မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 15 december 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများတွေ့၊ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့မည်

                

Tuesday, 15 December 2009 13:50 ကိုထွေး
.အယူခံနှင့်ပတ်သက်သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုလျှောက်လဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု လိုက်ကြောင်း ယနေ့ သွားရောက် တွေ့ဆုံသည့် ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။
ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လက်ခံရေးအတွက် တရားရုံးချုပ်၌ လာမည့် ၂၁ ရက်နေ့တွင် လျှောက်လဲချက် ပေးရမည်ဖြစ်သဖြင့် ယင်းကဲ့သို့ သွားရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ နေ့လယ် ၂ နာရီမှ ၄း၃၀ နာရီ အထိ အချိန် ၂း၃၀ နာရီကျော် အထိ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“၂၁ ရက်နေ့မှာ လျှောက်လဲချက်ပေးရမယ့် ကိစ္စ ကျနော်တို့ ဒီနေ့ အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ယနေ့သွားရောက် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံရန် တောင်းဆိုထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီ အဖွဲ့ဝင် ၃ ဦးကို ယခု ရက်ပိုင်းအတွင်း တွင် တနေရာတည်း၌ တပြိုင်တည်း ဂါရ၀ပြုတွေ့ဆုံမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ဘယ်မှာလဲဆိုတာ မသိဘူး၊ ၃ ဦးလုံးကို တပြိုင်တည်း ဂါရ၀ပြုတွေ့ဖြစ်မယ်၊ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီနဲ့လည်း ဒေါ်အောင်ဆန်း စုကြည် တွေ့ပြီးပြီ၊ လူကြီး ၃ ယောက်နဲ့ တွေ့ဖို့ အစီအစဉ်အတွက်လာတာလို့ပဲသိရတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချ ပြီးနောက်ပိုင်း ရှေ့နေဖြစ်သူများနှင့် ၉ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့နှင့် တွေ့ဆုံခွင့်ပေးရန် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီနှင့် ရဲမှူးကြီး တဦးတို့သည် ယမန်နေ့ နံနက်ပိုင်းက သဘောထားများ လာရောက် မေးမြန်းခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။
“ဒေါ်စုနဲ့တွေ့ဖို့ရာ တနေရာတည်းမှာ ၃ ဦး ကန့်တော့ ခံမယ်ဆိုရင် ဘယ်လို သဘောရလဲ လာမေးတယ်၊ ဗုဒ္ဓ ဘာသာထုံးစံရှိပါတယ်၊ ကန်တော့ခံတယ် ဆိုတာက ကန်တော့ ခံတဲ့သူဆီကို ကန်တော့မယ်သူက လာရရိုး ထုံးစံ ရှိပါတယ်၊ သီးခြားစီ ကန်တော့ခံချင်ပါတယ်လို့ ပြန်ပြောလိုက်တယ်တဲ့၊ ဒါပေမယ့် ဒေါ်စု သဘောထားက အားလုံးကို တွေ့ပြီးတော့မှ ကန်တော့ဖို့ လုပ်မယ် ဆိုရင်လည်းပဲ ငြင်းစရာ မရှိပါဘူးလို့ ပြန်ကြားလိုက်တယ် ဆိုတော့ ဗိုလ်ချုပ် ခင်ရီက ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားတွေ့မယ်လို့ ပြောသွားတယ်” ဟု ၎င်းက ပြော သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့နှင့် တွေ့ဆုံရန် အာဏာပိုင်တို့က စီစဉ်နေခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယ စာတစောင် ရေးသားပေးပို့၍ ကျန်းမာရေး ချွတ်ယွင်း နေသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့ကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပေးရေး တောင်းဆိုထားသည်။
ထို့အပြင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးရေး၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရေး တို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။
ဦးဉာဏ်ဝင်းက“ဒီလို တွေ့ခွင့်ရတာ ကောင်းတဲ့လက္ခဏာပါပဲ၊ စကားတွေပြောဖို့လည်း ခွင့်ပေးမှာပါ၊ ကျနော် ခန့်မှန်းတာကတော့ တပတ်အတွင်း ဖြစ်မှာပါ” ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်အတွင်း ယင်း အဖွဲ့နှင့် မတွေ့ဆုံမီ ဦးတင်ဦးကို ချန်လှပ်၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေးခြင်းကို ဒေါ်အောင်ဆန်း စုကြည်က ကျေနပ်မှုမရှိသဖြင့် ငြင်းပယ်ခဲ့သည်။

Geen opmerkingen: