မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 3 december 2009

နာဂအဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်

    

နှစ်သစ်ကူးပွဲတော်တခုတွင် တွေ့ရသော နာဂ ကလေးငယ်များ (ဓာတ်ပုံ - saila110)
Thursday, 03 December 2009 19:43 ဇာနည်မာန်
.အိန္ဒိယ မြန်မာနယ်စပ် အခြေစိုက် နာဂ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NNLD) က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် စစ်အစိုးရကို တောင်းဆိုလိုက်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲပြုလုပ်မည့် အစီအစဉ်ကို ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။

စစ်အစိုးရစိတ်ကြိုက် တဖက်သတ် ရေးဆွဲ အတည်ပြုထားသည့် အခြေခံဥပဒေကို အမှီပြု၍ ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အထောက်အပံ့ ပေးမည်သာ ဖြစ်ကြောင်း NNLD က ဆိုသည်။
“၂ဝဝ၈ မှာ လုပ်ခဲ့တဲ့ အခြေခံဥပဒေ ထောက်ခံတဲ့ ဆန္ဒခံယူပွဲဟာ ပြည်သူတွေရဲ့ ဆန္ဒကို ခံယူတာ မဟုတ်ဘဲ အတင်းအဓမ္မ သဘောမတူလည်း တူရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ခဲ့တာ။ ထပ်ပြီးတော့ ဒါကို အခြေခံပြီးတော့ ပြုလုပ်မယ် ဆိုတဲ့ ရွေးကောက်ပွဲဟာ အမှန်ဖြစ်လာဖို့က မယုံကြည်တဲ့အတွက် ကျနော်တို့က လုံးဝ အဲ့ဒါ ကန့်ကွက်တယ်” ဟု NNLD ဥက္ကဋ္ဌ ဦးစောဆက ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရ၊ ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား အင်အားစုများ သုံးပွင့်ဆိုင် ဆွေးနွေးပြီး အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်သုံးသပ်ရန် လိုအပ်သည်ဟု သူကဆိုသည်။
“ဒီသုံးပွင့်ဆိုင်ကနေ စပြီးတော့ နိုင်ငံရေးဆွေးနွေးမယ်၊ ပြီးတော့ အခြေခံ ဥပဒေဟာ ပြန်ပြီးတော့ ရေးဆွဲရမယ်။ အခု စစ်တပ်က သူကြိုက်တဲ့ ပုံစံ၊ တဦးတည်း တယောက်တည်းက ဆွဲထားတဲ့ အခြေခံ ဥပဒေ ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။
NNLD သည် ၁၉၈၉ ခုနှစ်မှ စတင်ပြီး အိန္ဒိယမြန်မာနယ်စပ်တွင် လှုပ်ရှားနေသော အဖွဲ့ ဖြစ်သည်။ ယနေ့ NNLD က ထုတ်ပြန်သော ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကြေညာချက်တွင် နာဂတောင်တန်းဒေသကို နာဂပြည်နယ်အဖြစ် သတ်မှတ်လိုသည်ဟုလည်း ဖော်ပြထားသည်။
နာဂပြည်နယ်အဖြစ် ၎င်းတို့ သတ်မှတ်လိုသည့် ဒေသတွင် စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းဒေသရှိ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ လေရှီး၊ ခန္တီး၊ လဟယ်၊ နန်းယွန်း စသည့် မြို့နယ်များနှင့် ကချင်ပြည်နယ်အတွင်းရှိ တနိုင်းမြို့နယ်တို့ ပါဝင်သည်။ ထိုမြို့နယ်များသည် နာဂတောင်တန်းဒေသတွင် တည်ရှိသည်။
ယခုအခါ အာဏာပိုင်တို့က နာဂတိုင်းရင်းသားများ နေထိုင်ကြရာ ထိုဒေသများတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မက်လုံးပေး စည်းရုံးနေသည် ဟုလည်း သူက ဆိုသည်။ ထိုဒေသတွင် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူ ဒေသခံများကိုလည်း သူက အပြစ်တင်လိုက်သည်။
“ဒီလူတွေဟာ နိုင်ငံရေးမှာ နာဂပြည်သူတွေကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ သူတို့ဟာ သမိုင်းတရားခံတွေပဲလို့ ကျနော်တို့က ဒီလိုပဲ ပြောဖို့ရှိတယ်” ဟု သူက ပြောသည်။
နာဂပြည်သူများ နေထိုင်ရာ ဒေသမှာ လမ်းပန်း ဆက်သွယ်ရေး ညံ့ဖျင်းမှုကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဖွံ့ဖြိုးမှု နှောင့်နှေးနေသည်။
နယ်မြေခံ စစ်တပ်များက လုပ်အားပေး စေခိုင်းခြင်း၊ လယ်ယာမြေများ သိမ်းယူခြင်း၊ ရွာများ ရွှေ့ပြောင်းခြင်းများ စသည့် သတင်းများလည်း ထိုဒေသမှ မကြာခဏ ထွက်ပေါ်လာတတ်သည်။

Geen opmerkingen: