ဘိုကလေးမြို့အပိုင် ရေငန်ဒေသများဖြစ်သော အေရာ၊ အမာ၊ ကဒုံကနိ ကျေးရွာများတွင် အောက်တိုဘာ (၆) ရက် ည (၁၁) နာရီခန့်မှစ၍ အောက်ရေ (၃) ပေခန့်တိုးပြီး ရေပြင်ရေတိုးကြမ်းနေခြင်းကြောင့် ဘင်္ဂလားပင်လယ်အော် အနားသတ်ကျေးရွာအချို့ ရေဘေးကင်းရာသို့ ရွှေ့ပြောင်းနေရကြောင်း ဘိုကလေးမြို့နယ် ဒေသအာဏာပိုင်တို့ထံမှ သိရသည်။
ထိုသို့ ပင်လယ်ရေပြင် အခြေအနေ မူမှန်မဟုတ်ခြင်းကြောင့် ငါးဖမ်းစက်လေ အသေး၊ အကြီး (၁၅၀) ခန့်သည် ပင်လယ်စပ် ကဒုံကနိကျေးရွာ ကမ်းခြေများသို့ ခေတ္တ၀င်ရောက် နားခိုနေရကြောင်း သိရသည်။
အဆိုပါအခြေအနေအပေါ် စက်လှေပိုင်ရှင်တဦးက “ပင်လယ်ပြင်ထဲ ဘယ်စက်လှေမှ နေလို့မရဘူး။ ရေပြင်မှာ လှိုင်းကြမ်းနေတော့ ငါးဖမ်းဖို့လည်း မဖြစ်နိုင်ဘူး။ ဘင်္ဂလားပင်လယ်အော်မှာ မိုင် (၄၀) နှုန်းရှိတဲ့ လေဖိအားနည်း ရပ်ဝန်းရှိတယ်ဆိုတာ ကျနော်တို့ သူဌေးတွေပြောပြထားလို့ သိနေကြပါတယ်။ ခုလိုအခြေအနေကြောင့် မော်တော်တွေဟာ ပင်လယ်စပ် ကဒုံကနိဘက်မှာ စက်လှေအုပ်လိုက် ခိုနားနေကြရတယ်” ဟု ပြောသည်။
ကဒုံကနိ၊ ခေတ္တာကျွန်း၊ ကျွန်းသာယာကျေးရွာ အုပ်စုများအတွင်း ရယကများက ပင်လယ်ရေ မြင့်တက်နေသည့်အတွက် သတိရှိကြရန်နှင့် လိုအပ်ပါက ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရန် အသံချဲ့စက်များဖြင့် လိုက်လံသတိပေးနေကြသည်ဟု သိရသည်။
ထိုသို့ ပင်လယ်ရေမြင့်တက်မှုကြောင့် ကဒုံချောင်းနံဘေးရှိ ကဒုံဈေးအတွင်း (၃) ပေခန့် ရေတက်ခဲ့ပြီး အောက်တိုဘာ (၇) ရက် ညနေ (၄) နာရီခန့်တွင် ပြန်လည် ကျဆင်းသွားသည်။
ယနေ့နံနက် (၁၀)နာရီခန့်တွင် အေရာ၊ အမာ၊ ကဒုံကနိ ကျေးရွာများအတွင်း ပင်လယ်ရေ တရိပ်ရိပ်တိုးနေပြီး ညနေ (၄)နာရီခန့် ပြန်လည်ကျဆင်းနိုင်ဖွယ်ရှိသည်ဟု ဒေသခံများက ထင်ကြေးပေးနေကြသည်။
ထို့အတူ ဂွေးချောင်း၊ မရမ်းချောင်းများသို့ ပင်လယ်ရေ တိုးဝင်နေမှုကြောင့် ယင်း ကျေးရွာတို့ကြားရှိ လယ်မြေဧက (၅၀၀) ခန့် ရေငန်ထိုးမည့်အန္တရာယ်ကို ဒေသခံတောင်သူတို့ စိုးရိမ်နေကြသည်။
ယခင်က ည (၇)နာရီ ပုံမှန်ထွက်ခွာလေ့ရှိသည့် ကဒုံ-ဘိုကလေး၊ အေရာ-ဘိုကလေး ခရီးသည်တင် မော်တော် (လိုင်းကောင်) များကိုလည်း အောက်တိုဘာ (၇) ရက် နံနက် (၇) နာရီသို့ အချိန်ပြောင်း၍ ခုတ်မောင်းထွက်ခွာကြရန် သက်ဆိုင်ရာမှ သတိပေးထုတ်ပြန်ထားသည်။
အဆိုပါအခြေအနေများကြောင့် ကျွန်းသာယာကျေးရွာအုပ်စုမှ ကဒုံးလေးကျေးရွာနှင့် ဂယက်ကြီးကျေးရွာများအတွင်း နေထိုင်သူတို့အား အောက်တိုဘာ (၇)ရက်နေ့ နံနက်ကတည်းက အခြားရေဘေးကင်းလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းခိုင်းထားသည်ဟု ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောသည်။
ထို့အပြင် ပင်လယ်ရေ အတက်အကျကြမ်းနေခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်းအချို့ ဝှေ့ယမ်းတိုက်ခတ်နေခြင်းများကြောင့် ပင်လယ်ကမ်းခြေဒေသခံတို့၏ စိုးရိမ်မှုကို ပို၍ ကြီးလေးစေကြောင်း၊ ဘိုကလေးမြို့ပေါ်၌မူ သာမန်မိုးရွာသွန်းမှုသာ ရှိနေကြောင်း ဘိုကလေးမြို့ခံများက ပြောသည်။
Geen opmerkingen:
Een reactie posten