မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 16 december 2009

လွယ်ဂျယ်နယ်စပ်ဂိတ်က ငွေကြေးပိုမိုတောင်းယူ

ပေါက်ပေါက်/ ၁၆ ဒီဇင်ဘာ ၂၀၀၉

တရုတ်-မြန်မာနယ်စပ်၊ ကချင်ပြည်နယ်ရှိ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်း (နကသ) ဂိတ်နှင့် ဌာနဆိုင်ရာ စုပေါင်းဂိတ်က တပိုင်တနိုင် တရုတ်ကုန်ပစ္စည်းသယ်ယူနေမှုအပေါ် ငွေကြေးပိုမိုကောက်နေ၍ ကားသမားနှင့် ကုန်သည်များ ထိခိုက်နစ်နာကာ မကျေမနပ် ဖြစ်နေကြသည်။
ဒီဇင်ဘာ (၁) ရက်က လွယ်ဂျယ် နကသစခန်းသို့ ပြောင်းရွှေ့လာသည့် နကသဝန်ထမ်းများက ယခင် ဝန်ထမ်းများထက် ပိုမိုဆိုးဝါးစွာငွေကောက်ခံနေကြောင်း ဗန်းမော်ကားသမားတဦးက ပြောသည်။
၎င်းက “အဲဒီစခန်းမှာ နကသဝန်ထမ်းတွေ၊ အကောက်ခွန်တွေ၊ ရဲတွေ ထိုင်တယ်။ (၄) လတကြိမ် လူလဲတယ်။ အခုလဲလာတဲ့ သူတွေက ကားတစီးကို အနည်းဆုံး (၅ဝ,ဝဝဝ) လောက်ပေးမှ ရတယ်။ အရင်က (၁ဝ,ဝဝဝ) လောက်ပဲ ပေးနေရတာ။ ဘယ်လိုမှ ပြောလို့၊ ဆိုလို့မရဘူး။ မပေးချင်ရင် မတင်နဲ့ဆိုပြီး မောက်မောက်မာမာ ပြောနေတာ။ ပြီးတော့ လွယ်ဂျယ်ကနေ ဗန်းမော်အထွက် ဝင်းခန်းဂိတ်ဆိုတဲ့နေရာက (၃ဝ,ဝဝဝ) ပေးရတယ်။ သူကတော့ ဗန်းမော်ကတက်လာတဲ့ ဌာနဆိုင်ရာ စုပေါင်းဂိတ်။ အဲဒီကလည်း လျှော့ယူခိုင်းလို့ကို မရဘူး” ဟု ပြောသည်။
လွယ်ဂျယ်-ဗန်းမော်ကားလိုင်းတွင် ပြေးဆွဲနေသည့် မှန်လုံကား၊ ဟိုင်းလတ်ကားများက ကုန်ပစ္စည်းပါမှသာ အမြတ်ကျန်နိုင်သည့်အတွက် ခရီးသည်နှင့်ကုန်များကိုပါ တင်ဆောင်နေကြပြီး တရုတ်ပစ္စည်းများကို ဂိတ်များတွင် ငွေပေးကာ တပိုင်တနိုင် သယ်ယူနေကြခြင်းဖြစ်သည်ဟု အဆိုပါ ကားသမားက ပြောသည်။
၎င်းက “ကုန်သည်ဆီမှာ အရင်သယ်ခအတိုင်း ကိုယ်ကတောင်းလို့ မဖြစ်တော့ဘူးလေ။ လွယ်ဂျယ်နားတင် ငွေက (၈) သောင်းပြုတ်သွားပြီ။ ဗန်းမော်အဝင်ကို ရဲတွေကို ပေးရတာကလည်း ရှိသေးတယ်။ ဆိုတော့ (၁) သိန်းလောက်ကုန်တယ်။ ကိုယ်ရတာကလည်း (၁) သိန်းလောက်ဆိုတော့ ဘာမှမကျန်တော့ဘူး” ဟု ပြောသည်။
ဂိတ်များတွင်ပေးရသည့် ငွေကြေး ပိုလာသည့်အတွက် ကုန်ပစ္စည်း၏ အရင်းတန်ဖိုး မြင့်တက်လာကာ ဈေးတင် ရောင်းချနေရသောကြောင့် အရောင်းအဝယ်ကိုပါ ထိခိုက်နေသည်ဟု ဗန်းမော်ကုန်သည်တဦးက ပြောသည်၊
၎င်းက “စားသုံးသူတွေက ဈေးနှုန်းကို ပုံမှန်လို တွက်ထားတာ။ တက်ရင်လည်း နည်းနည်းပါးပါးဆို လက်ခံတယ်။ ကိုယ်က လမ်းမှာ ပေးရတဲ့စရိတ်တွေ တက်လာ၊ ကိုယ့်ပစ္စည်းကို ဈေးတင်ရောင်းရတော့ ဝယ်မယ့်လူလည်း လက်တွန့်ကုန်တယ်။ အမြတ်နည်းသွားတာပေါ့။ အရင်က (၅၀၀) လောက်ကျန်မယ့်ဟာ အခု (၁၀၀) လောက် ကျန်အောင် မနည်းရောင်းနေရတယ်။ အခုက အရောင်းအဝယ်တွေက အရမ်းပါးနေတာ။ လုပ်ရကိုင်ရ အတော်ကျပ်နေကြတယ်” ဟု ပြောသည်။
တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ် နကသ စခန်းတွင် တရားဝင်ကုန်သွယ်မှုမှာ အနည်းအကျဉ်းသာရှိပြီး မှောင်ခိုကုန်သွယ်မှုသာ အဓိကရှိနေသည်။
ဗန်းမော်ဒေသခံများက လွယ်ဂျယ်မြို့တဖက်ကမ်း၊ တရုတ်ပြည်၊ ကျန်းဖုန်းမြို့မှ တရုတ်ကုန်ပစ္စည်းများကို တပိုင်တနိုင် သယ်ယူကာ ဗန်းမော်မြို့တွင် ရောင်းချနေပြီး ဗန်းမော်မှတဆင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဘက်သို့ ထပ်မံဖြန့်ဖြူးနေကြသည်။

Geen opmerkingen: