မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 30 december 2009

နေပြည်တော် စည်ပင်သာယာ ဥပဒေ ပြဋ္ဌာန်း

စိုးမိုး/ ၃၀ ဒီဇင်ဘာ ၂၀၀၉

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်အတွက် နေပြည်တော် စည်ပင်သာယာ ဥပဒေသစ်ကို ယမန်နေ့က ပြဋ္ဌာန်းလိုက်သည်။
ယခု ဥပဒေကြောင့် ယခင် ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီတို့အပြင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတခု ထပ်တိုးလာမည်ဖြစ်သည်။
“စည်ပင်လုပ်ငန်းတွေက အရင်ကတည်းက လုပ်ပါတယ်။ အခု ဥပဒေ ထုတ်လိုက်တော့ တရားဝင် ငွေကောက်ခံခွင့် လက်မှတ်နဲ့ တရားဝင် စည်ပင်ရန်ပုံငွေ ရှာခွင့်လက်မှတ် ရသွားတာလို့ပဲ မြင်ပါတယ်” ဟု ရှေ့နေကြီး ဦးအေးမြင့်က ပြောသည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေး ကော်မတီကဲ့သို့ပင် ဒေသတွင်း စည်ပင်သာယာအမိန့်များကို ထုတ်ပြန်နိုင်မည်ဖြစ်သည်။
စစ်အစိုးရခေါင်းဆောင်က နေပြည်တော် စည်ပင်သာယာရေးကော်မတီကို ဖွဲ့စည်းပေးမည်ဖြစ်ပြီး မြို့တော်ဝန်ကိုလည်း ခန့်ထားမည်ဖြစ်သည်။
ယခင်က ရန်ကုန်နှင့် မန္တလေးတို့တွင်သာ မြို့တော်ဝန်ရှိရာမှ ယခု ဥပဒေကြောင့် မြန်မာနိုင်ငံတွင် မြို့တော်ဝန်တယောက် ထပ်တိုးလာမည်ဖြစ်သည်။
အစိုးရ ၀န်ထမ်းလောကတွင်မူ ၀င်ငွေကောင်းသည့် အလုပ်အကိုင်အဖြစ် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ခန့်အပ်မည့် ၀န်ထမ်းနေရာများကို စိတ်ဝင်စားနေကြောင်း သိရသည်။
“နေပြည်တော် စည်ပင်ဝန်ထမ်း ဘယ်လောက်ခေါ်မယ်တော့ မထုတ်သေးဘူး။ နောက် တပတ်လောက်အတွင်း ၀န်ထမ်း နေရာတွေ ထွက်လာမယ် ထင်တယ်။ ၀န်ထမ်းလောကမှာ စိတ်ဝင်စားသူ များပါတယ်။ အင်ဂျင်နီယာလိုမျိုး၊ ဦးစီးမှူးလိုမျိုး နေရာတွေ ၀င်တိုးမယ့်သူ များပါတယ်” ဟု ရန်ကုန်စည်ပင်သာယာမှ ၀န်ထမ်းတဦးက ပြောသည်။
စစ်အစိုးရ ပြန်တမ်းဝင်အရာရှိအဆင့် ၀န်ထမ်းနေရာများကို တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိထားပြီးသူများထဲမှ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့က စိစစ်ရွေးချယ် ခန့်အပ်လေ့ရှိသည်။
ယင်းရာထူးနေရာများအတွက်လည်း ရာထူးနေရာအလိုက် သက်ဆိုင်ရာ ရွေးချယ်ရေး အာဏာပိုင်များကို လာဘ်ထိုးရကြောင်း သိရသည်။
“သာမန် စည်ပင်စာရေး တယောက်ဖြစ်ဖို့ (၁၀) သိန်းပေးရတယ်။ ရာထူးအလိုက်၊ အကပ်အလိုက် ဘွဲ့ရချင်း တူရင်တောင် စာရေးဖြစ်တဲ့သူက ဖြစ်တယ်၊ ဦးစီးမှူးဖြစ်တဲ့သူက ဖြစ်တယ်၊ မတူဘူး” ဟု ရန်ကုန်စည်ပင်သာယာမှ ၀န်ထမ်းက ပြောကြားသည်။

Geen opmerkingen: