ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၅၆ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနေရှင်နယ်လိဂ် - MNL တွင် ကစားနေသော ဝန်ကြီးဌာနအောက် ဘောလုံးသမားများအနေဖြင့် သက်ဆိုင် ရာဌာနများသို့ မပြန်လာပါက အငြိမ်းစားပေးခံရတော့မှာဖြစ်ကြောင်း သိရသည်။
တာဝန်ပြန်လည်ထမ်းဆောင်မည်ဆိုပါက လာမည့်နှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ အကြောင်း ကြားရမည်ဖြစ်သည်။
“ဝန်ကြီးဌာန ကစားသမားတွေကို ခေါ်ထားမယ်ဆိုရင် စာရင်းပို့ပေး။ သူတို့ဆီမှာ ပြန်လုပ်မယ်ဆိုရင် လည်း လက်ခံမယ်။ ထွက်မယ်ဆိုရင် စာရင်းပို့။ အငြိမ်းစား လုပ်ပေးမယ်။ အဲလိုမျိုး။ ဘောလုံးအဖွဲ့ချုပ် ကနေတဆင့် အကြာင်းကြားလာတာပါ” ဟု ရန်ကုန်ယူနိုက်တက် YUFC မန်နေဂျာ ဦးအောင်ကျော်လွင်က မဇ္ဈိမကိုပြောသည်။
MNL ရှိ ဘောလုံးအသင်း ၈ သင်းမှ ဘောလုံးသမားများထဲတွင် ဘဏ္ဍာအခွန်၊ စီးပွားကူးသန်း၊ ပို့ဆောင်
ဆက်သွယ်ရေး၊ စွမ်းအင်၊ ပြည်ထဲရေး၊ မီးရထား အပါအဝင် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများလည်း ပါဝင်နေခြင်းဖြစ်သည်။
ယင်းဝန်ထမ်းများမှာ ယခင်က ဝန်ကြီးဌာနကလပ်အသင်းများ၌ ကစားနေကြသူများဖြစ်ပြီး ယခုနှစ်တွင် စတင်သည့် MNL သို့ ပြောင်းလဲကစားလာကြခြင်းဖြစ်သည်။
၂ နှစ်တာကာလ ကစားခွင့်ပြုမည်ဟု ယခုနှစ် အစပိုင်းတွင် သက်ဆိုင်ရာဝန်ကြီးဌာနများထံမှ အလွတ် သဘော ခွင့်ပြုချက်ရခဲ့သော်လည်း ယခုတနှစ်သာရှိသေးချိန်တွင် ယခုကဲ့သို့ အကြောင်းကြားလာခြင်း ဖြစ်သည်။
ဝန်ကြီးဌာနများမှ အကောက်အခွန်မှူး၊ ဦးစီးအရာရှိ စသည့်ရာထူးအဆင့် ကစားသမားများလည်း ပါဝင်ပြီး ကလပ်အသင်းတွင်ဆက်နေရန် (သို့) ဌာနသို့ပြန်ရန်နှင့်ပါတ်သက်ပြီး အသင်းနှင့် ကစားသမားများ အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
“ကစားသမားတွေနဲ့ညှိနှိုင်းနေတုန်းရှိသေးတယ်။ ကျနော်တို့စီမှာကတော့ ၃ သိန်းကနေ ၁ဝ သိန်းအထိရ မှာပေါ့။ သူတို့ဌာနမှာတော့ ရာထူးလစာ သတ်မှတ်ထားတဲ့အတိုင်းရမှာပေါ့။ ဦးစီးအရာရှိဆိုရင် ၈ သောင်း အဲလိုမျိုးသူ့အဆင့်နဲ့သူ ရကြတာပဲ” ဟု ဦးအောင်ကျော်လွင်ကပြောသည်။
အသက် ၃ဝ အထက် ကစားသမားများအနေဖြင့် ဌာနတွင်ပြန်လည်တာဝန် ထမ်းဆောင်နိုင်ပြီး ကစားအားရှိသည့် လူငယ်ကစားသမားများအနေဖြင့် ဝင်ငွေကွာဟမှုကြောင့် ဌာနသို့ ပြန်လိမ့်မည် မဟုတ်ကြောင်း အားကစားကလောင်ရှင် ဦးခင်မောင်ထွေးက ခန့်မှန်းပြောသည်။
“၄-၅ နှစ်လောက် ကစားနိုင်မယ့်လူဆိုရင် သူတို့က ဒီမှာတနှစ်ဆို ကျပ်သိန်း ၁ ရာဝန်းကျင်လောက် ရနေ တာပဲဗျာ။ သူတို့ဌာနဆိုင်ရာမှာ မရနိုင်ဘူး။ ဟိုဘက်မှာလည်း အငယ်တန်းအရာရှိတို့ ဘာတို့ဖြစ်နိုင်မယ် ဆိုရင် ဌာနဆိုင်ရာ ပြန်ကြမှာပေါ့” ဟု ဦးခင်မောင်ထွေးက မဇ္ဈိမကို ပြောသည်။
MNL တွင် လက်ရှိ အသင်း ၈ သင်းဖြင့် ကစားနေကြပြီး မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံအသင်းက ယခုနှစ် MNL ဖလားဆွတ်ခူးနိုင်ရန် ၁၁ ပွဲကစားအပြီး ဇယားထိပ်ဆုံး၌ ရပ်တည်နေလျက်ရှိသည်။
မြန်မာ့ဘောလုံးအား အပျော်တမ်းမှ ပရော်ဖက်ရှင်နယ်စနှစ်သို့ ကူးပြောင်းနိုင်ရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့နှင့် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့များက နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သိန်းစိန်ထံမှ သွားရောက်ခွင့်တောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်ရှိဥက္ကဌ ဦးဇော်ဇော်က Myanmar National League ဟု အမည်ပေးကာ ပရော်ဖက်ရှင်နယ်လိတ်ကို ယခုနှစ်တွင် စတင်၍ ဖော်ဆောင်လာခဲ့သည်။
(ကိုဝိုင်း တည်းဖြတ်သည်။)
Geen opmerkingen:
Een reactie posten