မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 22 december 2009

မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးဖွင့်ပွဲ ဒေသခံများကို အတင်းအကျပ် တက်ခိုင်း

  

ခိုင်လင်း/ ၂၂ ဒီဇင်ဘာ ၂၀၀၉

ဧရာဝတီမြစ်ဆုံရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းဖွင့်ပွဲကို ယမန်နေ့က မြစ်ကြီးနားမြို့နယ်၊ လုံဂါဇွပ် ကျေးရွာအနီးတွင် ပြုလုပ်ခဲ့ရာ ရွှေ့ပြောင်းရမည့် ကျေးရွာမှ တရွာလျှင် လူ (၅ဝ) နှုန်းဖြင့် အတင်းအကျပ် တက်ရောက်ခိုင်း ခဲ့သည်။
မြစ်ကြီးနားမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (မယက) က ညွှန်ကြားချက်ထုတ်ပြန်ပြီး မြစ်ကြီးနားမြို့အထက်ပိုင်း အူဗျစ်၊ အာလန်၊ ဒွန်ဂမ်၊ ကျိန်ခရမ်၊ တန်ဖဲ၊ လုံဂါဇွပ် စသည့်ကျေးရွာတို့မှ ရွာလူကြီးများကို တရွာလျှင် လူ (၅ဝ) ဦးနှုန်းဖြင့် တက်ရောက်ခိုင်းခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။
၎င်းက “တအိမ်တယောက်နှုန်းခေါ်တာ မဟုတ်ဘူး။ တရွာကို လူ (၅ဝ) ဆိုပြီး သတ်မှတ်ထားတာ။ တချို့အိမ်ကျတော့ (၂) ယောက် ဖြစ်သွားတာပေါ့။ လုံဂါဇွပ်ဆို အိမ်ခြေ (၃၉) အိမ်ပဲရှိတယ်။ တန်ဖဲကနေ အောက်ကို (၈) မိုင်လောက် ဝေးသေးတယ်။ မြစ်ကြီးနားကနေ မိုင် (၂ဝ) ကျော်လောက် ဝေးတယ်။ ဒွမ်ဂန်တို့၊ ကျိန်ခရန်တို့ကနေ အဲဒီကို (၁) နာရီလောက် လမ်းလျှောက် သွားရတယ်။ တချို့က ဆိုင်ကယ်တို့၊ ထော်လာဂျီတို့နဲ့ သွားရတယ်။ မနက် (၇) နာရီလောက်ကတည်းက သွားရတာ။ (၁ဝ) နာရီမှ အစည်းဝေးပွဲလုပ်တာ” ဟု ပြောသည်။
အဆိုပါ ဖွင့်ပွဲတက်ရောက်သူများသည် တိုင်းရင်းသားရိုးရာဝတ်စုံများဖြင့် တက်ရောက်ခဲ့ကြရပြီး ပျက်ကွက်ပါက လူနေအိမ်များနှင့် ဥယျာဉ်ခြံများ အသိမ်းခံမှုအတွက် ဆောက်လုပ်ရေးကုမ္ပဏီက ပေးလျော်ရန်ရှိသည့် ငွေများကို လျော်ပေးမည်မဟုတ်ကြောင်း မြစ်ကြီးနား မယကက ပြောထားသဖြင့် စိတ်မပါသော်လည်း တက်ရောက်ခဲ့ကြရသည်ဟု အဆိုပါဒေသခံက ပြောသည်။
၎င်းက “လူတွေက အဲဒီရေကာတာကြောင့်မို့ အခြေကျနေတဲ့ နေရာကနေ ရွှေ့ပြောင်းရမှာဆိုတော့ စိတ်မကောင်းဖြစ်နေကြ တာ။ အဲလိုအချိန်မှာ အဲဒီရေကာတာဆောက်လုပ်ဖို့ ဖွင့်ပွဲ တက်ရောက်ခိုင်းတယ်ဆိုတော့ စိတ်ထိခိုက်၊ ဝမ်းနည်းနေကြတာ ပေါ့ဗျာ” ဟု ပြောသည်။
ဖွင့်ပွဲသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်၊ အမှတ် (၁) လျှပ်စစ်စွမ်အားဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံအရာရှိများနှင့် ရေကာတာဆောက်လုပ်ရေးတာဝန်ယူထားသည့် အေရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်နိုင်ငံ လျှပ်စစ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) တို့မှ အရာရှိများ တက်ရောက်ခဲ့သည်။
ဧရာဝတီမြစ်ဆုံသည် ဧရာဝတီမြစ်၏ ပင်မမြစ်ဖျားခံရာ မေခနှင့် မလိခမြစ်ပေါင်းဆုံရာဒေသဖြစ်ပြီး ကျောက်ဆောင်များ၊ သဘာဝရှုခင်းများကြောင့် အလည်အပတ်ခရီးသွားဧည့်သည်များအတွက် အပန်းဖြေ အနားယူရာလည်းဖြစ်သည့်အတွက် ဒေသခံကချင်လူထုအတွက် ဂုဏ်ယူဖွယ်ရာဒေသအဖြစ် တန်ဖိုးထားကြသည်။
ယခုမြစ်ဆုံရေကာစီမံကိန်းမှ ရေအားလျှပ်စစ် မီဂါဝပ် (၃,၆ဝဝ) ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ပြီး ထွက်ရှိလာသည့် လျှပ်စစ် အများစုကို တရုတ်ပြည်သို့ တင်ပို့ရောင်းချသွားမည်လည်း ဖြစ်သည်။
အဆိုပါ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှု၊ ကျေးရွာနှင် ဥယျာဉ်ခြံမြေများ ပျက်စီးမှု၊ လူနေအိမ်များ ရွှေ့ပြောင်းရမှု၊ ရေကာတာကျိုးပေါက်မည့် ဘေးအန္တရာယ်များ ကြုံတွေ့လာနိုင်မှု စသည့်အချက်များကြောင့် ကချင်ပြည် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့၊ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် ဒေသခံတို့က မကြာခဏဆိုသလို မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး ပိုစတာကပ်ခြင်း၊ နံရံတွင် မှုတ်ဆေးဖြင့် ကန့်ကွက်စာရေးခြင်း၊ လက်မှတ်ရေးထိုး တောင်းဆိုခြင်းများ ပြုလုပ်နေသည်။
ယမန်နေ့ကလည်း ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ကဦးဆောင်ပြီး “မြစ်ဆုံရေကာတာ အလိုမရှိ၊ အေရှားဝေါလ်၊ စီပီအိုင် အလိုမရှိ” ဆိုပြီး မြစ်ကြီးနားမြို့အတွင်းနှင့် နေရာရွှေ့ပြောင်းရမည့် ကျေးရွာများတွင် စာများကပ်ကာ ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့သည်။

Geen opmerkingen: