မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 3 december 2009

ပြည်သူများ ညီညွတ်ပါရန် ဗိုလ်ချုပ်ကျော်ဇော မှာကြား

    

မျိုးကြီး

ကြာသပတေးနေ့၊ ဒီဇင်ဘာလ 03 ရက် 2009 ခုနှစ် 15 နာရီ 13 မိနစ်
ရွှေလီ (မဇ္ဈိမ) ။ ။ စစ်အာဏာရှင်စနစ် လက်အောက်မှ လွတ်မြောက်ရေးအတွက် မြန်မာပြည်သူများ ညီညွတ်မှုရှိပါရန် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောက ယနေ့ကျရောက်သည့် သူ၏ နှစ် ၉၀ ပြည့် မွေးနေ့တွင် မှာကြားလိုက်သည်။
မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အဓိက အခန်းကဏ္ဍမှ ဦးဆောင်ပါဝင်ခဲ့သည့် ရဲဘော်သုံးကျိပ်ထဲမှ တဦးဖြစ်သူ ဗိုလ်ချုပ်ကျော်ဇောက လက်ရှိနေထိုင်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမှနေ၍ ယခုလို အားပေးတိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
“ဆက်လက်ပြီးတော့ မလျှော့တမ်း ဇွဲနဲ့ ကြိုးစားအားထုတ်ကြပါလို့ အားပေးမှာကြားချင်ပါတယ်။ မိမိတို့ အချင်းချင်းကြားလည်း စည်းလုံးညီညွတ်ကြပါ၊ သဘောထားကြီးကြပါလို့ ပြောပါရစေ” ဟု ဗိုလ်ချုပ်ကျော်ဇော အသက် ၉၀ ပြည့်နေ့ အမှာစကား ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
သူက “ဒါပေမဲ့ ကျနော်တို့ပြည်သူတွေ မတရားမှု၊ ဖိနှိပ်မှုမျိုးစုံကို အလျှော့မပေးဘဲ တဗိုလ်ကျတဗိုလ်တက် တမျိုးဆက်ပြီး တမျိုးဆက် ဆက်လက်တိုက်ပွဲဝင်နေကြတာကို မပြတ်ကြားသိနေရတဲ့အတွက် အဲသလို ပြည်သူမျိုးအတွက်တော့ ကျနော် အလွန်ဂုဏ်ယူပြီး အားရကျေနပ်မှုလည်း ရှိပါတယ်” ဟု ဆိုထားသေးသည်။
ယနေ့နံနက်ပိုင်းတွင် တရုတ်နယ်စပ်ရှိ သူ၏ မိသားစုဝင်များက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၌ ဆွမ်းကပ်လှူ၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။
မြန်မာ့တပ်မတော် အရာရှိဟောင်း ဗိုလ်ချုပ်ကျော်ဇောကို အဖ ဦးပန်း၊ အမိ ဒေါ်တင့်တို့မှ ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် သာယာဝတီခရိုင် သုံးဆယ်မြို့နယ်အတွင်း မွေးဖွားခဲ့ရာ မွေးချင်း ၆ ဦးအနက် ဒုတိယမြောက် ဖြစ်သည်။
အင်္ဂလိပ် ကိုလိုနီပြုမှုကို လက်နက်ကိုင် တော်လှန်ရန်အတွက် ၁၉၄၁ ခုနှစ် ဧပြီလ တွင် ဂျပန်နိုင်ငံသို့ သွားရောက်၍ စစ်ပညာသင်ကြားသည့် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ခဲ့သည်။
သူက “ကျနော် ဒီနေ့ အသက် ၉၀ ပြည့်ပါပြီ။ ဆရာကြီးမှိုင်း ပြောသလို အိုမင်းမစွမ်း ဖြစ်နေပါပြီ။ ကျနော် ချစ်လှတဲ့ ပြည်သူတွေ အခုအထိ ဆင်းရဲတွင်း နက်နေသေးတဲ့အတွက်တော့ ကျနော် စိတ်မကောင်းနိုင်ပါဘူး” ဟု ယနေ့ ထုတ်ပြန်စာထဲတွင် ပြောဆိုထားသည်။
ထို့အပြင် “နအဖရဲ့ တပ်မတော်သားများကိုလည်း ပြည်သူသာ အမိ၊ ပြည်သူသာ အဖပါ။ ပြည်သူ့မျက်နှာပဲ ကြည့်ပါ။ ပြည်သူကို ရန်သူလို သဘောမထားပါနဲ့လို့ မှာကြားလိုပါတယ်။ ပြည်သူများ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံး ရရှိနိုင်ပါစေ။ အားလုံး ကျန်းမာချမ်းသာကြပါစေ” ဟု တပ်မတော်သားများကိုလည်း သူက မှာကြားလိုက်သေးသည်။
ဗိုလ်ချုပ်ကျော်ဇောသည် ၁၉၅၃ ခု မတ်လတွင် ရှမ်းပြည်အတွင်း ကူမင်တန် တရုတ်ဖြူတပ်များ ကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်သည့် ဗမာ့တပ်မတော် စစ်ဆင်ရေးများ၌ ဦးဆောင်ခဲ့သူ ဖြစ်သည်။
၁၉၅၇ ခုနှစ် ဧပြီလတွင် ဗမာ့တပ်မတော်မှ အထုတ်ခံရကာ ၁၉၇၆ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အခြေစိုက်ရာ တရုတ်နယ်စပ်သို့ မိသားစုနှင့် ထွက်ခွာလာခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ဗကပ ပြိုကွဲသည့်အခါ တရုတ်နိုင်ငံ၌ ခိုလှုံခဲ့ကာ၊ ယခုအခါ ယူနန်ပြည်နယ် မြို့တော် ကူမင်း၌ နေထိုင်လျက် ရှိသည်။

Geen opmerkingen: