မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 8 december 2009

ဘိုကလေးမြို့ ကျေးရွာ (၂) ရွာ၌ အန်အယ်လ်ဒီ အ၀ီစိတွင်း တူးဖော်လှူဒါန်းမည်

 အောင်ထက်/ ၈ ဒီဇင်ဘာ ၂၀၀၉

နာဂစ်လေမုန်တိုင်း ကျရောက်ခဲ့သည့် မြစ်ဝကျွန်းပေါ်ဒေသ ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာ (၂) ရွာတွင် အ၀ီစိတွင်း
(၂) တွင်းကို လာမည့် ဒီဇင်ဘာ (၁၅) ရက်၌ စတင်တူးဖော်မည်ဖြစ်ကြောင်း အန်အယ်လ်ဒီ နာဂစ်လေဘေးကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောကြားသည်။
အ၀ီစိတွင်းများကို ရေရှည်ထိန်းသိမ်းနိုင်မည့် ကျေးရွာအပေါ် သြဇာညောင်းသော ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ထားရှိမည်ဖြစ်ပြီး စက်စု-စက်ဆန်းဒိုင်နယ်အနီး ကျုံကဒွန်းချောင်းနံဘေး ကနီကြီးကျေးရွာနှင့် အထက်ဖိုးညို ကျေးရွာတို့တွင် တူးဖော်မည်ဖြစ်သည်။
ဘိုကလေးမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ချစ်၊ ဦးအောင်မြင့်တို့က ဒေသတွင်း သောက်သုံးရေ တူးဖော်သင့်သည့် နေရာတို့ကို ကွင်းဆင်းလေ့လာကာ အန်အယ်လ်ဒီ နာဂစ်ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် အထက်ပါ အ၀ီစိတွင်းများ တူးဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
“လက်ရှိ ရန်ပုံငွေကို တွက်ကြည့်တော့ နောက်ထပ် သောက်ရေတွင်းတွေ ထပ်တူးဖို့ လုံလောက်နေတာ တွေ့ရတယ်။ ဒါကို အလှူရှင် အရောက်အပေါက်နည်းတဲ့ ဒေသတွေရယ်၊ ကျေးရွာလူထု သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ရယ် ခုလို ကွင်းဆင်းတူးဖော်ခြင်းဖြစ်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။
“ခရီးစဉ်တလျှောက် အာဏာပိုင်တွေရဲ့ ကန့်သတ်တားမြစ်မှုတွေ မရှိပါဘူး။ ဒါပေမယ့် အန်ဂျီအို အပါအ၀င် ဒေသအာဏာပိုင်တချို့ရဲ့ အကျင့်ပျက် ခြစားမှု၊ ယိုဖိတ်မှု သတင်းတွေ အများကြီး သိခဲ့ရပါတယ်။ ဒါကြောင့် အောက်ခြေကို တကယ် ဆင်းကြည့်ကြပါ။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ အများကြီး လုပ်ရပါဦးမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရေတွင်းများကို ပေ (၆၀၀) အနက်ထိ တူးမည်ဖြစ်ပြီး ရေကြည်မထွက်ပါက လိုအပ်သည့် ပေအနက်ကို အခမဲ့ ထပ်တူးပေးမည်ဟု တွင်းသမားများက အာမခံကြောင်း၊ တွင်းတူးခမှာ တတွင်းကို (၁၀) သိန်းဖြင့် စာချုပ်ထားပြီး ကန်မကြီး၊ ရေစစ်ကန်၊ အမိုး၊ ကြမ်းပြင်၊ ရေစုပ်စက်၊ အင်ဂျင်အပါအ၀င် ကျပ် (၂၀ - ၂၂ ) သိန်း ကုန်ကျမည်ဖြစ်သည်။
အဆိုပါဒေသမှ တွင်းရေတို့တွင် သံဓာတ် အနည်းငယ်ပါတတ်ပြီး အာဇင်းနစ် လုံးဝကင်းမဲ့နေသည်မှာ ဒေသ၏ အားသာချက်ဖြစ်နေသည်ဟု တွင်းသမားများက ပြောသည်။
ယခု အ၀ီစိတွင်း (၂) တွင်း တူးဖော်ပြီးပါက ဘိုကလေးမြို့မှ တနေ့ခရီး ကဒုံကနိ အောက်ဘက် ပင်လယ်ပိုင်း၌ အ၀ီစိတွင်း
(၂) တွင်း ထပ်မံတူးဖော်ရန် အစီအစဉ်ရှိသည်ဟုလည်း သိရသည်။
၂၀၀၈ ခုနှစ် နာဂစ်အလွန်၌ အန်အယ်လ်ဒီ နာဂစ်လေဘေးကော်မတီသည် ဘိုကလေးမြို့ ကမ္မကလူအောက်ဘက်၊ ပေါင်းတည်ကျေးရွာ အုပ်စုရှိ ရွာသစ်ကျေးရွာနှင့် ပတ္တမြားကုန်းကျေးရွာတို့တွင် တုံကင်လက်ရိုက် အ၀ီစိတွင်း (၂) တွင်း တူးဖော်ခဲ့ပြီး လပွတ္တာမြို့နယ်အတွင်းရှိ ရေကန်ပေါင်း (၁၀၀) ကျော်အား သန့်ရှင်းရေးပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။

Geen opmerkingen: