မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 24 december 2009

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်

  

NEJ/ ၂၄ ဒီဇင်ဘာ ၂၀၀၉

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းမည့်ကိစ္စနှင့်ပတ်သက်၍ အမှုဆောင်အဖွဲ့ဝင်များကို နောက်ထပ် တိုးချဲ့မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မျက်နှာစုံညီတွေ့ဆုံပြီးမှသာ အတည်ပြု ဆုံးဖြတ်နိုင်မည်ဟု ပါတီဗဟို အလုပ်အမှုဆောင်တဦးဖြစ်သူ ဦခင်မောင်ဆွေက ပြောသည်။
၎င်းက “အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (စီအီးစီ) ပြန်လည်ဖွဲ့စည်းဖို့ အစကတည်းက ဆွေးနွေးပြီးသားရှိပါတယ်။ ဒါကို ကြေညာချက်လည်း ထုတ်ထားတာ ရှိပါတယ်။ စီအီးစီပြန်လည်ဖွဲ့စည်းဖို့ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီအီးစီ မျက်နှာစုံညီ (၁၁) ဦးတွေ့တဲ့အခါကျရင် ဒါကို ညှိနှိုင်းဆွေးနွေးပြီးတော့ အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်ဆိုတဲ့ဟာ ကြေညာချက် ထုတ်ထားတာ ရှိပါတယ်။ အဲလို တွေ့ခွင့်ရတဲ့အခါ ဒါကိုပြောဆို ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုနေခါမှာတော့ သဘောထားတွေပဲ ပြောနေတာဖြစ်ပါတယ်။ ဘာမှ action လုပ်ဆောင်ခြင်းမရှိသေးပါဘူး ခင်ဗျ” ဟု ပြောသည်။
၂၀၀၉ ခု အောက်တိုဘာ (၂၂) ရက်နေ့ အန်အယ်လ်ဒီ အထူးကြေညာချက်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တိုးချဲ့ရေးနှင့် ဗဟိုဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအတွက် ဆောင်ရွက်ရန်လိုအပ်နေကြောင်း၊ အဆိုပါကိစ္စကို အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံခွင့်ရသည့်အခါ ညှိနှိုင်းတိုင်ပင်၍ ဆုံးဖြတ်မည်ဟူ၍ လည်းကောင်း၊ ထိုသို့မဟုတ်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေကို သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာသည့်အခါတွင် လိုအပ်သလိုဆောင်ရွက်မည်ဟူ၍လည်းကောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ပြီးဖြစ်ပါသည်ဟု ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီ၏ သက်ကြီးပိုင်း ခေါင်းဆောင်များဖြစ်ကြသည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ပါတီ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင်တို့သည် ဒီဇင်ဘာ (၁၆) ရက်တွင် တွေ့ဆုံခဲ့ပြီး လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆွေးခဲ့ပြီးနောက်ပိုင်းတွင် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အောက်ခြေမှ ပါတီဝင်များက ရွေးကောက်တင်မြောက်ခြင်းနှင့် ဗဟိုအဆင့်ကရွေးချယ်၍ ယာယီတာဝန်ပေးခြင်းဆိုသည့် အမြင်နှစ်မျိုး ပါတီတွင်း၌ ထွက်ပေါ်ခဲ့သည်။ ပါတီဝင်များက တနိုင်ငံလုံးအတိုင်းအတာနှင့် ညီလာခံတခု ခေါ်ပေးရန်လည်း တောင်းဆိုခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက “လတ်တလောမှာတော့ အောက်ခြေအန်အယ်လ်ဒီက ပြောတာကို ကျနော်တို့ လေးလေးစားစားနဲ့ ခံယူပြီးတော့ကာ မှတ်တမ်းတင်ထားပါတယ်။ ဒါတွေဟာ တချိန်တခါမှာတော့ လုပ်ပေးရမယ့်ဟာတွေ ဖြစ်ပါတယ်။ ကျနော်တို့အန်အယ်လ်ဒီဟာ စတင်ဖွဲ့ချိန်ကစပြီး အခုထိ နိုင်ငံလုံးကျွတ်ညီလာခံဆိုတာ ခေါ်ဖို့ အခက်အခဲတွေ ရှိခဲ့လို့ တခါမှ မခေါ်ခဲ့နိုင်ပါဘူး။ အဲဒါကြီးကိုခေါ်ဖို့ဟာ လက်တွေ့မှာမဖြစ်နိုင်သေးပါဘူး” ဟု ပြောသည်။
အန်အယ်လ်ဒီအဖွဲ့ဝင်များ၏ ဆန္ဒကို ဗဟိုအလုပ်အမှုဆောင်အနေဖြင့် မပစ်ပယ်ကြောင်း၊ သို့သော် လက်တွေ့၌ အကောင်အထည် ဖော်မရသည့်အပိုင်းတွင် ရှိနေသည့်အပြင် လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အပြင် ထပ်မံ၍ မျက်နှာသစ်များကို ထပ်တိုးချဲ့ရန် ရှိကြောင်း ဦးခင်မောင်ဆွေက ပြောသည်။
“လက်ရှိ စီအီးစီ (၁၁) ဦးရှိရာမှာ သတင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်ကြီး (၃) ဦး အနားယူမယ်ဆိုတာလည်း သတင်းပဲရှိပါသေးတယ်။ သူတို့ပါးစပ်ကနေပြီးတော့ ကျုပ်တို့အနားယူတော့မယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့တာလည်း မရှိပါဘူး။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာလည်း ဒီပုဂ္ဂိုလ်ကြီးတွေက အနားယူမယ်ဆိုပြီးတော့ တရားဝင်စာတင်ခြင်းလည်း မရှိပါဘူး။ ကျနော်တို့က လက်ရှိစီအီးစီ (၁၁) ဦးအပြင် နောက်ထပ် မျက်နှာသစ်တွေ ထပ်ပြီးတော့ တိုးချဲ့ဖို့ အချိန်ရောက်လာတဲ့အခါမှာ ထည့်သွင်းတိုးချဲ့ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့ ပြုလုပ်မည့်အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် စီအီးစီတို့ မျက်နှာစုံညီတွေ့ဆုံသည့်အခါ ဆုံးဖြတ်သွားမည်ဟု ဦးခင်မောင်ဆွေက ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေ့ဆုံရန်မှာ တိုင်းပြည်နဲ့လူမျိုးအကျိုးစီးပွားအတွက် နိုင်ငံရေးပါတီတရပ်က တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်ဟူသည့် အခြေခံပေါ်မှ ကြည့်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အတိုင်း သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် လုပ်ပေးရမည်ဖြစ်သည်ဟုလည်း ဦးခင်မောင်ဆွေက ပြောကြားသည်။
လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ ဦးအောင်ရွှေ ဥက္ကဋ္ဌ၊ ဦးတင်ဦး ဒု- ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည် အထွေထွေ အတွင်းရေးမှူး၊ ဦးလွင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေတို့ ဖြစ်ကြသည်။

Geen opmerkingen: