မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 16 december 2009

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် တရားဝင် နယ်စပ်ဂိတ်သစ်ဖွင့်ရန် ထိုင်းကြိုးပမ်း

ဝီရ / ၁၆ ဒီဇင်ဘာ ၂၀၀၉

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း စတင်ရန်နှင့် တနင်္သာရီတိုင်းမှတဆင့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံအထိ ကုန်းတွင်းပိုင်း သယ်ယူပို့ဆောင်ရေးအတွက် ရည်ရွယ်၍ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အသစ်များ တရားဝင်ဖွင့်လှစ်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း သိရသည်။
ဖွင့်လှစ်ရန် စီစဉ်နေသည့် နေရာများအနက် မြန်မာနိုင်ငံတောင်ပိုင်းနှင့် ထိစပ်နေသည့် ကန်ချနဘူရီ - ထားဝယ်အစပ် ဟွေ့နမ်ခေါင်ဂိတ်၊ စင်းခွန်ဂိတ်တို့လည်း ပါဝင်သည်။
ဟွေ့နမ်ခေါင်နယ်စပ်မြို့မှ မြန်မာကုန်သည်တဦးက “ဟွေ့နမ်ခေါင်နယ်စပ်ကနေ မြန်မာဘက်က ထွက်တဲ့သစ်တောတွေ၊ ရေထွက်ပစ္စည်းတွေကို ထိုင်းက လွယ်လွယ်ရသွားမယ်။ ထိုင်းဘက်က ဒီနယ်စပ်ကို သုံးပြီးတော့ ဘန်ကောက်အနားက မဟာချိုင် (စမွန်ဆခွန်) အထိ တိုက်ရိုက် လမ်းဖောက်ဖို့ရှိတယ်။ ဒေသခံပြည်သူတွေအတွက်က စက်ရုံတွေ ထပ်ဖွင့်ရင် အလုပ်အကိုင်အခွင့်အလမ်း ရနိုင်ပေမယ့် ဈေးချိုတဲ့မြန်မာအလုပ်သမားတွေရဲ့ လုပ်အား အသုံးပြုနိုင်တဲ့ ထိုင်းစက်ရုံပိုင်ရှင်တွေအတွက် အကျိုးပိုရစေတာပေါ့။ အစိုးရနဲ့ဆက်နွှယ်တဲ့ မြန်မာ့စီးပွားရေးသမားတွေကလည်း ဒီဒေသက ထွက်တဲ့ သယံဇာတတွေ လုပ်ကိုင်ခွင့်ရမယ်။ နှစ်နိုင်ငံ အစိုးရအတွက်နဲ့ သူတို့လူတွေပဲ အကျိုးဖြစ်မှာပါ” ဟု ပြောကြားသည်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ မောင်းမကန်ကမ်းခြေအနီးတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန်နှင့် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ကုန်စည်များကို ထိုရေနက်ဆိပ်ကမ်းမှတဆင့် နယ်စပ်ဖြတ်ကျော်၍ လွယ်လင့်တကူ သယ်ယူပို့ဆောင်ရေး စီမံချက် အကောင်အထည်ဖော်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရတို့က ၂၀၀၈ ခု မေလတွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြပြီး ထိုင်းအစိုးရက ဟွေ့နမ်ခေါင်နယ်စပ်ကို ဖြတ်၍ ကီလိုမီတာ (၁၃၀) ရှည်လျားသည့် ကားလမ်းဖောက်လုပ်ရန် သဘောတူညီခဲ့ကြသည်။
ကေအန်ယူ တပ်မဟာ (၄) ထိန်းချုပ်ဒေသတချို့ ပါဝင်သည့် ဟွေ့နမ်ခေါင် နယ်စပ်ဖြတ်ကျော် ကားလမ်းနှင့်ပတ်သက်၍ ထိုင်းအစိုးရက ကေအန်ယူအပေါ် ဖိအားပေးမှု ရှိနေသကဲ့သို့ အာရှလမ်းမကြီး စီမံကိန်းသည် ကေအန်ယူ၏ ရှေ့ဆက် ရပ်တည်ရေးအတွက် အခက်အခဲဖြစ်စေကြောင်း သိရသည်။
ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်တဦီးက “ထိုင်းအစိုးရကတော့ အာရှလမ်းမကြီးရဲ့ လမ်းပိုင်းတချို့မှာ ရှိတဲ့ဒေသတွေကို ငြိမ်းချမ်းစေချင်တယ်။ ဒါမှ နှစ်နိုင်ငံအစိုးရက အမြန်ဆုံး အကောင်အထည်ဖော်နိုင်မယ်လေ။ ထိုင်းအစိုးရက ကေအန်ယူကို တိုက်ရိုက် ဖိအားပေးတာတွေ မရှိပေမယ့် ဒီဒေသတွေ ငြိမ်းချမ်းသာယာလာအောင် စစ်အစိုးရနဲ့ သဘောတူညီမှု ရယူပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့တော့ ပြောတာတွေရှိတယ်။ ကေအန်ယူကလည်း နှစ်ဦးနှစ်ဖက်အတွက် စစ်မှန်တဲ့ ရလဒ်ကောင်းတွေအတွက် တွေ့ဆုံဆွေးနွေးရေးကို အမြဲတမ်း ကြိုဆိုနေပါတယ်။ ခက်တာက နအဖရဲ့တလမ်းမောင်း ဆွေးနွေးရေးကြောင့် ဖြစ်တယ်။ အစစ်အမှန် ငြိမ်းချမ်းရေးအတွက် သူတို့က မဆွေးနွေးချင်ကြဘူး” ဟု ပြောသည်။
တရားဝင် ထပ်ဖွင့်မည့် မြန်မာနိုင်ငံ တောင်ပိုင်းစွန်းရှိ စင်းခွန်နယ်စပ်ဂိတ်သည် ကျောက်မီးသွေးနှင့် အခြားသဘာဝ သယံဇာတ ထွက်ရှိရာဖြစ်၍ ထိုင်းအစိုးရက ဒေသထွက်ပစ္စည်းများကို အလွယ်တကူ တူးဖော်နိုင်ရန်၊ လုပ်ငန်းခွင် ဖွင့်လှစ်နိုင်ရန်အတွက် တရားဝင် နယ်စပ်ဂိတ်အဖြစ် စီစဉ်နေခြင်းဖြစ်ကြောင်း ထိုကေအန်ယူခေါင်းဆောင်က ဆိုသည်။
၂၀၀၇ ခုနှစ်ကတည်းက မြန်မာအာဏာပိုင်တို့ဘက်က ပိတ်ပစ်လိုက်သည့် ဘုရားသုံးဆူနယ်စပ်ဂိတ်ကိုလည်း တရားဝင် နယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်ရန်ရှိပြီး ဒေသခံမြန်မာတို့က အလုပ်အကိုင် အခွင့်အရေးအချို့ ရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
ဘုရားသုံးဆူမြို့ခံတဦးက “နှစ်နိုင်ငံ အာဏာပိုင်တွေအတွက်က ဂိတ်ဖွင့်၊ မဖွင့် သိပ်မထူးခြားဘူးလေ။ ဘာလို့လဲဆိုတော့ ဂိတ်ကြီးကိုသာ သူတို့ပိတ်ထားပြီး စစ်တပ်ကလည်း သူတို့ခိုးဖွင့်ထားတဲ့ ကိုယ်ပိုင်ဂိတ်တွေ ရှိတယ်လေ။ ရဲလည်း အဲဒီအတိုင်းပဲ။ တရားဝင် ဖွင့်လိုက်ရင်တော့ သာမန်ပြည်သူတွေအတွက် သွားလာရေး ပိုကောင်းလာမယ်။ ကုန်ပစ္စည်းတွေကို ဒီထက်ဈေးချိုတဲ့နှုန်းနဲ့ ဝယ်ယူစားသောက်နိုင်ကြမယ်။ အလုပ်အကိုင်တွေ ပိုပေါလာမယ်လို့ မျှော်လင့်နေကြတယ်” ဟု ပြောသည်။
ဘုရားသုံးဆူနယ်စပ်တွင် ဒေသခံ မြန်မာအာဏာပိုင်တို့အပါအဝင် အပစ်ရပ်တိုင်းရင်းသားတို့က ဂိတ်ကိုယ်စီ ဖွင့်လှစ်လျက်ရှိ၍ တရားဝင်ဂိတ် ဖွင့်လှစ်လျှင် ၎င်းတို့အတွက် ဝင်ငွေ နည်းပါးသွားစေနိုင်၍ နယ်စပ်ဂိတ်ကို တရားဝင် ဖွင့်လှစ်ရန်ပင် မနှစ်ခြိုက်ကြကြောင်း ထိုမြို့ခံက ဆက်လက်ပြောကြားသည်။
ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနက ၂၀၁၀ ပြည့်နှစ်တွင် တရားဝင်ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် နယ်စပ်ဂိတ် (၄) ခုအနက် မဲဟောင်ဆောင်-ရှမ်းပြည်နယ်အစပ် ဟွေ့တုံနန်ဂိတ်လည်း ပါဝင်ပြီး လက်ရှိ တရားဝင် နယ်စပ်ဂိတ် (၃) ဂိတ်မှာ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းတို့ဖြစ်သည်။

Geen opmerkingen: