မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 30 december 2009

ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန်ဝန်ကြီးချုပ် စာပေးပို့

  

NEJ/ ၃၀ ဒီဇင်ဘာ ၂၀၀၉

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရဲစွမ်းသတ္တိကို ချီးမွမ်း ဂုဏ်ပြုလိုက်ကာ ဒီမိုကရေစီရေးအတွက် ဆက်လက်အားပေးထောက်ခံသွားမည့်အကြောင်း ပေးစာတစောင်ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
မြန်မာစစ်ခေါင်းဆောင်များအားလည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို ပေးထားသည့်ကတိအတိုင်း လွတ်လပ်၊ တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရန် တောင်းဆိုလိုက်ပြီး ယင်းသို့မဖြစ်ပါက ပြစ်တင်ရှုတ်ချမှုများကြောင့် မြန်မာနိုင်ငံသည် အကျပ်အတည်းနှင့် နိုင်ငံတကာ၏ ၀ိုင်းကျဉ်မှုကို ပိုမိုခံရလိမ့်မည်ဟုလည်း သတိပေးပြောကြားလိုက်သည်။
ယခုရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိုက်အခံခေါင်းဆောင်များ မပါဝင်ဘဲ၊ နိုင်ငံတကာ၏ စောင့်ကြည့်မှု အောက်တွင် မရှိဘဲ ရွေးကောက်ပွဲကို ကျင်းပမည်ဆိုပါက မြန်မာနိုင်ငံသည် သံတမန်အသိုင်းအ၀ိုင်းအလယ်တွင် အထီးကျန်ခြင်း၊ စီးပွားရေး တိုးတက်မှုမရှိခြင်းတို့ ပိုမိုဖြစ်ပေါ်လာကာ မြန်မာစစ်ခေါင်းဆောင်များသည် ပြစ်တင်ခံရလိမ့်မည်ဟုလည်း မစ္စတာ ဂေါ်ဒွန်ဘရောင်းက ယမန်နေ့က ထုတ်ပြန်သည့်စာတွင် ပြောကြားထားကြောင်း သိရသည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန်သည့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်လည်း စစ်အစိုးရကို ဗြိတိန် ၀န်ကြီးချုပ်က တိုက်တွန်းထားသည်။
စစ်အစိုးရသည် ၎င်း၏ပြင်းထန်သည့် အပြုအမူများကို ရပ်တန့်ရန် နိုင်ငံတကာ၏ တောင်းဆိုမှုများကို သာမက ဒေသတွင်း နိုင်ငံများ၏ ဖျောင်းဖျပြောဆိုမှုများကိုလည်း ယခုအချိန်အထိ နားထောင်သည့် အရိပ်လက္ခဏာ မပြသေးသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ထိန်းသိမ်းထားခြင်းသည် ၎င်းတို့၏ သဘောထား ရိုးသားမှုမရှိခြင်းကို ပြသရာ ရောက်သည်ဟုလည်း ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဘရောင်းက ပြောကြားလိုက်သည်။
“စစ်အစိုးရအနေနဲ့ ကျနော်တို့နဲ့ ဆက်ဆံမှုတွေ လုပ်ဆောင်သွားဖို့ တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်မှာရှိတဲ့ သံတမန်များနဲ့ ဆက်သွယ်ဖို့အတွက်ရော၊ မြန်မာပြည်သူတွေရဲ့ အနာဂတ်နဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရရှိဖို့ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှု စတင်ဖို့အတွက်ပါ အခွင့်အလမ်းပေးထားပါတယ်” ဟု ၎င်းက ပြောသည်။
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း၏ပေးစာကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးမှတဆင့် စစ်အစိုးရအာဏာပိုင်များထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်အနှစ် (၂၀) ကာလအတွင်း အကျယ်ချုပ်ဖြင့် (၁၄) နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြီးခဲ့သည့် သြဂုတ်လတွင် အမေရိကန်နိုင်ငံသား မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရေကူးဝင်ရောက် ခဲ့သည်ကို လက်ခံခဲ့မှုအတွက် နောက်ထပ် (၁၈) လ နေအိမ်အကျယ်ချုပ် ထပ်မံချထားခြင်းခံရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီသည် ၁၉၉၀ ခုတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက ယခုတိုင် အာဏာလွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။

Geen opmerkingen: