မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 6 januari 2010

ပုဂံဒေသ ကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများကို ပိတ်ပင်

   

တက်လူ/ ၆ ဇန်န၀ါရီ ၂၀၁၀

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသရှိကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လေ့လာခွင့်ကို စစ်အစိုးရက ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပိတ်လိုက်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။
ယင်းသို့ပိတ်ထားသည်မှာ မှန်ကန်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုသော်လည်း မည်သည့်အတွက် ပိတ်သည်ကို ပြောဆိုခြင်းမရှိပေ။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်တဦးက “၂၀၁၀ ကို ရောက်နေပြီလေဗျာ။ ပါတီဖွဲ့မယ့် အဖွဲ့အစည်းတွေက ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ်ပြီးတော့ စည်းရုံးရေးဆင်းမှာ စိုးနေတယ်။ ဘာ့ကြောင့် ပိတ်လဲဆိုတာကို အဖြေရှာဖို့က ဒါပဲရှိတာလေ။ သူတို့ကတော့ နိုင်ငံတည်ငြိမ်ရေး၊ လုံခြုံရေးအတွက်လို့ ပြောတာပဲ” ဟု ဆိုသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ၂၀၀၉ -၂၀၁၀ ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွား ဧည့်သည် အရေအတွက်ကို (၁) သန်းထိ ရည်မှန်းထားသော်လည်း ပြီးခဲ့သည့် နာဂပွဲတော်သို့ နိုင်ငံခြားသားများ လာရောက်မှုကို ကန့်သတ်ခဲ့ပြီးသည့်နောက် ယခုတဖန် ပုဂံဒေသရှိ ကျေးရွာများသို့ သွားရောက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ ပိတ်ပင်လိုက်သည့်အတွက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ အနှောင့်အယှက်ဖြစ်ကြရသည်ဟု မြန်မာ့ရှုခင်း ခရီးသွား ကုမ္ပဏီတခု၏ တာဝန်ခံက ပြောသည်။
၎င်းက “အစိုးရက လုပ်ချင်သလို လုပ်နေတာ။ ခရီးသွားရာသီမှာ ဧည့်သည် ဘယ်လောက်လာရမယ်ဆိုတာမျိုး အပြောကြီးပြီး ခန့်မှန်းတယ်။ အဲဒီလို ခန့်မှန်းရင်လည်း အပြောနဲ့အလုပ်ကို သေသေချာချာလုပ်သင့်တာပေါ့။ ဗီဇာတွေ အခက်အခဲရှိတဲ့ကြားက ကျနော်တို့လို ခရီးသွားကုမ္ပဏီတွေက ဧည့်သည်တွေလာဖို့ကို ရုန်းကန်နေရတာ။ အခုလည်း ပုဂံဒေသက ရွာတွေကို မသွားရဘူးလို့ ပိတ်တာက ခရီးသွားလုပ်ငန်းကို လုံးဝထိခိုက်စေတာပဲ” ဟု ပြောသည်။
ပုဂံဒေသ ကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်ခွင့် ပိတ်ပင်သည့်အတွက် ဧည့်လမ်းညွှန်များလည်း စိတ်မချမ်းမြေ့ ဖြစ်နေကြကြောင်း သိရသည်။
“ဧည့်သည်တွေက ပုဂံကိုသွားရင် ရွာရဲ့ဓလေ့တွေကို မှတ်တမ်းတင်လေ့ရှိတယ်။ ကလေးတွေပါတဲ့ မိသားစုတွေဆိုရင် သူတို့ရဲ့ ကလေးတွေကို ပုဂံက ရွာတွေမှာရှိတဲ့ ကျောင်းတွေ၊ ရွာဓလေ့တွေကို လိုက်ပြလေ့ရှိတယ်။ ဒီတခေါက် ပုဂံကိုသွားတာ ရွာထဲ မသွားရဘူးဆိုတာနဲ့ ဧည့်သည်တွေ မသွားခဲ့ရဘူး။ ဒီအတွက် ဧည့်သည်တွေကို မျက်နှာပူမိတယ်” ဟု ၀ါရင့်ဧည့်လမ်းညွှန်တဦးက ပြောသည်။
အစိုးရအနေဖြင့် ခရီးသွားများကို နေရာကန့်သတ် သွားရောက်လည်ပတ်ခွင့် ပြုလုပ်သည့်အတွက် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် ဆက်နွှယ်လုပ်ကိုင်နေသည့် ဟိုတယ်များ၊ ဧည့်လမ်းညွှန်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် ဆက်စပ် လုပ်ငန်းအားလုံး ထိခိုက်နိုင်သည်ဟု ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “ကျနော်တို့မှာ ဒီနှစ်မှ ဧည့်သည်တွေ နည်းနည်းဝင်တာပါ။ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ သံဃာ့အရေးအခင်းကြောင့် ဧည့်သည်က မလာဘူး။ ၂၀၀၈ ခုနှစ်မှာ နာဂစ်ကြောင့် မ၀င်ပြန်ဘူး။ ဒီနှစ်တော့ အခြေအနေကောင်းရုံလေးပဲ ရှိသေးတာကို အစိုးရက ကန့်သတ်ပြန်ပြီဆိုတော့ မျှော်လင့်ချက် မရှိပြန်ဘူး” ဟု ညည်းညူပြောဆိုသည်။
ပုဂံဒေသသည် ရှေးဟောင်းယဉ်ကျေးမှုအမွေ ထွန်းကားရာအရပ်ဖြစ်ပြီး အဆိုပါဒေသသို့ ကမ္ဘာလှည့်ခရီးသွား သွားရောက်မှု များပြားကာ ဖွားစောကျေးရွာ၊ မင်းနန်သူကျေးရွာ၊ ၀က်ကြီးအင်းကျေးရွာ၊ သီရိပစ္စယာကျေးရွာ၊ မြင်းကပါကျေးရွာ စသည့် ရွာများသို့ အများဆုံးသွားရောက်ကြကြောင်း သိရသည်။

1 opmerking:

ဒဏ္ဍာရီ zei

နေရာတိုင်းမှာ အခုလိုသာ လိုက်ပိတ်ပင်နေရင် တိုင်းပြည်ရဲ့ စီးပွားရေးရော လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ အတွက်ရော နစ်နာတာပေါ့။
နလန်ထူအောင် မနဲ့ ရုန်းကန်နေရတဲ့ အချိန်မှာနော်...

ခင်မင်လေးစားလျှက်