မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 14 december 2009

တိုင်းရင်းသားအဖွဲ့များ ဘိန်းစိုက်ပြီး လက်နက်ဝယ်နေဟု ကုလ ပြော


        
Monday, 14 December 2009 19:16 ကိုထွေး
.မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် လက်နက် ၀ယ်ရန် ဘိန်းကို ပိုမို စိုက်ပျိုးလာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) က ယနေ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး ပြောကြားလိုက်သည်။

“အရှေ့တောင် အာရှဒေသအတွင်း ဘိန်းစိုက်ပျိုးမှု” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် ၃ နှစ်ဆက်တိုက် ဘိန်းထုတ်လုပ်မှု အများဆုံး ဖြစ်ခဲ့ပြီး ယခုနှစ်အတွင်း ၁၁ ရာခိုင်နှုန်း ပိုမို ထုတ်လုပ်လာကြောင်း ဖော်ပြထားသည်။
“ကချင်နဲ့ ၀ တို့လို ငြိမ်းချမ်းရေး အဖွဲ့တွေဟာ လက်နက်ဝယ်ဖို့ အတွက် ဘိန်းကို စိုက်ပျိုးနေတယ် ဆိုတဲ့ အထောက်အထားတွေကို တွေ့ရပါတယ်” ဟု UNODCမှ အမှုဆောင် ညွှန်ကြားရေးမှူး Antonio Maria Costaက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ စတင်၍ ဘိန်းစိုက်ပျိုးမှုမှာ ၅၀ ရာခိုင်နှုန်း ပိုမို များပြားလာပြီး ဟက်တာ ၃၁၇၀၀ အထိ ရှိကြောင်း၊ လာအိုနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုမှာ ၁၉ ရာခိုင်နှုန်းအထိ များပြားလာသော်လည်း ဟက်တာ ၁၉၀၀ သာ ရှိကြောင်း အစီရင်ခံစာက ဆိုသည်။
တခြား ကောက်ပဲသီးနှံ ဈေးနှုန်းများ ကျဆင်းနေချိန်တွင် ဘိန်း ၁ ကီလိုဂရမ်လျှင် ၁၃၂၆ ဒေါ်လာနှုန်း ရှိသဖြင့် လယ်သမားများကို ဘိန်းစိုက်ရန် ဆွဲဆောင်သကဲ့သို့ ဖြစ်နေကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
ကချင်ပြည်နယ်မှ လက်နက်ကိုင် အဖွဲ့ကြီး တခုက ထိုအစီရင်ခံစာတွင် ရေးသားထားချက်များကို သဘောမတူပေ။
“ဒါကတော့ လုံးဝမမှန်ပါဘူး၊ မူးယစ်ဆေးဝါး၊ ဘိန်း စတာကနေ ၀င်ငွေရှာဖို့ ဘယ်တော့မှ မကြိုးစားဘူး” ဟု ကချင် လွတ်မြောက်ရေး အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာက ဧရာဝတီသို့ ပြောသည်။
“နှစ်စဉ် နှစ်တိုင်း ဘိန်းခင်း ဖျက်ဆီးရေး၊ ဖမ်းဆီးတာက အစ၊ နောက် ဘိန်းစွဲတဲ့သူတွေကို ပြုပြင်ရေး အဲသလိုတွေ လုပ်နေတာပဲ၊ အမျိုးသားရေးကိစ္စ တခုအနေနဲ့ အထူး ဂရုပြုပြီး လုပ်နေတာပါပဲ” ဟု ဒေါက်တာ လဂျာက ပြောသည်။
သို့သော်လည်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်သတင်းဌာနတခုကမူ တိုင်းရင်းသားအဖွဲ့တချို့က ဘိန်းစိုက်ပျိုးမှု လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။
“ဗိုလ်ချုပ်ခင်ညွန့်ကို ဖြုတ်လိုက်တဲ့ ၂၀၀၄ နောက်ပိုင်းမှာတော့ ဒီ ၀၊ ကေအိုင်အိုတို့ စီးပွားရေးကို ပိတ်ဆို့တဲ့ ဟာတွေကို အာဏာပိုင်တို့က လုပ်လာတော့ သူတို့ အဖွဲ့အစည်း ၀င်ငွေရအောင်၊ လက်နက်တွေ ဘာတွေ ၀ယ်လို့ရအောင် ဘိန်း စိုက်လာတယ်” ဟု ကချင်သတင်းစဉ် မှ အယ်ဒီတာ လဖိုင်နော်ဒင်းက ပြောသည်။
“နိုင်ငံရေး အရ အဖြေရှာလို့ မရဘူး ဆိုရင်တော့ ဘိန်းက ပိုဖြစ်လာမယ်” ဟု လဖိုင်နော်ဒင်းက ပြောသည်။
ဘိန်းစိုက်ပျိုးခြင်းသည် ငွေရရန် အလွယ်ကူဆုံး ဖြစ်နေကြောင်း၊ ကချင်ပြည်နယ်တွင် ဘိန်းစိုက်သူများကို ဒေသခံ အာဏာပိုင်တို့က ပုံမှန် ဆက်ကြေးကောက်ကြောင်း၊ ဘိန်းစိုက်ပျိုးမှုကြောင့် ၀င်ငွေ အများဆုံး ရသူများထဲတွင် ဒေသခံ အာဏာပိုင်များ ပါဝင်ကြောင်း သူက ဆက်ပြောသည်။
UNODC အစီရင်ခံစာတွင် ဖော်ပြထားသကဲ့သို့ပင် ၀ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့သည်လည်း မှုးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေးနှင့် ဘိန်းစိုက်ပျိုးမှုများ တွင် ပါဝင် ပတ်သက်သည့် အဖွဲ့အဖြစ် လူသိများသည်။
သို့သော်လည်း ဝ တပ်ဖွဲ့က ၎င်းတို့ထိန်းချုပ်ရာ ဒေသတွင် ဘိန်းစိုက်ခွင့် တားမြစ်ထားသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ပြောသည်။
“၀ လက်နက်ကိုင် တပ်ဖွဲ့ ကတော့ လုံးဝ စိုက်ခွင့် မပေးဘူး၊ စိုက်မယ် ဆိုရင်တော့ သူတို့ရဲ့ ဧရိယာ အပြင်ဘက်မှာ စိုက်တာတွေတော့ ရှိတယ်၊ သူတို့ နယ်မြေတွေမှာတော့ မစိုက်ဘူး၊ ဘာကြောင့်လဲ သူတို့က တရုတ်ကို ကြောက်လို့ ဖြစ်တယ်” ဟု ဦးခွန်စိုင်းက ဆိုသည်။
အမေရိကန်နှင့် ကုလသမဂ္ဂတို့ ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတဝန်းတွင် အာဖဂန်နစ္စတန်သည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသည် ဒုတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

Geen opmerkingen: