မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 21 december 2009

ပဲခူးတိုင်း မတ်ပဲစိုက်ခင်းများ ထက်ဝက်ခန့် အပင်မပေါက်

အောင်ထက်/၂၁ ဒီဇင်ဘာ ၂၀၀၉

မြန်မာနိုင်ငံ၏ မတ်ပဲအများဆုံးထွက်ရှိရာ ပဲခူးတိုင်း အနောက်ခြမ်း မြေလတ်ဒေသများတွင် ယခုနှစ် မိုးနှောင်းမကောင်း သောကြောင့် မတ်ပဲစိုက်ဧရိယာ ထက်ဝက်ခန့် အပင်မပေါက်ကြောင်း သိရသည်။
ထို့အပြင် အပင် အထနှေးခြင်း၊ ပင်စည်အရွက်များ တဖြည်းဖြည်းခြောက်သွေ့ကာ အပင်သေခြင်း စသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ဟု အင်းမမြို့မှ မတ်ပဲစိုက်တောင်သူတို့က ပြောသည်။
“မိုးနှောင်းပြတ်သွားတော့ လယ်တွေ မြေချော်ကုန်တယ်။ မြေစေးမြေတွေဟာ မြေသားပိုကျစ်သွားတယ်။ သဲဆန်မြေတွေကျ အစိုဓာတ် ထိန်းအားနည်းသွားလို့ မတ်ပဲ ပေါက်နှုန်းကျတယ်” ဟု ပဲစိုက်တောင်သူတဦးက ပြောသည်။
နှင်း မမြင်ရသော ယခုကဲ့သို့ ဆောင်းရာသီ၌ အခြားသီးနှံများဖြစ်သော ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ပဲကြီး၊ ဖရဲ စသည့်သီးနှံတို့လည်း ယခင်နှစ်များထက် ဖြစ်ထွန်းအောင်မြင်မှု နည်းနိုင်သည်ဟု ဒေသခံတို့က ခန့်မှန်းကြသည်။
ယခုလက်ရှိ ရာသီဥတုအတိုင်းဆိုပါက လာမည့်ဖေဖော်ဝါရီလလယ်အထိ ဆောင်းရာသီသည် အအေးမပိုနိုင်သောကြောင့် ယခုနှစ် ဆောင်းသီးနှံများ ပျက်စီးဆုံးရှုံးမှု များနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာ ဦးထွန်းလွင်က သုံးသပ်တင်ပြခဲ့သည်။
စပါးဖုံးထွက်ရှိသည့်သီတင်းကျွတ်တွင် မိုးကောင်းပါက လယ်မြေအစိုဓာတ်ရှိနေသဖြင့် မတ်ပဲစိုက်ရန် အကောင်းဆုံးဖြစ်ပြီး တန်ဆောင်မုန်းတွင် ပဲကြဲပက်လေ့ရှိကာ စိုက်ချိန် (၄) လ ကြာမြင့်ပြီး တပေါင်းလကုန်၌ လှိုင်လှိုင်ထွက်ရှိလေ့ရှိဟု နတ္တလင်းတောင်သူများက ပြောသည်။
ပဲခူးတိုင်း အနောက်ခြမ်း တိုင်းခွဲတလျှောက်ရှိ ဒေသအတော်များများ မတ်ပဲ စိုက်ပျိုးကြရာ နတ္တလင်းမြို့သည် မတ်ပဲ အများဆုံး ထွက်ရှိပြီး တဧက (၂၅) တင်းခန့် အနည်းဆုံး ထွက်ရှိပြီး ကြို့ပင်ကောက်မြို့သည် မတ်ပဲ ဒုတိယ အများဆုံးထွက်ရှိကာ တဧက ပျမ်းမျှ (၁၅) တင်းခန့် ထွက်ရှိသည်ဟု သိရသည်။
“မတ်ပဲစိုက်ရတာ ကရိကထ မများဘူး။ ၀န်ကျဉ်းတယ်။ အချိန်တန် ပိုးသတ်ဆေးဖြန်းပေးရုံပဲ။ ဒါကြောင့် မတ်ပဲစိုက် တောင်သူတွေဟာ နွေစပါး ဘယ်မက်လိမ့်မလဲ” ဟု ကြို့ပင်ကောက်မှ တောင်သူတဦးက ပြောသည်။
သို့သော် အဆိုပါ မြေလတ်ဒေသများ၏ လမ်းဘေးဝဲယာတလျှောက် ယခင်က စိမ်းစိုကာ အကြားအလပ်မရှိ ပေါက်လေ့ရှိသော မတ်ပဲစိုက်ခင်းများသည် လက်ရှိအနေအထားတွင် ခပ်ကြဲကြဲသာ ပေါက်နေသည်ကို တွေ့ရသည်။
ထိုသို့ မတ်ပဲ အများဆုံးထွက်ရှိရာ မြေလတ်ဒေသများ၌ အပင်ပေါက်နှုန်း နည်းသဖြင့် ယခုနှစ်တွင် မတ်ပဲအထွက်နှုန်း ထက်ဝက်ခန့် ကျဆင်းနိုင်သည်ဟု တောင်သူများက ခန့်မှန်းကြခြင်းဖြစ်သည်။
မတ်ပဲကုန်သည်များကမူ ယင်းသို့ မတ်ပဲအထွက်နှုန်း ကျဆင်းနိုင်ခြင်းကြောင့် ယခုနှစ် ၀ယ်လိုအားကောင်းမည်ဖြစ်ပြီး မတ်ပဲလှိုင်ချိန်၌ တတင်း ကျပ် (၄) သောင်းအောက် မကျနိုင်ဟု ကြိုတင်တွက်ချက်နေကြသည်။
မန္တလေးမြို့နှင့် အထက်အညာဒေသများ၌ မတ်ပဲ ထွက်ရှိနေသည်မှာ တလခန့်ရှိနေပြီ ဖြစ်သော်လည်း ပြည်ပတင်ပို့ရန် ရန်ကုန်ဝယ်လက် လောလောဆယ်မရှိသေးကြောင်း ပဲဈေးကွက် ကျွမ်းကျင်သူ ကုန်သည်ကြီးတဦးက ပြောသည်။

Geen opmerkingen: