မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 16 december 2009

ပါတီခေါင်းဆောင်ပိုင်း ပြန်လည်ဖွဲ့စည်းရန် ဒေါ်အောင်ဆန်းစုကြည်ပြော

   

ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တချို့ (ဓာတ်ပုံ - AP)
Wednesday, 16 December 2009 18:32 ကိုထွေး
.ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) ကို ပြန်လည် ဖွဲ့စည်းရန် အတွက် ပြောကြားလိုက်ကြောင်း သိရသည်။

NLD ခေါင်းဆောင်များ ဖြစ်သည့် အသက် ၉၂ နှစ်ရှိ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အသက် ၈၆ နှစ်ရှိ အတွင်းရေးမှူး ဦးလွင်၊ အသက် ၈၈ နှစ်ရှိ အဖွဲ့ဝင် ဦးလွန်းတင်တို့ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ တွေ့ဆုံစဉ် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ယခု ဆွေးနွေးမှုသည် ၁၉၈၈ ခုနှစ် စက်တင်ဘာတွင် ဖွဲ့စည်းခဲ့သော NLDပါတီ ခေါင်းဆောင်ပိုင်းကို ပြန်လည်ဖွဲ့စည်းရန် အတွက် ပထမဆုံး အကြိမ် အဖြစ် ဆွေးနွေးခြင်းလည်း ဖြစ်သည်။
NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက“CECကို ပြန်လည်ဖွဲ့စည်းဖို့ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် ဆိုတာကို ကျနော်တို့ ခေါင်းဆောင်တွေကနေ သိရပါတယ်၊ ခေါင်းဆောင်တွေကလည်း သဘောတူတယ်လို့ သိရတယ်” ဟု ပြောသည်။
CECကို ပြန်လည် ဖွဲ့စည်းခြင်းသည် လက်ရှိနှင့် အနာဂတ် ပါတီ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို ထိရောက်ရန်အတွက် NLDပါတီဝင်များ၏ တောင်းဆိုချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယနေ့ နံနက် ၁၁နာရီမှ ၁၂ နာရီ အထိ ၁နာရီကြာ ဒေါ်အောင်ဆန်းစုကြည်နှင့် CEC ၃ ဦးတို့သည် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံကြသည်ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေး ရပ်တည်ချက်နဲ့ ဆောင်ရွက်ချက်တွေကို CECက အရင်ကလည်း ထောက်ခံတယ်၊ အမြဲတမ်း လည်း ထောက်ခံသွားမယ် လုပ်စရာရှိတာ လုပ်ပါလို့ အားပေးစကား ပြောခဲ့တယ်၊ အဖွဲ့ချုပ်ရဲ့ အဖွဲ့အစည်းတွေ အားလုံး ပြန်လည် ဖွဲ့စည်းဖို့ လိုတယ်ဆိုတာ ပြောတယ်၊ အသေးစိတ်တော့ မသိဘူး” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLD ဗဟိုအလုပ်အမှုဆောင်များနှင့် အစိုးရဧည့်ဂေဟာတွင် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလက နောက်ဆုံး တွေ့ဆုံခဲ့သည်။
၂၁ နှစ်အတွင်း NLD ပါတီ အနေဖြင့် စစ်အစိုးရ၏ ဖိနှိပ်မှုကြောင့် မျိုးဆက်ပြတ်တောက်ရသည့် ပြဿနာကို ကြုံတွေ့ခဲ့ရပြီး ယခုအခါတွင် CEC အဖွဲ့ဝင် ၁၁ ဦးအနက် ၆ ဦးမှာ ကျန်းမာရေး ချွတ်ယွင်းလျက်ရှိသည်။
ပါတီကို ပြန်လည် ပြင်ဆင်ခွင့် ရှိသည်ဟူသော ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲ ကော်မရှင်၏ထုတ်ပြန်ချက် ၂၄၅ အရ NLD ပါတီသည် CECအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသည့် ထုတ်ပြန်ချက်တစောင်ကို ရွေးကောက်ပွဲ ကျင်းပရေး ကော်မတီနှင့် စစ်အစိုးရသို့ ယခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် ပေးပို့ခဲ့သည်။
ယင်းအသစ် ဖွဲ့စည်းလိုက်သော CEC အဖွဲ့တွင် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သော ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွတို့ ပါဝင်လာသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ CEC ၃ဦး နှင့် တွေ့ဆုံရန် အာဏာပိုင်တို့က စီစဉ် ပေးခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က CEC ၃ ဦးကို ကန်တော့ပြီး သစ်သီး၊ ဆေးနှင့် အားဖြည့် ဖျော်ရည်များကို လက်ဆောင်ပေးကြောင်း ဦးလွင်က သတင်း ထောက်များကို ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယ စာတစောင် ရေးသားပေးပို့၍ ကျန်းမာရေး ချွတ်ယွင်း နေသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ယင်း CEC ၃ ဦးကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပေးရေး တောင်းဆိုထားသည်။
ထို့အပြင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးရေး၊ စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရေး တို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။
သို့သော် ယင်းတွေ့ဆုံခွင့်နှင့် ပတ်သက်၍ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်အတွင်း ယင်း အဖွဲ့နှင့် မတွေ့ဆုံမီ ဦးတင်ဦးကို ချန်လှပ်၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေးခြင်းကို ဒေါ်အောင်ဆန်း စုကြည်က ကျေနပ်မှုမရှိသဖြင့် ငြင်းပယ်ခဲ့သည်။

Geen opmerkingen: