မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 15 december 2009

အရောင်းစင်တာများ မြို့တော်ဝန်အမိန့် မလိုက်နာ

မျိုးချစ်သူ/ ၁၅ ဒီဇင်ဘာ ၂၀၀၉

ရန်ကုန်မြို့တော်ဝန်က ရန်ကုန်အရောင်းစင်တာများကို တပတ်လျှင် တရက်ပိတ်ရန် ညွှန်ကြားခဲ့သော်လည်း လိုက်နာသူမရှိကြောင်း အဆင့်မြင့်အရောင်းစင်တာများမှ သိရသည်။
မြို့တော်ဝန်က ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက ရန်ကုန်ရှိ ကိုယ်ပိုင်ဈေးကြီးများဖြစ်သော စူပါမားကက်များ၊ စူပါစင်တာများ၊ ပလာဇာများကို တပတ်လျှင် တရက်ပိတ်ရန် စာများပေးပို့ခဲ့ခြင်းဖြစ်သည်။
သို့သော် အရောင်းဆိုင်များနှင့် အလုပ်သမားများအကြား နားလည်မှုရှိပါက ပိတ်ရက်မလိုအပ်ကြောင်း အိုးရှင်းစူပါစင်တာမှ တာဝန်ရှိသူတဦးက ပြောသည်။
“ကျနော်တို့ရဲ့ အလုပ်သမားတွေနဲ့ ကျနော်တို့စင်တာက အရောင်းဆိုင်ပိုင်ရှင်တွေနဲ့ အဆင်ပြေကြတယ်ဆိုရင် တပတ် တရက်ပိတ်ဖို့ မရှိပါဘူး။ ဒါက နှစ်ဦးနှစ်ဖက် သဘောတူကိစ္စပဲလေ” ဟု ၎င်းက ပြောသည်။
မြို့တော်ဝန်၏ အကြောင်းကြားစာနှင့်ပတ်သက်၍ အလုပ်သမားဦးစီးရုံးကို ဆက်သွယ်မေးမြန်းမည်ဟု အိုးရှင်းစူပါစင်တာမှ တာဝန်ရှိသူက ပြောသည်။
လှိုင်သာယာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး မြို့နယ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူတဦးကမူ ယခုကဲ့သို့ ကိုယ်ပိုင် ဈေးများတွင် တပတ် တရက် ပိတ်ရမည်ဟူသည့်အမိန့်နှင့် ပတ်သက်၍ လာရောက်ဆွေးနွေးနိုင်ကြောင်း ပြောသည်။
ယုဇနပလာဇာတွင်မူ အဆိုပါ ကြေညာချက်ကြောင့် နိုဝင်ဘာလကုန်ရက်မှစ၍ တပတ်လျှင် တနင်္လာနေ့ကို တရက် ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
“အခုလိုမျိုး တပတ်ကိုတရက် ပိတ်ခိုင်းတဲ့အတွက် အလုပ်ရှင်တွေ နစ်နာတယ်။ ဘာလို့လဲဆိုရင် အရောင်းဆိုင်တွေက စီးပွားရေးမကောင်းလို့  ရောင်းအားမကောင်းဘူးလေ။ ဒီနှစ်က အားလုံးသိကြပါတယ်။ ယုဇနပလာဇာအနေနဲ့ နယ်က၀ယ် လက်ကိုပဲ အားကိုးရတာ။ အခု ကျန်တဲ့ စူပါစင်တာတွေကတော့ မပိတ်ဘူး” ဟု ယုဇနပလာဇာရှိ အရောင်းဆိုင်တခုမှ မန်နေဂျာက ပြောသည်။
ကိုယ်ပိုင်ဈေးကြီးများအား တပတ်လျှင်တရက် ပိတ်ရမည်ဟူသော ညွှန်ကြားချက်ကို မြို့တော်ဝန်ထုတ်ပြန်ရန်မလိုကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၏ အရာထမ်းတဦးက ပြောသည်။
“မြို့တော်ဝန်က မြို့တော်နဲ့ပတ်သက်တာတွေကို ဆောင်ရွက်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် ဒီအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ဥပဒေတွေကိုတော့ သေသေချာချာမသိဘဲ ညွှန်ကြားချက်ထုတ်ဖို့ မလိုဘူး။ ဆောင်ရွက်စရာရှိရင် ကျနော်တို့ ၀န်ကြီးဌာနကပဲ ဆောင်ရွက်ရမှာပါ” ဟု ပြောသည်။

Geen opmerkingen: