မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 28 december 2009

အထူးဒေသ (၁) ပိုင် ကုမ္ပဏီအားလုံး ရပ်ဆိုင်းခံရ

    

လင်းနိုင်ဦး / ၂၈ ဒီဇင်ဘာ ၂၀၀၉

ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း ဒါရိုက်တာအဖြစ် ပါဝင်သည့် စီးပွားရေးကုမ္ပဏီအားလုံး နာမည်ပျက်စာရင်း အသွင်းခံရကာ လုပ်ငန်း အားလုံး ရပ်ဆိုင်းထားရကြောင်း ကုမ္ပဏီအရာရှိတဦးက ပြောသည်။
၎င်းက “ကျနော်တို့ဒေသပိုင် ဗန်းမော်က သစ်ထုတ်လုပ်ရေး ကုမ္ပဏီတခု အခွန်မသွင်းလို့ နာမည်ပျက်စာရင်းအသွင်းခံရတယ်။ အဲဒီကုမ္ပဏီမှာ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌက ဦးဆခုံတိန့်ယိန်း ဖြစ်တယ်။ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး ခေါင်းဆောင်ပြီး ဝန်ကြီးတွေ ပါဝင်တဲ့ ကုန်သွယ်ရေးမူဝါဒ ကောင်စီက ဦးဆခုံတိန့်ယိန်း နာမည်ပေါက်တဲ့ ကုမ္ပဏီအားလုံးကိုပါ နာမည်ပျက်စာရင်းထဲ ထည့်လိုက်တယ်။ စုစုပေါင်း မြန်မာတပြည်လုံး ကုမ္ပဏီ (၃၆) ခုနာမည်ပျက်စာရင်းသွင်းတာမှာ ဦးဆခုံတိန့်ယိန်းပိုင် ကုမ္ပဏီ (၈) ခု ပါဝင်ပြီး လုပ်ငန်းတွေ အားလုံးရပ်ဆိုင်းကုန်တယ်” ဟု ပြောသည်။
အဆိုပါ ကုမ္ပဏီ (၈) ခုထဲတွင် ဗန်းမော်သစ်ထုတ်လုပ်ရေး ကုမ္ပဏီအပြင် ဖားကန့်ကျောက်စိမ်း တူးဖော်ရေး၊ မိုးကုတ် ကျောက်မျက် တူးဖော်ရေး၊ မြစ်ကြီးနား ရွှေတူးဖော်ရေးနှင့် အထူးဒေသ (၁) အတွင်း ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
၎င်းတို့၏ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရသော်လည်း သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ဆက်သွယ်လုပ်ကိုင်ခြင်း၊ နေပြည်တော် အထိ သွားရောက် ဖြေရှင်းခြင်းများ လုပ်ကိုင်နေပြီး မကြာမီ ကုမ္ပဏီလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ရနိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါ ကုမ္ပဏီအရာရှိက ပြောသည်။
ယခုကုမ္ပဏီများကို ပိတ်ပင်သည့်ကိစ္စမှာ နိုင်ငံရေးကိစ္စ ပါဝင်နိုင်ကြောင်း၊ ယခင် အန်ဒီအေ တပ်ဖွဲ့တွင် အဆင့်မြင့်တာဝန် ယူခဲ့ဖူးပြီး ၂ဝဝ၅ ခုနှစ်အကုန် အဖွဲ့အစည်းမှ ထွက်ခဲ့သူတဦးက ပြောသည်။
၎င်းက “ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဝန်ကြီးတွေဟာ ဦးဆခုံတိန့်ယိန်းဆိုတာကို မသိဘဲ ကုမ္ပဏီတွေကို နာမည်ပျက် စာရင်းသွင်းပြီး ဖျက်သိမ်းခိုင်းတာ မဖြစ်နိုင်ဘူး။ လောလောဆယ် ဦးဆခုံတိန့်ယိန်း ဆောင်ရွက်နေတဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ စစ်တပ်အလိုကျ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်အောင် ဖိအားပေးတာမျိုးလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
အန်ဒီအေ (ကချင်) အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းသည် ၁၉၈၉ ဒီဇင်ဘာ ငြိမ်းချမ်းရေး ရယူပြီးစဉ်မှစ၍ ဒေသတွင်း သစ်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
နောက်ပိုင်း စစ်အစိုးရက အထူးအခွင့်အရေးများ ပေးလာသည့်အတွက် ဖားကန့်ကျောက်စိမ်းတူးဖော်ရေး၊ ခန္တီးကျောက်စိမ်း တူးဖော်ရေး၊ မိုးကုတ်ကျောက်မျက် တူးဖော်ရေး၊ ဗန်းမော်သစ်ထုတ်လုပ်ရေး၊ မြစ်ကြီးနား ရွှေတူးဖော်ရေး၊ အထူးဒေသ (၁) အတွင်း ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း စသည့်လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီအားလုံးကိုလည်း ၎င်း၏ နာမည်နှင့် ဒါရိုက်တာ အဖွဲ့ဝင်နေရာတို့တွင် ဇနီးနှင့် သားများ၏နာမည်ဖြင့် မှတ်ပုံတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း အန်ဒီအေ (ကချင်) တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် စစ်အစိုးရက ညွှန်ကြားရာတွင် ဦးဆခုံတိန့်ယိန်းအနေဖြင့် ဒေသတွင်းနှင့် မြို့ပေါ်ရှိ ၎င်းပိုင် ကိုယ်ကျိုးစီးပွားများ ဆုံးရှုံးမည်ကို စိုးရိမ်ပူပန်ပြီး လိုက်လျောရခြင်း ဖြစ်ကြောင်း အန်ဒီအေ တပ်မှူး၊ တပ်သားဟောင်းများက ဝေဖန်ပြောဆိုနေကြသည်။

Geen opmerkingen: