မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 16 december 2009

စီးပွားရေးပညာရှင် စတစ်ဂလစ် နေပြည်တော်တွင် ဆွေးနွေး

  

စိုးမိုး/ ၁၆ ဒီဇင်ဘာ ၂၀၀၉

စီးပွားရေး နိုဘယ်လ်ဆုရှင် ပါမောက္ခ ဂျိုးဇက် စတစ်ဂလဇ်သည် ယမန်နေ့က စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်သို့ ရောက်ရှိပြီး စစ်အစိုးရအဖွဲ့ဝင်များ အပါအ၀င် မြန်မာ စီးပွားရေးပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
“မြန်မာနိုင်ငံမှာ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ် ဆိုတဲ့ဟာတော့ ထပ်ပြီးတော့ မီးမောင်းထိုးပြတယ်။ မီးမောင်းထိုးပြတာကို နားထောင်တဲ့သူက နားထောင်တယ်ပေါ့။ ဒီအတိုင်းအတာထိကတော့ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်” ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောကြားသည်။
ထူးထူးခြားခြား ကွဲပြားသော အကြောင်းအရာများ မတွေ့ရဘဲ အခြားသော ပညာရှင်များ၏ ဆွေးနွေးအကြံပြုချက်များကဲ့သို့ပင် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ကိုလံဘီယာတက္ကသိုလ် ပါမောက္ခ ဂျိုးဇက်စတစ်ဂလဇ်က မြန်မာနိုင်ငံတွင်း ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒအတွက် အကြံပြုသည့်အနေဖြင့် လာရောက်ပြုလုပ်သော ဆွေးနွေးပွဲရလဒ်အနေဖြင့်မူ စောင့်ကြည့်ရမည့်အဆင့်တွင်သာ ရှိသည်ဟု ရန်ကုန် စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။
“အတိုင်းအတာ တခုအထိတော့ လုပ်ရမယ်ဆိုတော့ ဗမာပြည်ထဲမှာနေတဲ့သူဆိုတော့ နည်းနည်းတော့ အကောင်းမြင်တာပေါ့။ တချို့ဟာတွေတော့ အားလုံးတော့ ဖြစ်လာမယ် မထင်ပါဘူး။ ဆန္ဒရှိတိုင်းလည်း လုပ်နိုင်တာမှ မဟုတ်တာ။ လုပ်နိုင်သလောက်လေး လုပ်နေရင်တော့ မထူးဘူးပေါ့” ဟု ဦးခင်မောင်ညိုက ပြောသည်။
အချိန်ကာလအနေဖြင့် ၂၀၁၀ အကူးအပြောင်းကာလ ဖြစ်နေသဖြင့် စစ်အစိုးရအနေဖြင့် စီးပွားရေးအပြောင်းအလဲ ကိစ္စထက် နိုင်ငံရေးအပြောင်းအလဲကိစ္စကိုသာ အာရုံစိုက် လုပ်ဆောင်နေနိုင်ကြောင်း စီးပွားရေးပညာရှင်များက တင်ပြကြသည်ဟုလည်း သိရသည်။
“အချိန်အနေနဲ့ ပြောရရင်တော့ အခုက စီးပွားရေး အပြောင်းအလဲ ကိစ္စဆိုတော့ နိုင်ငံရေးက ၂၀၁၀ ကူးတော့မယ်ဆိုတော့ ၂၀၁၀ မှာ နိုင်ငံရေးကိစ္စတွေက အဓိက ဦးစားပေးအရာများ ဖြစ်နေမလား ဆိုတာတော့ အဲဒါလေးတခုတော့ စိတ်ပူပါတယ်” ဟု မြန်မာစီးပွားရေး ပညာရှင်တဦးက ပြောကြားသည်။
ယခု ပါမောက္ခ ဂျိုးဇက် စတစ်ဂလဇ်၏ မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေးအတွက် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေး ကော်မရှင်ရုံး (ESCAP) က စီစဉ်ခဲ့ခြင်းဖြစ်သည်။

Geen opmerkingen: