ပေါက်ပေါက် / ၀၈ အောက်တိုဘာ ၂၀၁၀
နအဖထိန်းချုပ်နယ်မြေထဲသို့ ခရီးသွားလာသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တပ်ဖွဲ့ဝင်များကို နအဖစစ်တပ်က ဖမ်းဆီးကာ စစ်ဆေးသတင်းရယူမှုများ ပြုလုပ်နေသည်။
စက်တင်ဘာ (၃ဝ)ရက်နေ့၌ ဝိုင်းမော်မြို့နယ် အင်ပေါန်ကျေးရွာအတွင်းရှိ ဆွေမျိုးအိမ်သို့ သွားရောက် လည်ပတ်နေသည့် ကေအိုင်အိုတပ်ဖွဲ့မှ အရာခံဗိုလ်တဦးအား နယ်မြေခံစစ်တပ်က ကျေးရွာအတွင်း ဖမ်းဆီးပြီး စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ မြစ်ကြီးနားသို့ ခေါ်ယူစစ်ဆေးနေသည်ဟု ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “အဲဒီအရာခံဗိုလ်က အဲဒီရွာနားမှာရှိတဲ့ ကေအိုင်အိုရဲ့ ရှေ့တန်းစခန်းတာဝန်ကျပဲ။ စခန်းက ကေအိုင်အေ ရဲဘော်တွေက ရွာထဲကို အရင်ကလည်း သွားနေကျ။ အခုလည်း သွားလည်နေတုန်းမှာ စစ်တပ်က ရောက်လာပြီး အိမ်ကို ဝိုင်းပြီး ဖမ်းလိုက်တယ်။ အရတ်ဝတ်နဲ့ပဲ သွားလည်တာ။ အခု စရဖက မြစ်ကြီးနား ခေါ်သွားတယ်” ဟု ပြောသည်။
စက်တင်ဘာ (၈) ရက်ကလည်း ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမှ ဗိုလ်ကြီးဇော်လီသည် စိုက်ပျိုးရေးခြံသို့ သွားရောက်စဉ် လဂျားယန်စစ်ဆေးဂိတ်က ဖမ်းဆီးကာ မြစ်ကြီးနားသို့ ခေါ်ယူစစ်ဆေးခံခဲ့ရပြီး ယခု အကျယ်ချုပ် သဘောမျိုး ချုပ်နှောင်ထားခြင်း ခံထားရသည်ဟု မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဒေသခံတဦးက ပြောသည်။
၎င်းက “ဗိုလ်ကြီး ဇော်လီကို စရဖက စစ်ဆေးမေးမြန်းပြီး စက်တင်ဘာ(၂၁)ရက်နေ့က ပြန်လွှတ်ထားတယ်။ အခု မြစ်ကြီးနားမှာရှိတဲ့ သူ့အမျိုးအိမ်မှာ ရောက်နေတယ်၊ လိုင်ဇာကို ပြန်မသွားရဘူး။ အကျယ်ချုပ်လို ထားတယ်” ဟု ပြောသည်။
အောက်တိုဘာ (၁) ရက်နေ့ကလည်း ကေအိုင်အို၏ တပ်ရင်း (၆) အခြေစိုက်ရာ ဖားကန့်မြို့နယ် ဆန်ခါမှ မြစ်ကြီးနားမြို့သို့ ထွက်ခွာလာသည့် ဟိုင်းလတ်ကားနှင့် ယဉ်မောင်းကိုပါ ကားမိုင်းမြို့အနီး လယ်ပြင်စစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့သေးသည်။
မြို့ပေါ်သို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခရီးသွားလာသည့် ကေအိုင်အိုတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အိုနှင့် ဆက်စပ်သည်ဟု ယူဆသူများကို စရဖနှင့် စစ်တပ်က မကြာသေးမီ လပိုင်းကစ၍ ဖမ်းဆီးမှုများ တိုးမြင့်လုပ်နေပြီး စစ်ဆေးမေးမြန်းမှုများလည်း လုပ်နေကြောင်း ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူ မြစ်ကြီးနားမြို့ခံက ပြောသည်။
၎င်းက “အရင်ကလည်း သွားလာနေတာပဲ။ အခုတော့ သတင်းပို့ရမယ်ဆိုပြီး စည်းကမ်းတင်းကျပ်လိုက်တယ်။ အဲလို သွားတော့ ဖမ်းတာတွေ လုပ်လာတယ်။ မြစ်ကြီးနားမှာလည်း ကေအိုင်အို မိသားစုအိမ်တွေကို ဧည့်စာရင်း စစ်တာတွေ၊ သူတို့အိမ်မှာရှိတဲ့ ယာဉ်တွေ၊ စက်ပစ္စည်းတွေ စာရင်းကောက်တာတွေ လုပ်နေတယ်။ ကေအိုင်အိုကို တမင် ကျပ်နေတာ အသိသာကြီးပါ။ ကေအိုင်အို ဆက်ဆံရေးရုံးတော့ ဖွင့်ထားတုန်းပဲ။ ဒါပေမယ့် နှစ်ဖက် ပြောဆို ဆက်ဆံတာ ပြတ်နေပြီ” ဟု ပြောသည်။
ယခုကဲ့သို့ ကေအိုင်အိုတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံနေရမှုနှင့် ပတ်သက်၍ ကေအိုင်အိုဘက်မှ သဘောထားကို သိရှိရန် တာဝန်ရှိသူများအား ဖုန်းဆက်သွယ်သော်လည်း အဆက်အသွယ် မရပေ။
Geen opmerkingen:
Een reactie posten