မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 14 december 2009

မြောက်ကိုရီးယား လေယာဉ်ပါ လက်နက်များ ဘန်ကောက်တွင် ဖမ်းမိ

  

Monday, 14 December 2009 18:37 ရန်ပိုင်
.မြောက်ကိုရီးယား လေယာဉ်မှ တရားမ၀င် လက်နက်များအား ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်တွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အီလျူရှင်း ၇၆ အမျိုးအစား ကုန်တင်လေယာဉ်သည် ပြီးခဲ့သည့် စနေနေ့က ဒွန်မောင်းလေဆိပ်သို့ ဆီဖြည့်ရန် ရောက်ရှိစဉ် ထိုင်း အာဏာပိုင်တို့က ရှာဖွေခဲ့ရာ ရော့ကတ်လောင်ချာများ၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးပျံများ အပါအ၀င် လက်နက်စုစုပေါင်း ၃၅ တန်ကို ဖမ်းဆီးရမိခဲ့သည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကာဇက်စတန် နိုင်ငံသား ၄ ဦးနှင့် ဘီလာရုစ် နိုင်ငံသား တဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
လေယာဉ်သည် မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းမှ ပျံသန်းလာခြင်း ဖြစ်ပြီး ဒွန်းမောင်း လေဆိပ်တွင် ဆီဖြည့်ရန် အတွက် ဆင်းသက်ခွင့် တောင်းခံခဲ့သည်ဟု ထိုင်းဘုရင့်လေတပ်မှ ပြောခွင့်ရ ဗိုလ်ကြီး မွန်တယ်ဆူဟိုခွန်က ပြောသည်။
ဒေသတွင်း သတင်းစာများတွင် ၎င်းလေယာဉ်သည် သီရိလင်္ကာ နိုင်ငံ သို့မဟုတ် ပါကစ္စတန် နိုင်ငံသို့ ဆက်လက် ခရီးဆက်လိမ့်မည်ဟု ထင်ကြောင်း၊ မြောက်ကိုရီးယား နိုင်ငံသည် အာရှ၊ အာဖရိကနှင့် လက်တင် အမေရိက နိုင်ငံများသို့ တရားမ၀င် လက်နက် တင်ပို့နေကြောင်း ရေးသားထားသည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူ ၅ ဦးက ဖမ်းမိခဲ့သည့် လက်နက်များနှင့် ၎င်းတို့ မသက်ဆိုင်ကြောင်း ငြင်းဆို ထားသော်လည်း ၎င်းတို့အား အာမခံ မပေးနိုင်ကြောင်း၊ ယနေ့ ရုံးတင်စစ်ဆေးမည် ဖြစ်ကြောင်း ထိုင်းရဲမှူးကြီး Supisarn Pakdinarunart က ပြောသည်။
ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Thani Thongphakdi က ယခုကဲ့သို့ ၀င်ရောက် ရှာဖွေရခြင်းမှာ မြောက်ကိုရီးယား နိုင်ငံအား ကုလသမဂ္ဂမှ လက်နက်တင်ပို့ ရောင်းချခွင့် ပိတ်ပင်ထား သောကြောင့် ဖြစ်ကြောင်း ပြောသည်။
ထိုသို့ ကုလသမဂ္ဂ ပိတ်ပင် အရေးယူခဲ့ရခြင်းမှာ ပြီးခဲ့သည့် ဇွန်လအတွင်း မြောက်ကိုရီးယားက နျူကလီယား စမ်းသပ်ခဲ့မှု၊ တာဝေးပစ် ဒုံးပျံများ စမ်းသပ်ပစ်လွှတ်မှု တို့ကြောင့် ဖြစ်သည်။
တရားမ၀င် လက်နက်ရောင်းဝယ် နေမှုများ ရပ်ဆိုင်းသွားစေရန်၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ၆ နိုင်ငံ နျူကလီယား ဆွေးနွေးပွဲသို့ မြောက်ကိုရီးယား နိုင်ငံ ပြန်လည် ပါဝင်လာစေရန် ဖြစ်သည်။
“ကျနော်တို့ သေသေချာချာ စစ်ဆေးပြီး ကုလသမဂ္ဂ ပိတ်ဆို့ အရေးယူရေး ကော်မတီကို အသေးစိတ် အစီအရင်ခံမယ်” ဟု Thani Thongphakdi က ဆိုသည်။
ယခုဖြစ်ရပ်သည် အမေရိကန် နိုင်ငံနှင့် မြောက်ကိုရီယား နိုင်ငံအကြား ပြုလုပ်နေသည့် နျူကလီးယား ဆွေးနွေးပွဲ ပျက်ပြား သွားနိုင်ကြောင်း လေ့လာ အကဲခတ်သူများက သုံးသပ်သည်။
နျူကလီးယား လက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲသို့ မြောက်ကိုရီးယား အစိုးရ ပြန်လည် တက်ရောက်ရန် အမေရိကန်သမ္မတ အိုဘားမား၏ အထူးကိုယ်စားလှယ် အဖွဲ့ ပြုံယမ်းမြို့သို့ ၃ ရက်ခရီး သွားရောက် ဆွေးနွေးခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ရှိ North Korean Studies တက္ကသိုလ်မှ ပါမောက္ခ Yang Moo-Jin ကလည်း “ဒီဖြစ်ရပ်ကြောင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို မြောက်ကိုရီးယား ပြန်ပြီး တက်ရောက်ရေး ဆောင်ရွက်ချက်တွေနဲ့ အမေရိကန် - မြောက်ကိုရီးယား ဆွေးနွေးမှုတွေကို ဆိုးကျိုးတွေ သက်ရောက်လာမယ့် အလားအလာ ရှိနေပါတယ်” ဟုဆိုသည်။
ဤသို့ဖမ်းဆီးမှုနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များကို အမေရိကန် ပြည်ထောင်စုက သတင်းပေးသည်ဟု ဒေသတွင်း သတင်းစာများက ရေးသားကြ သော်လည်း ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် မိုက်ကယ် တာနာကမူ ဤကိစ္စနှင့် ပတ်သက်၍ တစုံတရာ မှတ်ချက်ပေးခြင်း မရှိပေ။
ထိုင်းအာဏာပိုင်တို့ အနေဖြင့် ဤကိစ္စကို အသေးစိတ် စုံစမ်းစစ်ဆေးပြီးလျှင် ကုလသမဂ္ဂ၊ ဘီလာရုစ်နှင့် ကာဇက်စတန် နိုင်ငံများသို့ အကြောင်း ကြားမည် ဖြစ်ကြောင်း ထိုင်း ဒုတိယ၀န်ကြီးချုပ် Suthep Thaugsuban ကပြောသည်။
“ပြည်သူတွေ အနေနဲ့ ကြောက်လန့်နေဖို့ မလိုပါဘူး၊ လူသိရှင်ကြား စုံစမ်းပြီးတော့ နိုင်ငံတကာကို တရားဝင် သတင်းထုတ်ပြန်ပေးမယ်” ဟု ၎င်းကဆိုသည်။
ယခုအခါ ဖမ်းဆီးရမိခဲ့သည့် လက်နက်များကို စစ်အခြေစိုက် စခန်းဖြစ်သည့် နခွန်စ၀မ်ပြည်နယ်ရှိ စစ်စခန်းသို့ ရွှေးပြောင်းထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ထိုသို့ လက်နက် ရောင်းချခြင်းမှာ စီးပွားရေးကျဆင်းပြီး ငွေကြေး ချွတ်ခြုံကျနေခြင်းကြောင့် ဖြစ်ကြောင်း၊ အီရန်၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများအား ဒုံပျံလက်နက်များနှင့် အစိတ်အပိုင်းများ ရောင်းချခြင်းဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းရာပေါင်းများစွာ ရရှိနေကြောင်း တောင်ကိုရီးယားနိုင်ငံ စစ်ရေး လေ့လာသုံးသပ်မှု ဌာနမှ ဘတ်ဆောင်ဂျိုးက သုံးသပ်သည်။
ပြီးခဲ့သည့် သြဂုတ်လ အတွင်းကလည်း မြောက်ကိုရီးယား နိုင်ငံမှ ဒုံးကျည်များနှင့် တခြားလက်နက်များ တင်ဆောင်လာသည့် ဘဟားမား နိုင်ငံ မှတ်ပုံတင်ထားသည့် ကုန်သဘောင်္တစီးကို ပင်လယ်နီအတွင်း အာရပ်စော်ဘွားများ နိုင်ငံ (UAE) က ဖမ်းဆီးရမိခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက မြန်မာနိုင်ငံ အတွက် တရားမ၀င် လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသော Kang Nam 1 အမည်ရှိ မြောက်ကိုရီးယား ကုန်တင်သဘောင်္သည် အမေရိကန် စစ်သဘောင်္တစီးက နောက်ယောင်ခံ လိုက်လံ စောင့်ကြည့်ခဲ့သည့် အတွက် ၎င်းနိုင်ငံဆိပ်ကမ်း နင်ပိုသို့ ပြန်လည် ခုတ်မောင်းသွားခဲ့ရသည်။

Geen opmerkingen: