မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 22 december 2009

အနှိပ်စက် ခံရသူများဘက်မှ သက်သေထွက်သည့် အလုပ်သမများ အလုပ်ထုတ်ခံရ

Tuesday, 22 December 2009 19:51 ဘစောတင်
.ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ Top Form Brassier Mae Sot Co. Ltd အမျိုးသမီး အတွင်းခံအင်္ကျီ ချုပ်စက်ရုံမှ ထိုင်းလူမျိုး စက်ရုံလုံခြုံရေး ၀န်ထမ်းများက မြန်မာအလုပ်သမား ၂ ဦးကို မတရားနှိပ်စက်မှု နှင့် ပတ်သက်ပြီး ဆန္ဒပြ၍ သက်သေခံ ထွက်ဆိုသော အလုပ်သမ ၃ ဦးသည် ယနေ့ နံနက်တွင် အလုပ်ထုတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ယင်းစက်ရုံမှ မအိ၊ မ၀င်းမာ၊ မယဉ်ယဉ်ထွန်း ဆိုသူ အလုပ်သမ (၃)ဦးကို အစမ်းခန့်ကာလ (၄)လ မပြည့်သော အကြောင်းပြ ချက်ဖြင့် အလုပ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု အလုပ်သမားအရေးများကို ကူညီဆောင်ရွက်ပေးနေသော မဲဆောက်မြို့ရှိ People Volunteer Association (PVA) အဖွဲ့ ခေါင်းဆောင် ကိုသိန်းဆန်းက ပြောဆိုသည်။
“ဒီနေ့ မ နက်က အလုပ်သမ ၃ ယောက်ကို အလုပ်ဖြုတ်လိုက်တယ်၊ အကြောင်းပြချက်ကတော့ လုပ်သက်လေးလ မပြည်သေးလို့ ဆိုတယ်၊ ဒါပေမယ့် တကယ်က စက်ရုံအလုပ်သမားတွေကို သူတို့ကအလုပ်သမားအခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ပေးပါ့မယ်လို့ ကတိပေးလိုက် ရလို့ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
အလုပ်သမားကိုယ်စားလှယ်တဦးဖြစ်သူ မမေသူထွန်းကလည်း“ကောင်မလေး ၃ ယောက်ကို မနက် က အလုပ်ထုတ်လိုက်ပါတယ်။ အခု သူတို့ မြ၀တီ ဘက်ကမ်းကို ကူးသွားကြလို့ ဆက်သွယ်လို့မရတော့ဘူး” ဟုဆိုသည်။
အဆိုပါ အလုပ်သမ ၃ ဦးထဲမှ မယဉ်ယဉ်ထွန်းမှာ အသက် (၂၂)ခန့် ရှိပြီး ရန်ကုန်မှဖြစ်ကြောင်း၊ မအိ ဆိုသူမှာ (၂၁) ခန့် ရှိ၍ မွန်ပြည်နယ်
သထုံမှ ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်သူများဖြစ်ကြောင်းလည်း မမေသူထွန်းက ပြောပြသည်။
ပြီးခဲ့သည့် သောကြာနေ့ ညပိုင်းက အဆိုပါစက်ရုံမှ ထိုင်း လူမျိုး စက်ရုံလုံခြုံရေးဝန်ထမ်း(ယန်း) ၄ ဦးက ရန်စ ထိုးနှက်မှုကြောင့် အလုပ်သမား မသက်မာစိုး၏ အစ်ကိုဖြစ်သူ ကိုသက်ပိုင်စိုးနှင့် ဝေါကြီး ဆိုသူတို့ ဒဏ်ရာပြင်းထန်စွာရရှိကြပြီး ဆေးရုံတွင် တက် ရောက် ကုသခဲ့ရခြင်းနှင့်ပတ်သက်၍ ယခုအလုပ်ထုတ်ခံရသူ ၃ ဦးအပါအ၀င် အလုပ်သမား ၃၀၀၀ ကျော်က အလုပ်သမား အခွင့် အရေးများကို တောင်းဆို ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။
အလုပ်သမားများက တရားခံကိုဖော်ထုတ်အရေးယူရန်၊ အလုပ်သမားများ၏ အခွင့်အရေးကိုပေးရန် စသည့် တောင်းဆိုချက်များကို တောင်းဆိုဆန္ဒပြခြင်း ဖြစ်သည်။
ထို့နောက် ယင်းအမှုကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် စက်ရုံ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးရာတွင် အလုပ်ထုတ်ခံရသော မအိ၊ မ၀င်းမာ၊ မယဉ်ယဉ်ထွန်း အပါအ၀င် အလုပ်သမား (၁၈)ဦးက ကိုသက်ပိုင်စိုးနှင့် ဝေါကြီးတို့ အနှိပ်စက်ခံရခြင်းဖြစ်ကြောင်း မျက်မြင် သက်သေများအဖြစ် ရဲ စခန်းတွင် ထွက်ဆိုပေးခဲ့ကြသည်ဟု ကိုသိန်းဆန်းက ပြောသည်။
ယမန်နေ့တွင် အလုပ်သမားကိုယ်စားလှယ်(၅)နှင့် ညှိနှိုင်းဆွေးနွေးပြီး အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏ တောင်းဆိုချက်များ ကို လိုက်လျောပေးမည်ဟု အကြောင်းပြန်ခဲ့ပြီးနောက် ယင်း အလုပ်သမ ၃ ဦးကို အလုပ်ထုတ်ပယ်ခြင်း ဖြစ်ပေါ်ခဲ့သည်။
ထိုင်း နိုင်ငံ မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ခေါင်းဆောင် ကိုမိုးဆွေက ထိုသို့ မျက်မြင်သက်သေအဖြစ် ထွက်ဆိုခဲ့သောကြောင့် ယင်းအလုပ်သမ (၃) ဦးကို အလုပ်မှ ထုတ်ပယ်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။
“အခုလို အလုပ်သမားအခွင့်အရေး တောင်းဆို ဆန္ဒပြမှုတွေ ပေါ်ပေါက်ပြီးမှ ဒီ အစမ်းခန့်ကာလ အကြောင်းပြချက်နဲ့ ထုတ်ပစ်တာ ကတော့ လုပ်ရိုး လုပ်စဉ်မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ဒီအလုပ်သမတွေ က မျက်မြင်သက်သေတွေအဖြစ် ဆောင်ရွက်ခဲ့သူတွေ မို့ လို့ ထုတ်ပစ်တာသေချာတယ်”ဟု ကိုမိုးဆွေက ပြောသည်။
အလုပ်သမားကိုစားလှယ်များကိုလည်း အလုပ်ရှင်ဘက်မှ တနည်းနည်းဖြင့် အလုပ်မှ ထွက်သွားစေရန် ပြုလုပ်နိုင်သည်ဟု ၎င်းက ဆိုသည်။
နောက်ဆုံးအခြေအနအရ ပြစ်မှု စတင်ကျူးလွန်သော စက်ရုံလုံခြုံရေးဝန်ထမ်း ၄ ဦးကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက ပြောဆိုကြောင်း၊ ကိုသက်ပိုင်စိုးနှင့် ဝေါကြီးဆိုသူတို့ကို မြန်မာ နိုင်ငံ မြ၀တီဘက်သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် စက်ရုံပေါင်း (၃၀၀) နီးပါးခန့်ရှိပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား၂ သန်းခွဲနှင့် အထက်ရှိမည်ဟု အလုပ်သမားအရေးဆောင် ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုကြသည်။

Geen opmerkingen: