မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 15 december 2009

ကိုကိုးကျွန်းသို့ ဒုတိယခရီးစဉ် ထပ်မံပြေးဆွဲမည်


တက်လူ/ ၁၅ ဒီဇင်ဘာ ၂၀၀၉

အများပြည်သူတို့အား သွားလာခွင့် ပိတ်ပင်ထားသည့် ကိုကိုးကျွန်းကို ဒုတိယအကြိမ်အဖြစ် လေ့လာရေးခရီးစဉ် သွားရောက်နိုင်ရန် စစ်အစိုးရက ထပ်မံခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီ (တယက) က ပြောကြားသည်။
အဆိုပါခရီးစဉ်ကို ယခုလ (၂၄) ရက်တွင် မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းမှ သံလွင်သင်္ဘောဖြင့် သွားရောက်မည်ဖြစ်ကြောင်း တယကမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
သွားရောက်မည့်ကာလမှာ (၃) ညအိပ် (၄) ရက် ခရီးဖြစ်ပြီး သင်္ဘောတွင် (၂) ယောက် အိပ်ခန်း တခန်းလျှင် ကျပ် (၅) သောင်း၊ (၄) ယောက်အိပ်ခန်း တခန်းလျှင် ကျပ် (၄) သောင်းနှင့် ရိုးရိုးတန်းကို ကျပ် (၃) သောင်းခွဲ သတ်မှတ်ရောင်းချမည်ဟု ၎င်းက ပြောသည်။
အဆိုပါ သံလွင်သင်္ဘောဖြင့်ပင် ပြီးခဲ့သည့်နိုဝင်ဘာ (၂၀) ရက်တွင် ပထမအကြိမ်အဖြစ် ကိုကိုးကျွန်းသို့ ခရီးသည် (၄၀၀) ကျော် သွားရောက်ခဲ့ပြီးဖြစ်သည်။
ခရီးသည်အများစုမှာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး အနုပညာသည်များ ပါဝင်ကြကာ နိုင်ငံပိုင် မီဒီယာများကို အသွားအပြန် ခရီးစရိတ်ငြိမ်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ကိုကိုးကျွန်းခရီးစဉ်ကို သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတခုအနေဖြင့် ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်က စီမံခဲ့ခြင်းဖြစ်ပြီး ပထမခရီးစဉ် အောင်မြင်ကြောင်း တယကမှ တာဝန်ရှိသူက ပြောသည်။
ပြည်တွင်းအခြေစိုက် စာနယ်ဇင်းသမားတဦးကမူ “အောင်မြင်တယ်ဆိုတာမျိုးက ဘယ်လိုမျိုးလဲ။ သူတို့ ခေါ်သွားတာက မီဒီယာတွေပါတယ်၊ အစိုးရဌာနဆိုင်ရာတွေကို ခေါ်သွားတယ်၊ ပြီးတော့ အနုပညာရှင်တွေလေ။ တကယ်သွားချင်လို့  လိုက်ခဲ့သူတွေက နည်းတယ်။ သူတို့က လိုက်ပါဆိုလို့ လိုက်တဲ့သူတွေက များတယ်။ ဒါကိုအောင်မြင်တယ်လို့ ပြောလို့ရမလား” ဟု ဆိုသည်။
၁၉၅၉ ခုနှစ် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရလက်ထက်က ကိုကိုးကျွန်းကြီးကို တကျွန်းအဖြစ် ထူထောင်၍ နိုင်ငံရေးအကျဉ်းသားများကို ပို့ဆောင်ထားရှိခဲ့ပြီး နောက် ၁၉၇၁ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ရာ ရန်ကုန် အင်းစိန်ထောင်သို့ ရွှေ့ပြောင်းထားရှိပြီး ယင်းတကျွန်းထောင်ကို ပိတ်လိုက်ကြောင်း၊ ယင်းနောက် ကိုကိုးကျွန်းကို ရေတပ်၏ ကွပ်ကဲမှုအောက်တွင်ထားရှိကာ ကျွန်းပေါ်သို့ အများပြည်သူသွားလာခွင့်ကို ကန့်သတ်ထားခဲ့ခြင်းဖြစ်ကြောင်း အငြိမ်းစားဗိုလ်မှူးဟောင်းတဦးက ပြောသည်။
ကိုကိုးကျွန်းသည် ရန်ကုန်မြို့အနောက်တောင်ဘက်မိုင် (၂၆ဝ) အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိပြီး ကိုကိုးကြီးကျွန်း၊ မင်္ဂလာကျွန်း၊ ကိုကိုးလေးကျွန်း၊ ဂျယ်ရီကျွန်း၊ စားပွဲကျွန်း၊ ရတ်ကျွန်းတို့အပါအဝင် ကျွန်းပေါင်း (၁၂) ကျွန်းဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ယခုအခါ ကိုကိုးကျွန်းတွင် လူဦးရေ (၁၀၀၀) ကျော် ရှိပြီး အိမ်ခြေ (၂၀၀) ကျော်ရှိကာ အများစုက အစိုးရ ဝန်ထမ်များဖြစ်ကြောင်း ကိုကိုးကျွန်း ခရီးစဉ်ကို လိုက်ပါဖူးသူတဦးက ပြောသည်။

Geen opmerkingen: