မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 22 december 2009

ငွေဆောင်တွင် တောပြုန်း၍ ပတ်ဝန်းကျင်ပျက်သုန်း

 

မျိုးချစ်သူ/ ၂၂ ဒီဇင်ဘာ ၂၀၀၉

ငွေဆောင်ဒေသ သဘာဝပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် (၁၀) နှစ်တာကာလနောက်ပိုင်း၌ ပျက်စီးမှုများ ရှိလာကြောင်း ငွေဆောင် ဟိုတယ်လုပ်ငန်းရှင်များအသင်းက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ်မှစတင်ကာ ငွေဆောင်ကမ်းခြေတွင် ဟိုတယ်များဆောက်လုပ်ရန် အစိုးရက ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ပတ်ဝန်းကျင်ပျက်စီးလာခြင်းဖြစ်ကြောင်း ငွေဆောင်ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ငွေဆောင်မှ ဟိုတယ်ပိုင်ရှင်တဦးက “လွန်ခဲ့တဲ့ (၅) နှစ်လောက် ကျနော်တို့ ဟိုတယ်စဆောက်တုန်းက သိပ်မဆိုးသေးဘူး။ အခုနောက်ပိုင်း တောင်တွေဆို တောင်ကတုံးတွေ ဖြစ်ကုန်တာ။ အဓိက ကတော့ အစိုးရက စီးပွားရေးလုပ်ငန်းရှင်တွေကို ရာဘာစိုက်ခွင့်ပေးလိုက်တာကြောင့် တောပြုန်းသွားတာ များတယ်” ဟု ပြောသည်။
ငွေဆောင်ပတ်ဝန်းကျင်တွင် ရာဘာစိုက်ခွင့်ရသူများမှာ အစိုးရနှင့်နီးစပ်သော စီးပွားရေးဦးပိုင်၊ ယုဇနကုမ္ပဏီ၊ ရွှေဝါမြေကုမ္ပဏီ၊ ထူးကုမ္ပဏီနှင့် အခြား နအဖနှင့်နီးစပ်သော ကုမ္ပဏီပေါင်း (၅) ခုခန့်က နေရာယူစိုက်ပျိုးနေကြောင်း ငွေဆောင်ဒေသခံများက ပြောသည်။
ယခုကဲ့သို့ ရာဘာစိုက်ပျိုးရန် တောများခုတ်ထွင်မှုကြောင့် ယခင်က မိဘလက်ငုတ်လက်ရင်း အုန်းခြံလုပ်ငန်းနှင့် လယ်ယာ လုပ်ငန်းလုပ်ကိုင်ခဲ့သူများမှာ ယခုအခါ ထင်းခုတ်ရောင်းချနေရသည်ဟု ဒေသခံတဦးက ပြောသည်။
“သူတို့တွေက ရာဘာတွေကိုစိုက်မယ်လို့ တောကို ခုတ်ထွင်တယ်။ ကျနော်တို့က ခုတော့ ထင်းတွေခုတ်ပြီးတော့လည်း ရောင်းနေရပြီ။ မီးသွေးတွေလည်း ဖုတ်ရောင်းနေရတယ်။ ဟိုတယ်တွေကလည်း သုံးတာလေ။ ကျနော်တို့က အလုပ်အကိုင် တခြားစီးပွားရေးမရှိတော့ဘူး” ဟု ပြောသည်။
လွန်ခဲ့သော (၁၀) နှစ်ခန့်က ငွေဆောင်ဒေသတွင် ထင်းခုတ်သူ အနည်းအကျဉ်းရှိခဲ့ပြီး မီးသွေးဖိုလုပ်ငန်းများ လုံးဝ မရှိခဲ့သော်လည်း ဟိုတယ်များ စတင်တည်ဆောက်ချိန်ကစပြီး မီးသွေးဖို စီးပွားရေး စတင်ခဲ့ကာ ယခုအခါ မီးသွေးဖိုပေါင်း (၂၀) ခန့်ရှိလာပြီဟု ဒေသခံများက ပြောသည်။
မီးသွေးအဖြစ် အသုံးပြုသည့် သစ်အမျိုးအစားများမှာ ပျဉ်းကတိုး၊ သီဟိုဠ်နှင့် ဒီရေတောများ ဖြစ်ကြကြောင်း မီသွေးဖိုပိုင်ရှင် ဒေသခံက ပြောသည်။
အဆိုပါဒေသတွင် တာဝန်ကျနေသော နအဖတပ်သားများနှင့် ၎င်းတို့၏မိသားစုများကလည်း အပင်များခုတ်လှဲကာ ထင်းပြုလုပ် ရောင်းချသည်ဟု သိရသည်။
ယခုအခါ ငွေဆောင်ဒေသရှိ နီးစပ်ရာတောများတွင် ထင်းခုတ်ရောင်းချသူများလာသဖြင့် တောပြုန်းလာနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ငွေဆောင်ဟိုတယ် လုပ်ငန်းရှင်များက ငွေဆောင်ဒေသကို အစိမ်းရောင် ငွေဆောင်ဒေသ ဖြစ်ရေးအတွက် သစ်ပင်များပြန်လည် စိုက်ပျိုးမှု ပြုလုပ်နေသည်ဟု ယင်းလုပ်ငန်းရှင်များအသင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“၂၀၁၀ မှာ ငွေဆောင်ဟိုတယ် ဇုန်ဟာ (၁၀) နှစ် ပြည့်ပါတော့မယ်။ ဒီကာလမှာ ဒီဒေသအတွက် ပျက်စီးခဲ့တဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကို ကျနော်တို့ ဘယ်လို ပြန်လုပ်ပေးနိုင်မလဲလို့ တွေးပါတယ်။ အကောင်းဆုံးအဖြေကတော့ သစ်ပင်တွေ ပြန်စိုက်တဲ့ အလုပ်ပါပဲ” ဟု ၎င်းက ပြောသည်။
စံကားပင်၊ ဗန္ဓာပင်နှင့် အခြားအပင် အမျိုးအစားပေါင်း (၅) မျိုးခန့်ပါဝင်သည့် အပင်အရေအတွက်ပေါင်း (၂,၀၀၀) ကျော်ခန့်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

Geen opmerkingen: