မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 24 december 2009

နိုင်ငံရေး အကျဉ်းသူ ထောင်တွင်း၌ ကွယ်လွန်

ခိုင်စု

ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၉ ခုနှစ် ၁၅ နာရီ ၅၄ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ၂၀၀၇ ခုနှစ် သံဃာများ လမ်းလျှောက် မေတ္တာပို့ပွဲတွင် ပါဝင်ခဲ့သဖြင့် အကျဉ်းကျခံရသည့် နိုင်ငံရေး အကျဉ်းသူ မတင်တင်ထွေးသည် ယမန်နေ့က နှလုံး သွေးကြောပေါက်ပြီး အင်းစိန်ထောင် ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်သွားကြောင်းကို ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း - AAPP (B) က အတည်ပြု ထုတ်ပြန်သည်။
မတင်တင်ထွေး (၃၈ နှစ်) သေဆုံးမှုနှင့် ပတ်သက်၍ အင်းစိန် ဗဟို အကျဉ်းထောင်သို့ ဆက်သွယ် မေးမြန်းကြည့်ရာ တာဝန်ကျအရာရှိက ဖြေဆိုခြင်းမရှိဘဲ မိသားစုထံ မေးမြန်းရန်သာ ပြောဆိုခဲ့သည်။
သူမကို အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ပြောင်းရွှေ့ခဲ့သည်။
သာယာဝတီထောင် ဆေးရုံမှ အင်းစိန်သို့ မကြာသေးခင်ကမှ ပြန်လည် ပြောင်းရွှေ့ခဲ့ပြီးနောက် ယမန်နေ့ နံနက် အစောပိုင်းတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
သူမသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်ရှိ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်သဖြင့် အခြားနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၄ ဦးနှင့် အတူ အဖမ်းခံခဲ့ရပြီးနောက် သူမကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
သို့သော် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အာမခံကို ပြန်ရုတ်သိမ်းပြီး နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဝတ္တရား နှောင့်ယှက်သည်ဟု စွပ်စွဲကာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၃၂ အရ လည်းကောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အများမကြားဝံ့ မနာသာအောင် ဆဲဆိုမှုဖြင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၄ အရ လည်ကောင်း အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ၃လ အမိန့် ချမှတ်ခံခဲ့ရသည်။
အလောင်းအား ယမန်နေ့ နေ့လည် ၁၂ နာရီခန့်တွင် အင်းစိန်ထောင်မှ သွားထုတ်ယူခဲ့ပြီး ရေဝေးသုဿန်တွင် ထားရှိ ပြီး မနက်ဖြန် မွန်းလွဲ ၂ နာရီ၌ သင်္ဂြိုလ်မည်ဖြစ်သည်။ ထောင်အာဏာပိုင်များ၏ ကူညီမှုလည်းရရှိခဲ့ပြီး ဈာပနကိစ္စ အဝဝကိုမူ ကျန်ရစ်သူ မိသားစုက တာဝန်ယူလုပ်ဆောင်ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ဗဟန်းမြို့နယ် အုတ်လမ်းတွင် နေထိုင်သူ မတင်တင်ထွေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်တဦး မဟုတ်သော်လည်း NLD နှင့် နီးစပ်မှုရှိပြီး နိုင်ငံရေး ကိစ္စများတွင် စိတ်ပါဝင်စားသူတဦး ဖြစ်ကြောင်း ဗဟန်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။
သူမတွင် နှလုံးရောဂါနှင့် သွေးတိုး ရောဂါအခံ ရှိသည်။ သေဆုံးချိန်တွင် သူမ၏ မိခင် အပါအဝင် သားတဦးနှင့် သမီးနှစ်ဦး ကျန်ခဲ့သည်။
ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု ကောင်းစွာမရရှိသဖြင့် ယခုနှစ်အတွင်း သေဆုံးခဲ့ရသူ သူမ အပါအဝင် နိုင်ငံရေး အကျဉ်းသူ/သား ၃ ဦး ရှိသွားပြီ ဖြစ်ကြောင်း AAPP (B) က ထုတ်ပြန်သည်။
AAPP မှတ်တမ်းအရ ၁၉၈၈ ခုနှစ်မှ စတင်၍ ယနေ့ထိ ထောင်တွင်း သေဆုံးခဲ့ရသော နိုင်ငံရေး အကျဉ်းသူ/ သားပေါင်း ၁၄၃ ဦးရှိပြီ ဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Geen opmerkingen: