မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 16 december 2009

မူးယစ်သမင် မူးယစ်မိုးနဲ့ ကုလမုဆိုး




      
ဂါမဏိ

၁၆ ဒီဇင်ဘာ ၂၀၀၉
“အမေရိကန်၊ ရုရှား၊ တရုတ်တို့ဆီမှာ အဏုမြူလက်နက်ရှိတယ်။ ငါတို့မှာလည်း ဘိန်းဖြူလက်နက်ရှိတယ်”
ဒီစကားကတော့ ၁၉၈၀ ခုနှစ်များနဲ့ ၁၉၉၀ ခုနှစ်များတုန်းက (ယာမ စိတ်ကြွဆေး ခေတ်မစားခင်) မဆလ-နဝတ-နအဖ စစ်ဗိုလ်ချုပ်တွေ ခိုးကြောင်ခိုးဝှက်နဲ့ ဂုဏ်ယူဝင့်ကြွား ဟစ်ကြွေးခဲ့တဲ့စကားဖြစ်ပါတယ်။ ဒီစကားအတိုင်း ထိုင်း-အာဆီယံ-အမေရိကန်တို့ကိုတိုက်ဖို့ ဘိန်းဖြူထုတ်လုပ်တင်ပို့ရေးကို ဗမာစစ်အာဏာရှင်တွေက နောက်ကွယ်က အခိုင်အမာ အားပေးခဲ့ပါတယ်။ ၁၉၉၀-၉၁ တုန်းကလည်း ဗိုလ်ချုပ်မောင်အေးဟာ အမေရိကန်ကို မူးယစ်ဆေးလက်နက်နဲ့ တိုက်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်ကို အသစ်တဖန် ပြန်ချပေးခဲ့ပါတယ်။
ဒီရည်ရွယ်ချက်နဲ့ပဲ ခွန်ဆာကို မွေးခဲ့တာဖြစ်ပါတယ် (ကွန်မြူနစ်နဲ့ တိုင်းရင်းသားသူပုန်တွေကို စစ်တပ်ကိုယ်စား တိုက်ပေးဖို့ ရည်ရွယ်ချက်လည်းပါခဲ့တယ်)။ လက်ရှိ နအဖ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်အေး အပါအဝင် ရပခတိုင်းမှူးတွေကို ခွန်ဆာက နှစ်စဉ်ကြေး ပုံမှန်သွင်းခဲ့ရပြီး စာအဆက်အသွယ် အမြဲရှိခဲ့ပါတယ်။ စီးပွားရေးကိစ္စတွေ၊ တိုင်းရင်းသားသူပုန်သတင်း၊ ဗကပသတင်းတွေ၊ စစ်ဆင်ရေးသတင်းတွေ ဖလှယ်ခဲ့ပါတယ်။ ဟိုတုန်းက ငွေတန်ဖိုးနဲ့ တနှစ်ကို အနည်းဆုံး ကျပ်သိန်း (၃,၀၀၀) လောက် သွင်းပေးခဲ့ပါတယ်။ ကတော်တွေအတွက် ယိုးဒယားပစ္စည်းလက်ဆောင်တွေကတော့ ပြောစရာကို မလိုတော့ပါ။ ဒါ့အပြင် ခွန်ဆာဟာ ၈၈ ခုနှစ် နဝတ အာဏာသိမ်းစ ဘဏ္ဍာရေးအကျပ်ဆိုက်နေချိန်၊ နိုင်ငံတကာကလည်း ငွေကြေးအထောက်အကူ ဖြတ်တောက်ထားချိန်မှာလည်း ကျပ်ငွေရော ဒေါ်လာငွေပါ ထောက်ပံ့ချေးငှားပေးတာတွေ လုပ်ခဲ့လို့ နဝတ အသက်ရှူပေါက်ရသွားခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ခွန်ဆာဟာ မူးယစ်ဂိုဏ်းပီပီသသ မနေတော့ဘဲ ရှမ်းပြည်လွတ်လပ်ရေးတွေ၊ အမျိုးသားရေးတွေ ဝင်ယောင်လာလို့တကြောင်း၊ နဝတအဖို့ အရှေ့မြောက်အပစ်ရပ်အဖွဲ့ကြီးတွေနဲ့ စီးပွားရေးလုပ်ရတာ ပိုတွက်ခြေကိုက်လာတဲ့အတွက်တကြောင်း၊ နဝတဟာ ခွန်ဆာရဲ့ အမ်တီအေတပ်တွေကို အလေးအနက် စစ်ဆင်ရေးလုပ် အပြုတ်ဖြုတ်ခဲ့ရပါတယ်။
ဒီလိုနဲ့ စစ်ဗိုလ်ချုပ်တွေဟာ မူးယစ်ဆေးကုမ္ပဏီသစ်တွေကို ထူထောင်လည်ပတ်လာခဲ့ပါတယ်။ အပစ်ရပ်အဖွဲ့တွေကို မူးယစ်ဆေးလုပ်ငန်းထဲနစ်အောင် တခြားစီးပွားရေးလုပ်ငန်းတွေ ပိတ်ဆို့၊ ဖိအားတွေ မက်လုံး ဆွယ်လုံးတွေ ပေးခဲ့ပါတယ်။ နံပါတ် (၃)၊ နံပါတ် (၄)၊ ယားမစိတ်ကြွဆေးတွေကို ပြည်ပဈေးကွက်အတွက်ပဲ ထုတ်လုပ်ဖို့၊ ပြည်တွင်းဈေးကွက်မှာ မဖြန့်ဖို့အတွက် မူးယစ်ဆေးထုတ်လုပ်သူတွေ၊ မူးယစ်ဆေးကုန်သည်တွေကို နဝတ ထောက်လှမ်းရေးတွေ၊ တိုင်းမှူးတွေ၊ တိုင်းစစ်ဌာနချုပ် ဂျီ-ဝမ်း၊ ဂျီ-တူး (စစ်ဦးစီးအရာရှိ ပထမဆင့်နဲ့ ဒုတိယဆင့်) တွေက ကိုယ်တိုင်ကိုယ်ကျ ခေါ်ပြောခဲ့ပါတယ်။ ဆက်ကြေးမှန်မှန်ပေးဖို့နဲ့ ရှယ်ယာပါရဖို့လည်း ညှိတာကတော့ ထည့်ပြောစရာလိုမယ်မထင်ပါ။
ဒါပေမယ့် စစ်အုပ်စုဟာ ဘယ်သူတေတေ ငတေမာပြီးရောသမားတွေဖြစ်တဲ့အတွက် အဲဒီ ‘အိတ်စ်ပို့ပေါ်လစီ’ ကိုလည်း သူတို့အထဲကပဲ ပြန်ဖောက်ဖျက်ခဲ့ပါတယ်။ နအဖထောက်လှမ်းရေးတွေ၊ ဗျူဟာ-တပ်မ-တိုင်းစစ်ဌာနချုပ်အဆင့် အရာရှိတွေ ဦးစီးပြီး စစ်တပ်လက်ဝေခံ မူးယစ်ဆေးကုန်သည်တွေ လက်လီလက်ကားသမားတွေကို ရှမ်းပြည်၊ ကယားပြည်၊ ကချင်ပြည်၊ မန္တလေး၊ ရန်ကုန်တို့မှာ ဈေးကွက်တွေ ဖွင့်ခိုင်းခဲ့ကြပါတယ်။
ဘိန်းဖိုတွေ၊ ယာမစက်ရုံတွေဟာ နယ်မြေခံ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ထောက်လှမ်းရေးတို့ကို ပုံမှန်ဆက်ကြေး ပေးရရုံတင်မက တိုင်းမှူးအထိပါ ပေးရပါတယ်။ တချို့ကလည်း တိုင်းမှူးကို ခွဲမပေးချင်လို့ ဗျူဟာမှူး၊ ရင်းမှူးလောက်နဲ့ပဲ လျှို့ဝှက်လုပ်တာတွေ ရှိပါတယ်။ ဒီထက်နိမ့်တဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေကတော့ မူးယစ်ဆေးချိန် မူးယစ်ဆေး၊ ဆိုင်ကယ်ချိန် ဆိုင်ကယ်၊ ဝစ်သောက်ကားချိန် ဝစ်သောက်ကား၊ ကျောက်စိမ်းချိန် ကျောက်စိမ်း စတဲ့ ကယ်ရီလုပ်ငန်းတွေနဲ့ပဲ ရပ်တည်နေကြပါတော့တယ်။ ကုန်ကုန်ပြောရရင် ဘီယာ၊ အချိုမှုန့်တောင် ကယ်ရီလုပ်ပေးပါသေးတယ်။
ရဲဘက်စခန်းမှာ သေစာရင်းပြလိုက်တဲ့ အကျဉ်းသားလောပန်းတွေကိုလည်း စစ်ဗိုလ်တွေကပဲ အိမ်အရောက် ကယ်ရီလုပ် ပို့ဆောင်ပေးပါသေးတယ်။ စစ်တပ်ကို အသိမပေးဘဲ လုပ်နေတဲ့ မူးယစ်ဆေးကုန်သည်တွေ၊ စက်ရုံတွေကတော့ ဖမ်းဆီးခံ၊ သိမ်းဆည်းခံကြရပါတယ်။ နယ်မြေခံထောက်လှမ်းရေး တပ်ကြပ် (၂) ရစ်လောက်ကို လိုင်းကြေးပေးတဲ့ ရပ်ကွက်တွင်း လက်လီသမားတောင် အဖမ်းမခံရပါဘူး။ ဒါပေမယ့် အထက်က စီမံချက်လာရင်တော့ ဒီလက်လီသမားတွေကို နယ်မြေခံထောက်လှမ်းရေးက မကယ်နိုင်တော့ပါဘူး။ ဆင်ကြီးတွေ လွှတ်ပေးပြီး ခြင်ကလေးတွေ အဖမ်းပြတာ စစ်အာဏာရှင်ခေတ်ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ ဒါတွေဟာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ထောက်လှမ်းရေးယန္တရားကြီး ရှိတုန်းကရော၊ ဗိုလ်ချုပ်ခင်ညွန့် ပြုတ်ပြီးနောက်မှာရော အပြောင်းအလဲမရှိ တသမတ်တည်း ဖြစ်ပေါ်ထွန်းကားနေတာ ဖြစ်ပါတယ်။
တဘက်ကကြည့်တဲ့အခါ ငြိမ်းချမ်းရေးအဖွဲ့ကြီးတွေဟာ လူအ,တွေ မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်နေတဲ့ ခေတ်ကတည်းက တရုတ်ဘာသာနဲ့လွှင့်တဲ့ ဘီဘီစီ၊ ဗွီအိုအေကို နားထောင်ခဲ့သူတွေဖြစ်ပါတယ်။ (ဗကပကို ပုန်ကန်အာဏာသိမ်းတုန်းက သွေးထွက်သံယိုမရှိအောင် အထူးဂရုစိုက်ခဲ့သူတွေဖြစ်ပါတယ်။) ဒီကနေ့ ကမ္ဘာ့ရေစီးကြောင်းကို နားလည်သဘောပေါက်သူတွေ ဖြစ်ပါတယ်။ ကမ္ဘာမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးခေတ်စားလာတာ၊ မူးယစ်ဆေးပြဿနာကို လူသားအားလုံးက ရှုတ်ချဝိုင်းပယ်လာတာ စတဲ့ ပင်မရေစီးကြောင်းတွေကို ကိုယ့်ဒေသ၊ ကိုယ့်အဖွဲ့အစည်းအနေအထားနဲ့ ကိုက်ညီသဟဇာတဖြစ်အောင် လုပ်ဖို့လိုအပ်ချက်ကို ကောင်းကောင်းသဘောပေါက်လာသူတွေ ဖြစ်ပါတယ်။
ငြိမ်းအဖွဲ့ကြီးတွေဟာ ရာစုနှစ်နဲ့ချီ အမြစ်တွယ်လာတဲ့ မူးယစ်ဆေးပြဿနာကို ဖြေရှင်းဖို့ တတ်နိုင်သမျှ တခြား ကောင်းရောင်းကောင်းဝယ်ရော၊ မူးယစ်ဆေးမဟုတ်တဲ့ တခြားမကောင်းရောင်း မကောင်းဝယ်တွေပါ အမျိုးမျိုးဖြန့်ခွဲ diversify လုပ်ပြီး အဖွဲ့အစည်းရပ်တည်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ တဦးချင်းစီးပွားရေးတွေအတွက် လုံးပန်းနေတာ မြန်မာပြည်တပြည်လုံး မျက်မြင်ဖြစ်ပါတယ်။
ဒါကြောင့် မူးယစ်ဆေးပပျောက်ရေးတွေကို နှစ်ကာလသတ်မှတ်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့ကြသလို ဘိန်းတပင်တွေ့ရင် ခေါင်းဖြတ်သွားပါလို့တောင် ရဲရဲကြီး အာမခံခဲ့ကြပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေကို ငြိမ်းဒေသအတွင်း အချိန်မရွေး တံခါးမရှိ ဓားမရှိ ဝင်ထွက်စစ်ဆေးခွင့်ပြုခဲ့ပါတယ်။ ဒါမျိုး အကန့်အသတ်မရှိ စစ်ဆေးခွင့်ကို နအဖအုပ်ချုပ်တဲ့ ဒေသတွေမှာ မရပါဘူး။
ဒါပေမယ့် UNODC လို့ခေါ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးကတော့ မြန်မာပြည်ရဲ့ မူးယစ်ဆေးပြဿနာမှာ နအဖစစ်အုပ်စုရဲ့ အခန်းကဏ္ဍကို ရေငုံနှုတ်ပိတ်နေပြီး ငြိမ်းအဖွဲ့တွေကို အပြစ်ပုံချနေပါတယ်။ နိုဝင်ဘာ (၂၆) ရက်နေ့မှာ ကုလမူးယစ်နဲ့ ရာဇဝတ်ရုံးရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ ကိုယ်စားလှယ်ဆိုသူ ဂယ်ရီလူးဝစ္စက မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အနာဂတ်မရေရာတဲ့အတွက် မူးယစ်ဆေးဝါးတွေ အကြီးအကျယ် ထုတ်လုပ်ရောင်းချပြီး ငွေစုနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီနေ့မှာ သူတို့ထုတ်ပြန်လိုက်တဲ့ ၂၀၀၉ ခု အရှေ့အာရှနဲ့ အရှေ့တောင်အာရှဆိုင်ရာ စိတ်ကြွဆေးအလားအလာနဲ့ ပုံစံများ အစီရင်ခံစာမှာ စိတ်ကြွဆေးတွေကို အဓိကအားဖြင့် ကိုးကန့်နဲ့ ဝ အပစ်ရပ်နယ်မြေတွေမှာ ထုတ်လုပ်နေတယ်လို့ ဆိုထားပါတယ်။ ဇွန်လက ထုတ်ပြန်တဲ့ ၂၀၀၉ ခု ကမ္ဘာ့မူးယစ် ဆေးအစီရင်ခံစာမှာလည်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ဝ ငြိမ်းအဖွဲ့)၊ ကိုးကန့်ငြိမ်းအဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တို့ဟာ ယာမစိတ်ကြွဆေး ထုတ်လုပ်ရေးကို အဓိက ဆောင်ရွက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဒါပေမယ့် နအဖစစ်အစိုးရက တိုက်ရိုက်နဲ့ အကြွင်းမဲ့ချုပ်ကိုင်ထားတဲ့ အပြီးအပိုင် လက်နက်ချတဖြစ်လည်း ပြည်သူ့စစ်အဖွဲ့တွေကိုတော့ တခွန်းမှ ပြောမထားပါဘူး။ တကယ်တော့ ဒီအဖွဲ့တွေဟာ လုံးဝရာနှုန်းပြည့် နအဖချုပ်ကိုင်မှုအောက်မှာ နံပါတ် (၃)၊ နံပတ် (၄)၊ ယာမတွေကို လွတ်လွတ်လပ်လပ် ထုတ်လုပ်နေကြတာ ရှမ်းပြည်က ဒေသခံတွေ အားလုံးအသိဖြစ်ပါတယ်။ ဥပမာပြရရင် ခွန်ဆာအဖွဲ့က အကြွင်းမဲ့ လက်နက်ချခဲ့ပြီးနောက် နအဖက အထူးဖွံ့ဖြိုးရေးဒေသတွေ သတ်မှတ်ပေးပြီး ပြည်သူ့စစ် သို့မဟုတ် သကဆဖ (သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့) အဖြစ် ခန့်အပ်ပေးထားတဲ့ ဟိုမိန်းအခြေစိုက် မဟာဂျာဦးစီးအဖွဲ့၊ နားရိုင်းအခြေစိုက် လီချန်ဦးစီးအဖွဲ့၊ မတ်ကျန်း (နမ့်စန်) အခြေစိုက် လင်းဆိုင်ဦးစီးအဖွဲ့တွေဟာ ရပခကို တနှစ် သိန်း (၄,၀၀၀) စီ ဆက်ကြေးသွင်းပြီး ဘိန်းဝါ၊ ဘိန်းဖြူ၊ ယာမ ကြိုက်သလို ထုတ်နေကြပါတယ်။ (မဟာဂျာကိုယ်တိုင်က ဘိန်းမည်းစွဲနေ ရှူနေပါတယ်။) ဒီအဖွဲ့တွေဟာ ဘိန်းခြံတွေ ပေါင်းရှင်းဖို့၊ ဘိန်းစေးခြစ်ဖို့အတွက် ခြံအလုပ်သမားတွေကို တလ ကျပ် (၅) သောင်းပေးမယ်လို့ လော်စပီကာနဲ့ တောင်ကြီးမြို့ထဲ လှည့်အော်ငှားတဲ့အထိ ဗြောင်ကျကျ လုပ်နေတာဖြစ်ပါတယ်။
ခွန်ဆာအဖွဲ့ဝင်ဟောင်းလည်းမဟုတ်၊ ပြည်သူ့စစ်လည်းမဟုတ်တဲ့ ပုဂ္ဂလိကလောပန်းတွေ ဦးစီးလုပ်နေတဲ့ ဖိုတွေ၊ စက်ရုံတွေလည်း ရပခ သို့မဟုတ် သက်ဆိုင်ရာ ဗျူဟာ၊ တပ်ရင်းတွေကို နှစ်စဉ်ကြေးသွင်းပြီး လုပ်နေတာ ကွန်ဟိန်းနယ် ကာလိ၊ ပင်လောင်းနယ် ထီဘွာ၊ ဖယ်ခုံနယ် လအိလတိန်၊ ဆီဆိုင်နယ် မဲနယ်တောင် လွယ်မောတောင် စတဲ့နေရာတွေမှာ ရှိနေပါတယ်။ ဒါတွေဟာ ကိုးကန့်၊ ဝတို့နဲ့ ဘာမှမဆိုင်ဘဲ နအဖနယ်မြေသက်သက် ဖြစ်ပါတယ်။ ရလလဖ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ရဲ့ ဝါရင့်ခေါင်းဆောင် တာကလယ်ကို ဖြုတ်ချအာဏာသိမ်းခဲ့တဲ့ ချစ်မောင်ဟာ အာဏာရပြီးတဲ့အခါ ရပခတိုင်းမှူး၊ ဆီဆိုင်က စကခ-၇ ဗျူဟာမှူး၊ ဘန်းယဉ်က ခမရ (၄၂၅) နဲ့ (၄၂၆) ရင်းမှူးတို့ကို ဆက်ကြေး စုစုပေါင်း တနှစ် သိန်း (၁,၀၀၀) သွင်းပြီး လွယ်မောခွင်၊ ဟိုနမ်းခွင်နဲ့ ဘန်းမတ်ခွင်တွေမှာ ဘိန်းဖိုတွေ တည်ခဲ့တာဖြစ်ပါတယ်။ ဆက်ကြေးပေးရုံတင်မက အစုရှယ်ယာတွေပါ လက်ခံပေးခဲ့ရပါတယ်။ (မြို့ပေါ်က အနှိပ်ခန်းတွေ၊ ကာရာအိုကေခန်းတွေမှာ ထောက်လှမ်းရေးနဲ့ စစ်တပ်က ရှယ်ယာဝင်သလိုမျိုးပါပဲ။) အချင်းချင်း အဝေမတည့်ရာက ၂၀၀၇ ဇူလိုင်-သြဂုတ်လထဲမှာ အပြီးအပိုင် လက်နက်ချသွားခဲ့ပေမယ့် ‘အလုပ်’ ကိုတော့ ကာလတခုအထိ ဆက်လုပ်ခွင့်ရခဲ့ပါသေးတယ်။
ရှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်းမှာလည်း ခွန်ဆာလက်နက်ချတဖြစ်လည်း တရားဝင်ပြည်သူ့စစ်တွေဖြစ်တဲ့ မုန်းထော်-မုန်းထအခြေစိုက် ဆံမွန်းဦးစီးအဖွဲ့၊ နမ့်ပုန် (တာချီလိတ်) အခြေစိုက် ရီရှင်းဦးစီးအဖွဲ့၊ ဟောင်လွတ် (တာချီလိတ်) အခြေစိုက် နော်ခမ်းဦးစီးအဖွဲ့တွေဟာ ကျိုင်းတုံက နအဖတိုင်းမှူးကို သိန်းထောင်နဲ့ချီ ဆက်ကြေးသွင်းပြီး မူးယစ်ဆေးလုပ်ငန်းမျိုးစုံ လုပ်နေတာဖြစ်ပါတယ်။ နော်ခမ်းအဖွဲ့ဆိုရင် သောင်းကျန်းလွန်းလို့ နောက်ဆုံးမှာ တရုတ်အစိုးရ ဖိအားပေးမှုနဲ့ ၂၀၀၉ ဖေဖော်ဝါရီလမှာ နအဖက ဟန်ဆောင်ပန်ဆောင် နှိမ်နင်းပြခဲ့ရပါသေးတယ်။ တြိဂံတိုင်းထဲမှာ ခွန်ဆာလူဟောင်း တခါမှမဖြစ်ခဲ့ဖူးတဲ့ မိုင်းတုံ၊ မိုင်းဆတ်နဲ့ တာချီလိတ်နယ်တွေက လားဟူပြည်သူ့စစ်တွေလည်း ပုဂ္ဂလိကလောပန်းတွေနဲ့တွဲပြီး ဘိန်းချက်စက်ရုံ၊ ယာမစက်ရုံတွေကို တိုင်းမှူး၊ ဗျူဟာမှူးတွေဆီ ဆက်ကြေးပေး တည်ထောင်ထားပါတယ်။
ရမခနယ်မြေ ရှမ်းပြည်မြောက်ပိုင်းမှာတော့ တိုင်းမှူးကို ရပခ၊ တသခ မှာလို ဆက်ကြေးပေး မူးယစ်ဆေးထုတ်လုပ် ကူးသန်းရောင်းဝယ်နေတဲ့ ခွန်ဆာလူဟောင်း တရားဝင်ပြည်သူ့စစ် ဗိုလ်မွန်ဦးစီး မန်ပန် (တန့်ယန်း) အခြေစိုက်အဖွဲ့၊ လောမားဦးစီး မုန်းဟင်-မုန်းဟ (မိုင်းရယ်) အခြေစိုက်အဖွဲ့တွေဟာ နာမည်ကြီးတွေဖြစ်ပါတယ်။ ဒါ့အပြင် တသက်လုံး နအဖပြည်သူ့စစ်ပဲလုပ်ခဲ့တဲ့ နမ့်ခမ်းနယ်မြေက (ခိုလုံလီရှော) ပန်ဆေးကျော်မြင့်အဖွဲ့၊ ကွတ်ခိုင်နယ်က တီခွန်မြတ်အဖွဲ့၊ မုံးကိုးနယ်က နော်ခမ်းအဖွဲ့၊ ဖောင်းဆိုင်နယ်က တီခွန်တွေအဖွဲ့၊ အုန်းစွမ် (မိုင်းငေါ့) က ကျော်အုံးအဖွဲ့၊ မုန်းဝီးက မြင့်လွင်အဖွဲ့၊ ရှောက်ဟော်က လှမြင့်အဖွဲ့၊ ကွမ်းလုံက ဟော်ရှောက်ချမ်းအဖွဲ့တွေဟာ ကိုးကန့်၊ ဝတို့လို နာမည်မထွက်ဘဲ မူးယစ်ဆေးလုပ်ငန်းကို နအဖတိုင်းမှူးအဆက်ဆက် ခွင့်ပြုချက်နဲ့ ဆက်ကြေးပေးပြီး တရားဝင်သဘောမျိုးလုပ်နေတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ ကုလသမဂ္ဂက ဒါတွေကို မသိပေမယ့် နယ်မြေခံ လူထုတွေအားလုံးက သိနေကြပါတယ်။
ဒီကနေ့ ရှမ်းပြည်မှာ ဘိန်းအဓိကစိုက်တဲ့ ဒေသတွေက ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဟိုပုံး (မဲနယ်တောင်)၊ ဆီဆိုင် (လွယ်မောတောင်)၊ မိုင်းကိုင် (ဆင်တောင်) နယ်တို့ ဖြစ်နေပါတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အပင်ကြီးထွားဆေးတွေ ထည့်ပြီး “ခေတ်မီသိပ္ပံနည်းကျ” “အထူးအထွက်တိုး” နှစ်သီးစား၊ သုံးသီးစား “သီးထပ်” စိုက်နေကြတာ ဖြစ်ပါတယ်။ ဒီနယ်မြေတွေဟာ နအဖသြဇာခံ (၂၀၁၀ ဒု-သမ္မတလောင်း) ရှမ်းပြည်နယ်ကြံ့ဖွံ့ခေါင်း ဆောင် အောင်ခမ်းထီ ဦးစီး ပီအန်အို (အထူးဒေသ ၆) အဖွဲ့နဲ့ လက်နက်ချ ရှမ်းခွဲထွက် တပ်မဟာ ၇၅၈ (ကွယ်လွန်သူ မိန်းစိန်ရဲ့အဖွဲ့) ချုပ်ကိုင်ရာ နယ်မြေတွေ ဖြစ်ပါတယ်။ ၂၀၀၉ မတ်-ဧပြီတုန်းက ပီအန်အိုဌာနချုပ် ကျောက်တလုံးကို ပင်လောင်းနယ်က ဘိန်းစိမ်း (၁၇၆) ပိဿာ သယ်ယူလာတုန်း ညောင်ရွှေမြို့နယ် (ဘီလူးချောင်းကူး) မှော်ဘီတံတားမှာ ဖမ်းမိခဲ့ရာမှာ (၇၃) ပိဿာ စာရင်းပျောက်သွားခဲ့ပါသေးတယ်။ ဒီသတင်းကိုလည်း နအဖက ဖုံးဖိထားပါတယ်။
တချိန်က ငြိမ်းချမ်းရေး အထူးဒေသ (၇) လို့ သတ်မှတ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသ နမ့်ဆန်၊ မန်တုံ နယ်မြေမှာ PSLP ပလောင်ငြိမ်းအဖွဲ့ဟာ ၂၀၀၅ ခု ဧပြီလမှာ လုံးဝလက်နက်ချ ဖျက်သိမ်းသွားခဲ့ပါတယ်။ ဒါပေမယ့် ပလောင်ဒေသမှာ ဘိန်းစားတွေ၊ ယာမသမားတွေကတော့ အထူးတိုးများလာခဲ့ပါတယ်။ နောက်ဆုံး အဲဒီဒေသမှာ စခန်းထိုင် နယ်မြေထိန်းနေတဲ့ နအဖတပ်သားတွေ အကြပ်တွေ၊ ဗိုလ်တွေ၊ ရဲတွေပါ ဘိန်းရှူ ဘိန်းစွဲ ယာမစွဲ၊ အရောင်းအဝယ်တွေ လုပ်နေလို့ လူထုတွင်း မူးယစ်ဆေးစွဲပြဿနာ ဖြန့်ဖြူးမှု ပြဿနာကို တိုင်တန်းစရာနေရာ ကိုင်တွယ်တားဆီးနိုင်စရာ အာဏာပိုင် မရှိတော့ပါ။
၂၀၀၉ သြဂုတ်လက ရပခ ဂျီဝမ်း (စစ်ဦးစီးအရာရှိ-ပထမတန်း) ဒု-ဗိုလ်မှူးကြီး မောင်မောင်မြင့်ရဲ့ဇနီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဆိုတာဟာ တကယ်တော့ မူးယစ်ဆေးအရောင်းအဝယ်ကိစ္စ ဇာတ်လမ်းရှုပ်ပြီး အသတ်ခံရတာဖြစ်ပါတယ်။ ဒီအမှုမှာ ရပခတိုင်းမှူး၊ ဂျီဝမ်းနဲ့ စရဖမှူး ဗိုလ်မှူးကြီးဝင်းဗိုတို့ ပါဝင်ပတ်သက်နေပြီး ရန်ကုန်မှာ ဘိန်းဖြူကီလို (၅၀၀) ဖမ်းမိမှုနဲ့ သက်ဆိုင်နေပါတယ်။ ဒါ့အပြင် ဇူလိုင်လတုန်းက တာချီလိတ်မှာ ဘိန်းဖြူကီလို (၁,၀၀၀) နဲ့ ယာမဆေးလုံး (၂) သန်းခွဲ ဖမ်းမိတာ၊ လားရှိုးမှာ ဘိန်းဖြူကီလို (၅၀၀) ဖမ်းမိတာတွေဟာ နအဖတပ်မှူးကြီးတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ အတွင်းသတင်းတခုအရ ကမ္ဘောဇဘဏ် အမြတ်နည်းလာလို့ အစုရှယ်ယာရှင်တွေဖြစ်တဲ့ ဆရာကျောင်းနဲ့ ဗိုလ်ချုပ်မောင်အေး တို့က မူးယစ်ဆေးလုပ်ငန်းမှာ တိုက်ရိုက်ဝင်လုပ်လာတယ်လို့လည်း ကြားရပါတယ်။ နအဖ တပ်မှူးကြီးတွေ ကိုယ်လွတ်ရုန်း နိုင်အောင် ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို ဖုံကြားရှင် ကိုးကန့်အဖွဲ့အပေါ် တရားခံလွှဲပြတဲ့အနေနဲ့ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာရုံလွဲအောင်) သြဂုတ်လကုန်ပိုင်းက စစ်တိုက်တာလို့လည်း တောင်ကြီးမှာ သတင်းထွက်နေပါတယ်။
ဒီကနေ့ကာလမှာ နအဖဟာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံဘဲ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုနေတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကို စွဲချက်အမျိုးမျိုးနဲ့ လက်ညှိုးထိုး အကြောင်းရှာပြီး ချေမှုန်းဖို့ ပြင်နေပါတယ်။ အဲသလို အခြေအနေမှာ ကုလမူးယစ်ဆေးရုံး UNODC ဆိုတဲ့ အဖွဲ့က နအဖ အလိုကျ တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တွေကို လက်ညှိုးထိုး တရားခံရှာပေးတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ ခေတ်ဟောင်း အမေရိကန်ရုပ်ရှင်က လူရွှင်တော် ဂျယ်ရီလူးဝစ္စနဲ့ နာမည်ဆင်တူနေတဲ့ ကုလသမဂ္ဂ ဂယ်ရီလူးဝစ္စလည်း ဂန်ဖလားလို ‘ကျောက်ယူပြန်’ ဖြစ်နေပြီလား။
တဘက်မှာ ငြိမ်းအဖွဲ့ကြီးတွေဟာ သူတို့အမျိုးသားတွေကို ကိုယ်စားပြုထားတာ ဘယ်သူငြင်းချင်ပါသလဲ။ နအဖက မြန်မာနိုင်ငံကို ကိုယ်စားပြုထားတဲ့ အခြေခံထက် ဒီအဖွဲ့ကြီးတွေက သူတို့အမျိုးသားတွေအပေါ် ကိုယ်စားပြုတဲ့ အခြေခံက ပိုနက်ရှိုင်း ပိုခိုင်မာပါတယ်။ အမျိုးသားရေးအခြေခံပေါ် အဓိကရပ်တည်နေတာဖြစ်လို့ ဗမာပြည်ရဲ့ တိုင်းရင်းသားပြဿနာနဲ့ ခွဲလို့မရပါဘူး။ အမျိုးသားရေးအခန်းကဏ္ဍကို အသိအမှတ်မပြုဘဲ မူးယစ်အခန်းကဏ္ဍကိုသာ ဦးတည်ကြည့်မြင်နေသရွေ့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုပြဿနာမှာ ဘယ်တော့မှ အဖြေတွေ့မှာမဟုတ်သလို သွေးချောင်းစီး ပြည်တွင်းစစ်သံသရာကနေ ဘယ်တော့မှ လွတ်မြောက်မှာလည်း မဟုတ်ပါဘူး။
တကယ်တော့ ဗမာပြည်မှာ နအဖခေါင်က မလုံလို့ မူးယစ်မိုးယိုနေတာဖြစ်ပြီး မူးယစ်သမင်ဟာ နအဖမင်းကြီးတာကပဲ ထွက်နေတာဖြစ်ပါတယ်။ ဒါကိုမသိဘဲ ကုလသမဂ္ဂမုဆိုးကြီးက မူးယစ်သမင်ကိုဖမ်းဖို့ ကြိုးစားနေရင်တော့ ရေထဲအရုပ်ရေးသလိုပဲ ဖြစ်နေပါလိမ့်မယ်။





Geen opmerkingen: