မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 29 december 2009

ကြွပ်ကြွပ်အိတ် နမူနာ


စိုးမိုး

၂၉ ဒီဇင်ဘာ ၂၀၀၉
စစ်မှန်တဲ့ ဈေးကွက်စီးပွားရေးစနစ်လို့ ကြွေးကြော်ခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ ပုဂ္ဂလိက စီးပွားရေးသမားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဒီရေလိုမျိုးပဲ အတက်အကျ မြန်မြန်ကြီးကို ပြောင်းလဲနေပါတယ်။ ဒါပေမယ့် အခုရက်ပိုင်း ပြောင်းလဲမှုထဲမှာ တွေ့ရတဲ့ ထူးခြားမှုလေးတွေက နောက်ပိုင်း စီးပွားရေးသမားတွေ ကြုံတွေ့ရတော့မယ့် အနာဂတ်လားလို့ တွေးတောစရာပါ။
စစ်အစိုးရက သူတို့ကိုယ်တိုင် သွင်းကုန်အစားထိုးမူဝါဒနဲ့ ယနေ့အချိန်ထိ နှစ်ပေါင်း (၂၀) ကျော် ထုတ်လုပ်ခွင့်ပေးခဲ့တဲ့ ပလတ်စတစ်လုပ်ငန်းတွေကို ထုတ်လုပ်မှုရပ်ဖို့ ဗြုန်းစားကြီး အမိန့်ချလိုက်ပါတယ်။ ကျပ်သိန်းထောင်ချီ လည်ပတ်နေတဲ့ ပလတ်စတစ်လုပ်ငန်းရှင်တွေခမျာ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိတော့ဘဲ နိုင်ငံတွင်း အမှိုက်တွေ စုပုံအောင်၊ ပတ်ဝန်းကျင် ညစ်ညမ်းအောင်နဲ့ လူတွေကို ကူးစက်ရောဂါတွေ ဖြစ်စေအောင် လုပ်ဆောင်တဲ့ နံပါတ် (၁) ရန်သူတွေ နေ့ချင်းညချင်း ဖြစ်သွားကြတာပါ။
ပလတ်စတစ်လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းဆောင်တာ သမိုင်းကြောင်းကို လေ့လာကြည့်ရင် သူတို့ဟာ အရင်ကတော့ စစ်အစိုးရရဲ့ သွင်းကုန်အစားထိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ပေးခဲ့တဲ့ နိုင်ငံခြားဝင်ငွေကို ချွေတာပေးခဲ့တဲ့ နိုင်ငံအကျိုးပြု စီးပွားရေးသမားတွေ ဖြစ်ခဲ့ပါတယ်။ အချိန်ကာလ နှစ်ပေါင်း (၂၀) ကျော် အကြာမှာတော့ သူတို့ဟာ စစ်အစိုးရရဲ့ အာဏာနဲ့ တားဆီးပိတ်ပင်ခြင်းကို ခံလိုက်ရတဲ့ နိုင်ငံကို အနှောင့်အယှက်ပေးသူများ ဖြစ်သွားကြပါတယ်။
ဒီနှစ်ပိုင်းမှာ မန္တလေး၊ နေပြည်တော်၊ ပုဂံနဲ့ ရန်ကုန်တို့မှာ ကြွပ်ကြွပ်အိတ်သုံးစွဲမှု တားမြစ်တာ၊ ထုတ်လုပ်မှု ရပ်ခိုင်းတာတွေ လုပ်လာပါတယ်။ ဒီမှာ တခုတွေ့ရတာက ပလတ်စတစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို စစ်အစိုးရကိုယ်နှိုက်က သွင်းကုန်အစားထိုး မူဝါဒအရ ၁၉၉၀ ပြည့်လွန်နှစ်များက စပြီး ပလတ်စတစ်စက်ရုံများ တည်ထောင်လုပ်ကိုင်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ ပြည်ပကနေ ပလတ်စတစ်ကုန်ကြမ်း ကော်စေ့တင်သွင်းပြီး ပြည်တွင်းမှာ ကြွပ်ကြွပ်အိတ်အပါအ၀င် ပလတ်စတစ်ပစ္စည်းမျိုးစုံကို ထုတ်လုပ်စေတာပါ။
အဲဒီအချိန်ကစလို့ မြန်မာပြည်တွင်းမှာ အစားအသောက်ထုပ်ပိုးတဲ့ သတင်းစာစက္ကူတို့လို၊ ဖက်တို့လို ဆွေးမြေ့လွယ် ထုတ်ပိုးပစ္စည်းတွေ ပျောက်ကွယ်သွားပြီး ဈေးပေါပေါနဲ့ အလွယ်တကူရတဲ့ ကြွပ်ကြွပ်အိတ်တွေက အစားထိုး ၀င်ရောက် လာပါတယ်။ ကြွပ်ကြွပ်အိတ်ယဉ်ကျေးမှုဟာ ဈေးခြင်းတောင်း အစ၊ အစားအစာထုပ်ပိုးမှု အလယ်၊ နောက်ဆုံး မိုးရွာရင်တောင် ကြွပ်ကြွပ်အိတ် ခေါင်းပေါ်မိုးပြီး သွားလာတဲ့အထိ မြန်မာ့လူမှုဘ၀မှာ တွင်ကျယ်လာခဲ့တာပါ။
စစ်အစိုးရက ဒီလို ဆွေးမြေ့ဖို့မလွယ်တဲ့ ပလတ်စတစ်တွေ ထုတ်လုပ်ခွင့်ပြုထားပေမယ့် ဒီစွန့်ပစ်ပစ္စည်းတွေကို ဘယ်လို သိမ်းဆည်းမယ်ဆိုတဲ့ စနစ်ကောင်းကောင်း မရှိခဲ့ပါဘူး။ နောက် မြို့ကထွက်တဲ့ အမှိုက်ကို သိမ်းရာမှာ၊ စွန့်ပစ်ရာမှာလည်း အမှိုက်ပုံနေရာသတ်မှတ်ပြီး စုပုံစွန့်ပစ်တဲ့ စနစ်ကို သုံးပါတယ်။ ဒီအမှိုက်ပုံကိစ္စကြောင့် မြေသားကြံ့ခိုင်မှုမရှိတော့ဘဲ အခု နောက်ပိုင်းကာလတွေမှာ ရန်ကုန်မြို့မှာ အဆောက်အအုံတွေ မြေကျွံကျမှုတွေ ဖြစ်လာပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့တော်တွေဟာ မိုးတွင်းကာလရောက်တာနဲ့ လမ်းတွေ ရေအပြည့်ပါ။ ရေနုတ်မြောင်းတွေဟာ စည်းကမ်းမဲ့ စွန့်ပစ်တဲ့ ပလတ်စတစ်အမှိုက်တွေ အပါအ၀င် တခြားအမှိုက်တွေနဲ့ ပိတ်ဆို့ပြီး မိုးများရွာပြီဆိုရင် လမ်းပေါ်မှာ ကြွပ်ကြွပ်အိတ်အမှိုက်တွေ ပြည့်ကုန်တော့တာပါပဲ။ နောက်ဆက်တွဲကိစ္စက မူလကတည်းက ခနော်နီခနော်နဲ့ လမ်းတွေ မိုးတမိုးလောက်ရွာလိုက်ရင် ချိုင့်ခွက်တွေဖြစ်ပြီး ပျက်စီးကုန်တာပါ။ အဲတော့ စည်ပင်-လမ်းတံတားဌာနက သံပုံးလေး၊ ဒယ်ပြားလေးနဲ့ လမ်းကို အဖြစ်ဆိုရုံလေး ဖာထေးလိုက်နဲ့ တနှစ်စာ အလုပ်နဲ့ လက်နဲ့ မပြတ်တော့တဲ့ အခြေအနေကို ရောက်လာပါတယ်။
ပြီးခဲ့တဲ့နှစ်က ရန်ကုန်က စလိုက်တဲ့ ၀မ်းရောဂါဟာ တနိုင်ငံလုံး ပြန့်လာတဲ့အတွက် မီဒီယာအသီးသီးက ထောက်ပြပြောဆိုမှု တွေကို ဆင်ခြေပေးစရာမရှိဘဲ စစ်အစိုးရအတွက် ခေါင်းခဲစရာ ဖြစ်လာပါတယ်။ အဲဒီပြဿနာကို ဒီနှစ်ပွင့်လင်းရာသီမှာ မြို့တော်စည်ပင်သာယာရေးကော်မတီက ဖြေရှင်းရမယ်ဆိုတဲ့ ညွှန်ကြားချက်အရ သူတို့ အကောင်အထည်ဖော်ရပါတယ်။
ဒီမှာ ကြုံတွေ့ရတဲ့ ပြဿနာက မြို့တော်တွင်း ရေစီးရေလာ ကိစ္စတခုတည်းအတွက်ကို မြို့တော်တွင်း တန်ချိန် သိန်းချီ စုပုံနေတဲ့ အမှိုက်ပြဿနာကို မဖြေရှင်းတတ်၊ မဖြေရှင်း နိုင်တော့ ဒီလို ပလတ်စတစ်အမှိုက်တွေ စုပုံနေတာဟာ ပလတ်စတစ်ထုတ်လုပ်မှုကြောင့်၊ ပလတ်စတစ်သုံးစွဲမှုကြောင့်လို့ တာဝန်မဲ့ စွပ်စွဲလိုက်တာပါ။ စွပ်စွဲရုံတင်မကပါဘူး ပြည်သူလူထုရဲ့ စီးပွားရေးလုပ်ငန်း၊ တရားဝင် စီးပွားရေးလုပ်ငန်းကို အာဏာနဲ့ ပိတ်ပင်လိုက်တာပါ။
သိန်းထောင်ချီ ရင်းနှီးမြှုပ်နှံထားပြီး လူဦးရေ (၂) သောင်းလောက်ကို အလုပ်ပေးထားရတဲ့ စီးပွားရေးလုပ်ငန်းကို ပိတ်သိမ်းခိုင်းလိုက်တာပါ။ တချိန်တည်းမှာပဲ ရောင်းရေးဝယ်တာ ကိစ္စတွေမှာလည်း ထုပ်ပိုးမှုအတွက် အခက်အခဲတွေ ဖြစ်လာပါတယ်။ ဒီမှာတင် ရပ်မသွားပါဘူး။ ပလတ်စတစ်လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတွင်း စုပုံနေတဲ့ ပလတ်စတစ်အမှိုက်တွေကို ပြန်ပြီး သိမ်းပေးရမယ်လို့ ဖြစ်လာပါတယ်။ ပလတ်စတစ် ရီဆိုက်ကယ်လုပ်ဖို့ စက်ရုံတွေ တည်ထောင်ရမယ်။ အမှိုက်ပုံတွေကနေ ကြွပ်ကြွပ်အိတ်တွေ ရွေးထုတ်ရမယ့်၊ သန့်စင်ရမယ့်၊ ပြန်သိမ်းပေးရမယ့် ကုန်ကျစရိတ်က သိန်းထောင်ချီကုန်မှာ ဖြစ်ပါတယ်။
ဒီမှာ ထောက်ပြချင်တာက ဒီလိုအမှိုက်တွေ စုပုံတာဟာ ပလတ်စတစ် ထုတ်လုပ်သူတွေရဲ့ အပြစ်ပဲလား။ ဒီပလတ်စတစ် ထုတ်လုပ်မှုတွေ ခွင့်မပြုခင်က ရီဆိုက်ကယ်ကိစ္စကို ဘာကြောင့် ထည့်သွင်းမစဉ်းစားခဲ့ပါသလဲ။ သဘာဝ ပတ်ဝန်းကျင် အဖွဲ့တွေက ထောက်ပြပြောဆိုတာ၊ စာတမ်းရေးသားတာ ဒါတွေကိုလည်း စစ်အစိုးရက လျစ်လျူရှုခဲ့ပါတယ်။ အခု မရှူနိုင်မကယ်နိုင် ဖြစ်လာတော့မှ ဒါဟာ ပလတ်စတစ်ထုတ်လုပ်သူတွေ အပြစ်လို့ ပုံချလိုက်တာပါ။ ဒါဟာ တိုင်းပြည်ကို စည်းမျဉ်းဥပဒေနဲ့မဟုတ်ဘဲ စစ်အာဏာနဲ့ အုပ်ချုပ်သူတွေ လုပ်လေ့လုပ်ထရှိတဲ့ ပြဿနာဖြေရှင်းနည်းပါ။
အမှိုက်တွေ ဒီလောက်ပုံနေအောင် စည်ပင်သာယာအနေနဲ့ နှစ်ပေါင်း (၂၀) ကျော်အတွင်းမှာ ဘာတွေလုပ်နေခဲ့ပါသလဲ။ ဒီလိုကိစ္စမျိုးက နောက်ပိုင်း မြန်မာလူ့အဖွဲ့အစည်းမှာ အများအပြား ဖြစ်ပေါ်လာဦးမယ့် အကျိုးဆက်တွေဖြစ်ပါတယ်။ အခုကိစ္စက အမှိုက်ကိစ္စပဲ ရှိပါသေးတယ်။ အမှိုက်တွေစုပုံတာ စီးပွားရေးလုပ်ငန်းတွေကြောင့်လို့ လက်ညှိုးထိုး အပြစ်ပုံချတဲ့ စစ်အစိုးရဟာ နောက်ထပ် ဘယ်လိုပြစ်မှုတွေကို စီးပွားရေးသမားတွေကို ပုံချဦးမယ်ဆိုတာ ခန့်မှန်းကြည့်လို့ရနေပါပြီ။
ဒီပလတ်စတစ်လုပ်ငန်းရှင်တွေကို စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းခိုင်းပြီး အမှိုက်သိမ်းခိုင်း လုပ်နေတာမှ မကြာသေး စစ်ကိုင်းတိုင်းအတွင်း တရားမ၀င် ရွှေတူးလို့ ကျေးရွာတွေ လယ်တွေပျက်လို့ဆိုပြီး ရွှေတူးတဲ့ ကုမ္ပဏီ (၂) ခုကို နာမည်ပျက် စာရင်းသွင်းလိုက်ပါတယ်။ ဒါပေမယ့် ရွှေကုမ္ပဏီတွေကတော့ အကျိုးအမြတ်ရသွားပြီ ဖြစ်ပါတယ်။ ဒီမှာပြောစရာက နိုင်ငံအတွင်း အပ်ကျတာက အစ ဗုံးခွဲတာ အဆုံး သူတို့ မသိတာမရှိတဲ့ စစ်အစိုးရက ရွှေတွင်းတွေ တရားမ၀င် တူးပြီး၊ ရွှေရှာပြီး ရွာတွေ ပျက်စီးသွားပြီးမှ ဒီအဖြစ်အပျက်ကို အရေးယူတယ်ဆိုတာကတော့ အရပ်စကားနဲ့ ပြောရရင် လုပ်စားတာသက်သက်ပါ။
နောက်ပိုင်း စီးပွားရေးသမားတွေ ကြုံတွေ့ရဦးမယ့် ပြဿနာတွေ ရှိပါသေးတယ်။ အပြစ်ပုံချခံရမယ့်ကိစ္စတွေ အများအပြား ရှိပါသေးတယ်။ လှိုင်မြစ် ရေထုညစ်ညမ်းလာတာ၊ တောင်သမန်အင်း ငါးမျိုးစိတ်တွေ မျိုးတုံးပြီး ရေထုညစ်ညမ်းနေတာ၊ ဧရာဝတီ သောင်ထွန်းလာတာ၊ ဖားကန့် - လုံးခင်း - မိုးကုတ်မြို့တွေ ကျောက်တွင်းတွေ တူးလို့ ပျက်စီးနေတာ၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအတွင်း ရွှေတူးလို့ ရွာတွေ လယ်တွေ ပျက်စီးတာ စသဖြင့် … စသဖြင့် … အတောမသတ် ပျက်စီးနေမှုတွေ ဒါတွေဟာ စီးပွားရေးလုပ်ကိုင်ကြသူများကြောင့် သက်သက်လို့ လက်ညှိုးထိုး အပြစ်ပုံချလာတော့မှာလား စောင့်ကြည့်ကြရတော့မှာပါ။ ။

Geen opmerkingen: