မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 21 december 2009

ဒေါ်အောင်ဆန်းစုကြည် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်ကို ဗဟို တရားရုံးက လက်ခံ

  

Monday, 21 December 2009 18:14 ကိုထွေး
.ဒေါ်အောင်ဆန်းစုကြည် အယူခံနှင့် ပတ်သက်သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်က လက်ခံ လိုက်သည်ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ဆိုသည်။

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် အယူခံအတွက် တင်သွင်းခဲ့သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုနှင့် ပတ်သက်၍ လျှောက်လဲချက် ပေးရန် တရားရုံးချုပ်က ဒီဇင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အတွက် ရှေ့နေ ဦးကြည်ဝင်း ၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့က ယနေ့ လျှောက်လဲချက်ပေးခဲ့ခြင်း ဖြစ်သည်။
“အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်ဆင်ချက်နှင့် ပတ်သက် ပြီးတော့ တင်တာ ၁ မှုရှိတယ်။ အဲဒါလည်း လျှောက်လဲ ချက်ပေးတယ်။ ဒီညနေ ၃ နာရီခွဲမှာတော့ ဒီ ၃ မှုစလုံးကို လက်ခံပါတယ်။ နောက်တဆင့် အတွက်ကတော့ ဘယ်နေ့လဲ ဆိုတာကို တရားရုံးက ထုတ်တဲ့ သတိပေးချက်တွေကို ကြည့်ရမှာပါ၊ အတိအကျတော့ မသိရသေးပါဘူး” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
ယနေ့ လျှောက်လဲချက် ပေးရသည့် အမှုများတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမတို့ အမှု ၂ မှု၊ အစိုးရက ပြင်ဆင်ချက် တင်သွင်းသည့် အမှု ၁ မှု၊ စုစုပေါင်း ၃ မှုဖြစ်ကြောင်း၊ အစိုးရက တင်သွင်းသည့် ပြင်ဆင်ချက်မှာမူ ယခုအချိန်အထိ မသိရသေးကြောင်း ရှေ့နေ တဦးက ဆိုသည်။
ယနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၃၀ ကျော်သည်အထိ ဗဟိုတရားရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ရှေ့နေ ဦးကြည်ဝင်းကလည်းကောင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ အတွက် ရှေ့နေ ဦးလှမျိုးမြင့်တို့ကလည်းကောင်း လျှောက်လဲချက် ပေးခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ ရှေ့နေများ သွားရောက်တွေ့ဆုံခဲ့စဉ် ယင်းလျှောက်လဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပေးခဲ့သည်။
အယူခံကြားနာရာသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် နားထောင်ခွင့် မရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် မေလ၊ အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင်တရားစွဲ ခံခဲ့ရသည်။
အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။
ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့တွင် လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို တင်သွင်းခြင်း ဖြစ်သည်။

Geen opmerkingen: