မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 22 december 2009

နိုင်ငံခြားရေး ၀န်ကြီးဌာန ရာထူး အပြောင်းအရွှေ့များပြား


Tuesday, 22 December 2009 18:13 ရန်ပိုင်
.နေပြည်တော်ရှိ စစ်အစိုးရ၏ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြီးခဲ့သည့် နိုဝင်ဘာ လအတွင်းက ၀န်ထမ်းများကြား ကြီးမားသော အပြောင်း အရွှေ့များ ဖြစ်ပေါ်ခဲ့သည်ဟု ဧရာဝတီမှ စုံစမ်းသိရသည်။

ထိုသို့ ပြောင်းရွှေ့ခံရသည့် ၀န်ထမ်းများမှာ ညွှန်ကြားရေးမှူး ၂ ဦး၊ ဒုတိယ ညွှန်ကြားရေးမှူး ၄ဦး ၊ လက်ထောက်ညွှန်ကြားရေးမှူး ၈ ဦး နှင့် အခြားအဆင့် ၀န်ထမ်း ၂၂ယောက်ဖြစ်ပြီး၊ ၎င်းတို့အား နိုင်ငံခြား တိုင်းပြည်များတွင် တာဝန်ထမ်းဆောင်ရန် အတွက် နိုဝင်ဘာ ၂၃ ရက်နေ့ ရက်စွဲပါ နိုင်ငံ ခြားရေးဝန်ကြီးဌာန အမိန့်ကြေညာစာ အရ ပြောင်းရွှေ့ခန့်ထား ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံသို့ ဗိုလ်ချုပ်ကြီး ရွှေမန်း၏လျို့ဝှက်သွားရောက်သည့် ခရီးစဉ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ရုရှား နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် စစ်အစိုးရ၏ မြေအောက်ဥမင် လိုဏ်ခေါင်း တူးနေသည့် စီမံကိန်းများ ပေါက်ကြားခဲ့သည့် အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်း ၂ဦးကို ရုံးတင်အရေးယူခဲ့ပြီး နောက်ပိုင်း တွင် ယခုကဲ့သို့ ၀န်ထမ်းများစွာကို နေရာပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
ပြောင်းရွှေ့ခံရသူများတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စီမံကိန်းနှင့် စီမံရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟန်သူအား အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့သို့ သံမှူးကြီး အဖြစ်ပြောင်းရွှေ့လိုက်ပြီး နိုင်ငံရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သော ဒေါ်ယဉ်ယဉ်ဦးမှာ လည်း ဆော်ဒီအာရေဗျ နိုင်ငံ ရီရတ်ဒ်မြို့သို့ သံမှူးကြီး အဖြစ်၎င်း ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။
ဒေါ်ယဉ်ယဉ်ဦး သည် မြန်မာနိုင်ငံသို့ လာရောက်အကူအညီ ပေးနေသည့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့(NGO)များ နှင့် ဆက်ဆံရေးရှိသော သူတဦးဖြစ်ပြီး ယခင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကျော်သူ၏ ညီမ ဖြစ်သည်။
ဦးကျော်သူကို ဒု ၀န်ကြီး အဖြစ်မှ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး ဥက္ကဋ္ဌ အဖြစ် ယခုနှစ် ဖေဖေါ်ဝါရီလတွင် ပြောင်းရွှေ့ခြင်း ခံခဲ့ ရသော်လည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း လေဘေး ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အရှေ့ တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟို အဖွဲ့(TCG) တွင်မူ ဥက္ကဋ္ဌအဖြစ် ဆက်လက်ခန့်ထား ခဲ့သည်၊
ယခင် သမ္မတဟောင်း ဒေါက်တာမောင်မောင်၏ သားဖြစ်သူ ဦးကျော်သူသည် နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့များနှင့် ဆက်ဆံရာတွင် အဆင်ပြေချောမွေ့သူတဦးအဖြစ် သံတမန် အသိုင်းအ၀န်းတွင် ထင်ရှားသည်။ ၎င်းသည် တောင်အာဖရိကနှင့် အိန္ဒိယနိုင်ငံတို့တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မ ၂၂တွင် တပ်မမှူးအဖြစ် အမှု ထမ်းခဲ့ဖူးသည်။
ဒုတိယ ညွှန်ကြားရေးမှူး ၄ဦးဖြစ်သည့် အာဆီယံရေးရာဦးစီးဌာနမှ ဦးမြင့်သူအား အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့သို့လည်းကောင်း၊ နိုင်ငံရေးရာ ဦးစီးဌာနမှ ဦးမျိုးသန့်ဖေအား ပေကျင်းမြို့သို့လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီး ဌာန မှ ဦးဘလှအေး အား နယူးဒေလီမြို့သို့ လည်းကောင်း၊ ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာ ဦးစီးဌာနမှ ဦးချမ်းအေးအား ဂျနီဗာမြို့သို့ လည်းကောင်း သံမှူးအဆင့် ရာထူး များဖြင့် ပြောင်းရွှေ့ခန့်ထား ကြောင်းသိရသည်။
နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ၀န်ထမ်းဟောင်းတဦးကလည်း “ဘာပဲပြောပြော ၀န်ထမ်းအများစုက တော့ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပကို သွားချင်တယ်ပေါ့ဗျာ၊ ဟိုသွားတော့ နိုင်ငံရပ်ခြား အသုံးစရိတ် ကောင်း ကောင်းရတယ်၊ ဒီမှာရှိတဲ့ လူကြီးတွေရဲ့လက်အောက်ကနေ ယာယီလွတ်မြောက်သွားတာပေါ့”ဟုပြောသည်။
မကြာသေးမီနှစ်များမှ စတင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် စစ်ဘက်ဆိုင်ရာ အရာရှိများကိုတပ်ရင်းမှူးအဆင့်နှင့် အထက်အရာရှိ များကို စတင်၍ ရာထူးအဆင့်ဆင့်တွင် အစားထိုးလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် နီးစပ်သူတဦးကလည်း ပြောသည်။
“တပ်ရင်းမှူးဆိုရင် ကောင်စစ်ဝန်ရာထူးပေးတယ်၊ အဲ့သည်လိုပေးတာကို ဦးဉာဏ်ဝင်းက မကိုင်ရဘူး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ကိုင်ထားတယ်”ဟု၎င်းကဆိုသည်။
ရောက်ရှိလာသည့် အဆိုပါ စစ်တပ်အရာရှိများ၏ လုပ်ငန်းမကျွမ်းကျင်မှု၊သံတမန်လောကအကြောင်း မသိရှိသည့် အတွက် လုပ်ငန်းခွင်တွင် မပြေပြစ်မှုများ ဖြစ်လာကြောင်း အဆိုပါနီးစပ်သူက ပြောဆိုသည်။
မကြာသေးမီကလည်း ဟောင်ကောင်အခြေစိုက် မြန်မာကောင်စစ်ဝန်တဦးဖြစ်သူ ဦးရဲမြင့်အောင်က ရိုဟင်ဂျာများသည် ဘီလူး သဘက်များကဲ့သို့ ရုပ်ဆိုးသည်ဟု ပြောဖူးသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်းသို့ ရေကူးပြီး ၀င်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား မစ္စတာ ယက်ထောကိုလည်း ဒေါ်အောင်ဆန်းစုကြည်၏ ရည်းစားဖြစ်နိုင်သည်ဟု မဆင်မခြင်ပြောဆိုခဲ့ဖူး သည်။
၎င်းသည် ဒုတိယ ဗိုလ်မှူးကြီးဟောင်းလည်း ဖြစ်သည်။ ယခုလက်ရှိ အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်း ဆောင်နေသည့် ဦးနေ၀င်းသည်လည်း ယခင်က တပ်မ ၄၄ ၏ တပ်မမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ယခုနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းသည်လည်း အဆိုပါ တပ်မ တွင် ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့ဖူးသည်။
တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်းဖြစ်ခဲ့သူ သခင်ချန်ထွန်းက ယခင် ဗိုလ်ချုပ်ကြီး နေ၀င်းအစိုးရသည် စစ်အစိုးရပင်ဖြစ် သော်လည်း သံတမန်များ ခန့်အပ်ရာတွင် လူတိုင်းအား ခန့်အပ်ခြင်းမဟုတ်ဘဲ၊ အသေအချာစိစစ်ပြီးမှ ခန့်အပ်ကြောင်း၊ ယခု စစ်အစိုးရ လက်ထက်တွင် သံတမန်ကျင့်ဝတ်ဆိုင်ရာများအား နားမလည်သူ ၊ လေ့ကျင့်ပေးထားခြင်း မရှိသူများကိုသာ ခန့်အပ် သည်ကို တွေ့ရကြောင်း ထောက်ပြပြောဆိုသည်။

Geen opmerkingen: