မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 13 december 2009

ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင်ကောက်ယူ

မျိုးဝင်းဇော်/ ၁၁ ဒီဇင်ဘာ ၂၀၀၉

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့တွင် လာမည့် ရွေးကောက်ပွဲအတွက် အသက် (၁၈) နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်စာရင်းများ စတင်ကောက်ခံနေပြီဖြစ်ကြောင်း မြို့ခံများက ပြောသည်။
“ကျနော်တို့ဆီမှာ ရာအိမ်မှူးတွေက အိမ်တွေကို လိုက်ပြီး နှိုးဆော်တယ်။ လူတိုင်း ကိုယ့်အိမ်ထောင်စုစာရင်း ပုံစံစာရွက်ယူပြီး ရပ်ကွက်ရုံးမှာ စာရင်းသွားပေးကြပါလို့ ဆိုတယ်။ အဲဒါ အိမ်ထောင်စုစာရင်း ကိုင်ပြီးသွားတော့ အသက် (၁၈) နှစ်ပြည့်ပြီးသူတွေ စာရင်းကို ယူတယ်။ နောက် အဖေ၊ အမေ နာမည်တွေ ပေးရတယ်။ ဘာလုပ်ဖို့ ဒီစာရင်းကောက်တာလဲ မေးတော့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အသက် (၁၈) ပြည့်ပြီးတဲ့ မဲဆန္ဒပေးနိုင်သူ စာရင်းကောက်နေတာလို့ ပြောတယ်” ဟု လှိုင်မြို့နယ်
(၇) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။
အလားတူ တောင်ဒဂုံတွင် နေထိုင်သူတဦးက ၎င်းတို့ ရပ်ကွက်တွင် ရအဖနှင့်ရာအိမ်မှူးများ တအိမ်တက်ဆင်း စာရင်းကောက်ပြီး အိမ်ထောင်စုစာရင်းတောင်းကြည့်ကာ အသက် (၁၈) နှစ်ပြည့်ပြီးသူတို့၏ အမည်၊ မိဘအမည် စသဖြင့် စာရင်းယူကြောင်း ပြောသည်။
၎င်းက “လူဦးရေ အိမ်ထောင်စုစာရင်းကောက်တာ လဝက အလုပ် မဟုတ်ဘူးလား၊ ခင်ဗျားတို့က ဘာကြောင့် လာကောက်တာလဲလို့ မေးတော့ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူစာရင်း ပြုစုနေတာလို့ ပြောတယ်” ဟု ဆိုသည်။
နအဖစစ်အစိုးရ၏ အဆင့်ဆင့် ညွှန်ကြားချက်များအောက်တွင် ယခုကဲ့သို့ ရပ်ကွက်အချို့အတွင်း စာရင်းကောက်သော်လည်း အချို့ရပ်ကွက်များတွင်မူ မကောက်သေးကြောင်း စုံစမ်းသိရသည်။
အလားတူ ၈၈ မျိုးဆက်ကျောင်းသား ပြည်ထောင်စုမြန်မာနိုင်ငံအဖွဲ့မှ ဦးအေးလွင်ကလည်း လှိုင်မြို့နယ် (၅) ရပ်ကွက်ဘက်တွင် ရပ်ကွက်နေသူများကို ၎င်းတို့ဖွဲ့မည့် ပါတီထဲဝင်ရန် စည်းရုံးမှုများ ရှိနေပြီး မကြာခင် တရားဝင် စည်းရုံးရေးပွဲများ ကျင်းပပြုလုပ်မည်ဟု ပြောဆိုနေကြောင်း ရပ်ကွက်နေသူများက ပြောသည်။
နအဖစစ်အစိုးရသည် ယခုကဲ့သို့ အောက်ခြေ လူစာရင်း ပြုစုခိုင်းခြင်းတို့ လုပ်နေသော်လည်း နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ဆိုင်ရာ၊ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ဥပဒေများကိုမူ တရားဝင် ထုတ်ပြန်ခြင်း မပြုလုပ်သေးပေ။
ယခုကိစ္စ ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာတဦးက နအဖစစ်အစိုးရသည် ပြီးခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒပေးပွဲတုန်းကဲ့သို့ လုပ်လာခြင်းဖြစ်ကြောင်း၊ အဆိုပါအချိန်က ဆန္ဒမဲပေးပွဲ အဆင့်ဆင့်တွင် မည်သူကိုမှ ပါဝင်ခွင့် မပြုဘဲ ၎င်းတို့အာဏာပိုင် အဆင့်ဆင့်ကသာ လုပ်ချင်သလို လုပ်သွားခဲ့ကြောင်း ပြောသည်။
၎င်းက “ကုန်ကုန်ပြောရရင် တိုင်းနယ်ပြည်နယ်အလိုက် မဲစာရင်း၊ မြို့နယ် တမြို့နယ်ခြင်း၊ ရပ်ကွက်တခုခြင်း၊ မဲရုံတခုခြင်း ဆန္ဒမဲ အရေအတွက်တွေကိုတောင် လုံးဝ ထုတ်ဖော်ခြင်း မပြုခဲ့ဘူး။ အခုလည်း ၂ဝဝ၈ က လုပ်ခဲ့သလို သူ့သဘောနဲ့သူ ထင်ရာစိုင်း လုပ်မယ့် အရိပ်လက္ခဏာမျိုး ဖြစ်တယ်” ဟု ဝေဖန်ပြောဆိုသည်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုနေသော်လည်း ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပေးပါ့မည်၊ ယင်းအတွက် ပြင်ဆင်မှုများ လုပ်နေပါသည်ဆိုသည့် ကတိမျိုး ပေးခြင်း လုံးဝ မရှိသကဲ့သို့ ပြည်သူအများစုကလည်း လာမည့်ရွေးကောက်ပွဲသည် စစ်အစိုးရက ထင်ရာလုပ်ပြီး ၎င်းတို့ကိုယ်တိုင် ပုံစံတမျိုးဖြင့် ဆက်အုပ်ချုပ်သွားရန် လုပ်ကိုင်နေခြင်းသာဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြောဆိုနေကြသည်။

Geen opmerkingen: