မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 8 december 2009

အရန်မီးသတ်များကို လက်နက်ငယ် သင်တန်းပေး

အောင်ကျော်မိုး/ ၈ ဒီဇင်ဘာ ၂၀၀၉

ရန်ကုန်တိုင်းအတွင်းက အရန်မီးသတ် တပ်ဖွဲ့ဝင်များကို ဂျီသရီး ပစ်ခတ်နည်းအပါအဝင် လက်နက်ငယ်သင်တန်း ပေးနေကြောင်း သင်တန်းတက်ရောက်နေသည့် အင်းစိန်မြို့ခံတဦးက ပြောသည်။
၎င်းက “ကျနော်တို့ကို အင်းစိန် ဂျီတီအိုင် ဝင်းနံဘေးက အရင် မဆလခေတ်က စက်ယန္တရား ဝင်းထဲမှာ လက်နက်ငယ် သင်တန်းပေးနေတယ်။ အဓိကကတော့ ဂျီသရီး ကိုင်တွယ်နည်း၊ ဖြုတ်တပ်ဆင်တဲ့နည်း၊ ပစ်ခတ်တဲ့နည်းတွေကို အဓိကထား သင်ပေးတယ်။ ဘယ်အတွက် သင်တန်းပေးတယ် ဆိုတာကိုတော့ မပြောဘူး။ နိုင်ငံတော်က လိုအပ်ရင် အဆင်သင့် ဖြစ်နေရအောင် သင်ပေးတယ်လို့တော့ ပြောတယ်။ အခု လက်တွေ့ ပစ်ခတ်တာ မလုပ်ရသေးဘူး။ နောက် သင်တန်းမဆင်းခင် တကယ်ပစ်ခတ်တာကို မင်္ဂလာဒုံဘက်မှာ သွားပြီး လေ့ကျင့်ရမယ်လို့တော့ ပြောတယ်။ ကျနော်တို့ သင်တန်းတက်တဲ့အတွက် တယောက်ကို နေ့တွက်စရိတ် ကျပ် (၅ဝဝ) စီလည်း ပေးတယ်” ဟု ပြောသည်။
လက်နက်ငယ်သင်တန်းကို တပ်ကြပ်နှင့် တပ်ကြပ်ကြီးအဆင့် တပ်မတော်သား သင်တန်းဆရာများက သင်ကြားပေးနေပြီး သင်တန်းအတွင်း တစုံတရာ ထိခိုက်မှုရှိပါက ချက်ချင်းကုသရန် ဆရာဝန်၊ ဆေးမှူးတို့ကိုလည်း အဆင်သင့်ခေါ်ထားကြောင်း သိရသည်။
နအဖစစ်အစိုးရသည် ယခင်က စွမ်းအားရှင်အဖွဲ့များကို ဝါးရင်းတုတ် ကိုင်ဆောင်ပြီး ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွဲနည်း သင်တန်းများ ပေးခဲ့ဖူးပြီး အချို့သင်တန်းများအတွက် ရန်ကုန်ပြည် လမ်းမကြီးကိုပင် ညဘက်လမ်းပိတ်ဆို့ပြီး သင်တန်းပေးခဲ့ဖူးသည်။
ယခု လက်နက်ငယ်သင်တန်း တက်နေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှာ ယခင်က ရပ်ကွက်ထဲ မီးလောင်မှုဖြစ်ပါက ပြည်သူများကို စည်းရုံးပြီး အကြိုမီးငြှိမ်းသတ်မှုများ လုပ်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဖွဲ့စည်းစဉ်ကတည်းက စစ်တပ်ပုံစံအတိုင်း တပ်စိတ်၊ တပ်စု၊ တပ်ခွဲ စသဖြင့် အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီး တူညီဝတ်စုံ အပြာရောင်ဆင်တူ ဝတ်ဆင်ကြရသည်။
ထို့အပြင် တပ်စိပ်မှူး၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး စသည်တို့ကို ရဲတပ်ဖွဲ့ဝင်များနည်းတူ လက်မောင်းအရစ်များ၊ ပခုံးတပ် ငွေကြယ်ပွင့်အဆင့် တံဆိပ်များ တပ်ဆင်ခွင့်ပြုထားပြီး လခမှာမူ တစုံတရာ မရကြပေ။
အဆိုပါ အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် ရပ်ကွက် သာရေးနာရေးမှအစ အထက်အာဏာပိုင်အဆင့်ဆင့်က လိုအပ်သလို ခေါ်သုံးသည့်အဖွဲ့ ဖြစ်လာကာ ယခုနောက်ပိုင်း စစ်အစိုးရ၏ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်တို့တွင် စစ်တပ်က ရဲ၊ ရဝတ များကို ခေါ်သုံးသကဲ့သို့ ခေါ်ယူသုံးစွဲလျက်ရှိသည်။ စစ်ရေးဆေး ဂိတ်ကဲ့သို့ နေရာမျိုးများ၌ပင် ခေါ်သုံးပြီး များသောအားဖြင့် နေ့တွက်ဖြင့် လာဘ်စား၍ ရသမျှ ဝေစုပေးကြရသည်။
အနာဂတ်ကာလ လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်လာပါက လက်နက်ကိုင် အကြမ်းဖက် ဖြိုခွဲမည့်နေရာတို့တွင် စစ်တပ်အစား ရဲနှင့် အရန်မီးသတ်များကို အသုံးပြုရန် ရည်ရွယ်နေကြောင်းလည်း ရန်ကုန်မြို့ခံများ ပြောဆိုနေကြသည်။
ယခုကဲ့သို့ လက်နက်ငယ်ပစ်ခတ်နည်း သင်တန်းပေးနေသည်ကို သိနေကြသည့် အင်းစိန်မြို့ခံများကမူ နအဖစစ်အစိုးရသည် လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဂျီသရီးဖြင့် ကြိုဆိုရန်အတွက် အရန်မီးသတ်များကို သင်တန်းပေးနေခြင်းဖြစ်ကြောင်း ပြောင်လှောင်ပြောဆိုနေကြသည်။

Geen opmerkingen: