မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 24 december 2009

ခရစ်စမတ် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ကျင်းပမည်

နန်းဒေဝီ

ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၅၁ မိနစ် .
နယူးဒေလီ (မဇ္စျိမ)။ ။ ခရစ်စမတ်နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ရှိ ယုဇနဂါးဒင်း ဟိုတယ်က လူငယ်ထုအကြား ရေပန်းစားသည့် အဆိုတော် ၃ ဦး ဦးဆောင်ဖျော်ဖြေမည့် ဂီတပွဲတရပ် ကျင်းပ သွားမည်ဟု သိရသည်။
R ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ရဲလေးတို့က မနက်ဖြန် ကျရောက်မည့် ခရစ်စမတ်နေ့ အထူး အစီအစဉ်အဖြစ် ကျင်းပသည့် ဂီတပွဲသို့ လာရောက် ဖျော်ဖြေမည်ဟု အလံပြ ဘုရားလမ်းရှိ ယုဇနဂါးဒင်း ဟိုတယ်မှ တာဝန်ရှိသူတဦးက ပြောပြခြင်း ဖြစ်သည်။
“ခရစ်စမတ် သီချင်းရယ်လို့တော့ မဟုတ်ပါဘူး။ သူတို့သီချင်းတွေနဲ့ ဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။ အမျိုးသမီး အဆိုတော်တွေကတော့ ကြိုကြား ကြိုကြားတော့ ပါမယ်။ ကြော်ငြာတဲ့ အထဲတော့ မပါဘူးခင်ဗျ” ဟု သူက မဇ္ဈိမကို ပြောဆိုသည်။
တစောင်လျှင် ကျပ် ၅၀၀၀ ဖြင့် ကြိုတင် လက်မှတ်များ ရောင်းချနေသည့်အပြင် လူဦးရေ ၃၀၀၀ အထိ ဆန့်သည့် ဟိုတယ်ဝင်းရှိ Parking တွင် ညနေ ၅ နာရီမှ စတင်၍ ည ၁၀ နာရီအထိ ကျင်းပသွားမည် ဖြစ်သည်။
“လာတဲ့သူတွေ အားလုံးက မတ်တပ်ရပ် အားပေးဖို့ ဖြစ်ပါတယ်။ ကြိုက်တဲ့နေရာမှာ မတ်တပ်ရပ်လို့ ရပါတယ်။ အားရပါးရ အားပေးလို့ ရပါတယ်” ဟု ဟိုတယ် ဝန်ထမ်းက ပြောသည်။
စိုင်းစိုင်းခမ်းလှိုင်သည် သီဆိုမည့် သီချင်းများ လေ့ကျင့်ရန် ပြင်ပသို့ သွားနေသဖြင့် ဆက်သွယ်၍ မရပါ။ R ဇာနည်မှာမူ ခရီးထွက်နေသော်လည်း မနက်ဖြန်ပွဲသို့ အမီပြန်လာမည့်အကြောင်း ညီမဖြစ်သူက ပြောသည်။
“အကိုက မနက်ဖြန် အဲဒီပွဲကို အမီပြန်လာမယ်လို့ ပြောပါတယ်။ သူတို့ကတော့ ပွဲအမီ သွားလေ့ရှိကြတာပဲ” ဟု သူက ပြောသည်။
ယုဇနဂါးဒင်း ဟိုတယ်အနေဖြင့် ဘာသာရေး အထိမ်းအမှတ် ပွဲများဖြစ်သည့် တန်ဆောင်တိုင်၊ ခရစ်စမတ်နှင့် နှစ်သစ်ကူး ပွဲတော်များတွင် ယခုလို ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်လေ့ရှိသည်။

Geen opmerkingen: