါင်းပြီး ကြွပ်ကြွပ်အိတ်တွေကို ဘယ်လို ပြန်ပြီး ဖျက်ဆီးနိုင်မလဲဆိုတာ နည်းလမ်းရှာနေပါတယ်” ဟု ရန်ကုန်တိုင်း စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီဝင်တဦးက ပြောကြားသည်။
ကြွပ်ကြွပ်အိတ်များကို ဆွေးမြည့်လွယ်စေမည့် ဓာတုပစ္စည်းထည့်ပြီး ထုတ်လုပ်ခြင်း အပါအ၀င် ရီဆိုက်ကယ် (ပြန်လည် အသုံးပြုနိုင်မည့်) စက်ရုံများ တည်ထောင်နိုင်ရေးတို့အတွက် လေ့လာနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆွေးမြည့်ရန် ခက်ခဲသည့် ကြွပ်ကြွပ်အိတ်များကြောင့် မိုးတွင်းကာလ ရေမြောင်းပိတ်ဆို့ပြီး ရေလျှံမှုများ ဖြစ်ပေါ်ခြင်းအပြင် ပလတ်စတစ်အမှိုက်များ မြို့တော်တွင်း ပမာဏများစွာ စုပုံလာခြင်းကို ဖြေရှင်းသည့်အနေဖြင့် မန္တလေးစည်ပင်က မြို့တော်တွင်း ကြွပ်ကြွပ်အိတ် သုံးစွဲမှုကို ပိတ်ပင်ပြီး ရန်ကုန်စည်ပင်က ကြွပ်ကြွပ်အိတ် ထုတ်လုပ်မှုကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ပလတ်စတစ် ထုတ်လုပ်ရေးလုပ်ငန်း၏ အကျိုးအမြတ် (၅၀) ရာခိုင်နှုန်းမှာ ကြွပ်ကြွပ်အိတ်ထုတ်လုပ်ခြင်းမှ ရရှိနေခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် ပြန်လည်ထုတ်လုပ်ခွင့်ရရေးအတွက် နည်းလမ်းရှာနေကြခြင်းဖြစ်သည်။
ရန်ကုန်နှင့် မန္တလေးမြို့တော်တွင်း အမှိုက်သိမ်းစနစ် ချို့ယွင်းချက်ကြောင့် ရေမြောင်းများပိတ်ဆို့ပြီး နှစ်စဉ် မိုးတွင်းကာလတွင် မြို့တော်တွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကာ ယမန်နှစ်က နိုင်ငံအ၀ှမ်း ၀မ်းရောဂါများ ဖြစ်ပွားခဲ့သည်။
ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင်အဖွဲ့များကမူ ပလတ်စတစ် လျှော့ချထုတ်လုပ်မှုကို ကြိုဆိုသော်လည်း လုပ်ငန်းရှင်များ အနေဖြင့် အမှိုက်သိမ်းရမည် ဆိုသည်ကိုမှု လက်မခံနိုင်ကြောင်း၊ ယင်းကိစ္စမှာ စည်ပင်သာယာက လုပ်ဆောင်ရမည့် တာဝန်ဖြစ်ကြောင်း ပြောကြားသည်။
စစ်အစိုးရက နိုင်ငံခြားငွေ ချွေတာရေးအတွက် သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းအဖြစ် ပလတ်စတစ် ထုတ်လုပ်ရေး လုပ်ငန်းများကို ၁၉၉၀ ပြည်နှစ်ခန့်က စတင်လုပ်ဆောင်ခွင့်ပေးခဲ့သော်လည်း ယမန်နှစ်၌ ပြည်တွင်း ပလတ်စတစ် ထုတ်လုပ်မှုအတွက် ပြည်ပမှ ကော်စေ့တန်ချိန် (၉) သောင်း၊ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကျော်ဖိုး တင်သွင်းခဲ့ရသည်။
Geen opmerkingen:
Een reactie posten