မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 11 oktober 2010

နည်းပညာမြို့သစ်မှ ကျောင်းသားချင်း ရန်ဖြစ်၍ ကျောင်းပိတ်လိုက်ရ

အောင်ထက် / ၁၁ အောက်တိုဘာ ၂၀၁၀
ရတနာပုံနည်းပညာမြို့သစ် (ပြင်ဦးလွင်)တွင် AsianInstituteofTechnology(A.I.T) မှ ဖွင့်လှစ်ထားသော အဆင်မြင့်နည်းပညာရပ်ဆိုင်ရာအင်ဂျင်နီယာဘွဲ့သင်တန်းများကိုသင်ယူနေသော အဓိကဘာသာတွဲမတူသည့် ကျောင်းသားအုပ်စု နှစ်စု ခိုက်ရန်ဖြစ်ပွားသောကြောင့် အောက်တိုဘာ (၇) ရက်မှစ၍ ရက်အကန့်အသတ်မရှိ ကျောင်းပိတ်လိုက်ကြောင်း သိရသည်။
BusinessInformationTechnology(B.I.T)ကျောင်းသားတဦးက“အောက်တိုဘာ(၆)ရက်ည (၁၀) နာရီမှာ အဆောင်ရှေ့ဘောလုံးကွင်းမှာကစားကြရင်းရန်ဖြစ်ကြတယ်။အဲဒီမှာA.I.T(၅ နှစ် အင်ဂျင်နီယာကျောင်းသား) တွေ အထိနာကြတယ်။ နောက်တနေ့ B.I.T (၃ နှစ် ကွန်ပျူတာကျောင်းသား) တွေ အတန်းဝင်နေတုန်း A.I.T ကျောင်းသားတွေ B.I.T လေးထပ်ဆောင်ကို ရောက်လာတယ်။ မှန်တွေ ရိုက်ခွဲ၊ အခန်းတံခါးတွေကို ရိုက်ချိုးဖွင့်ကြတယ်။ B.I.T ကျောင်းသားတွေက သူတို့ပစ္စည်းတွေ ဖျက်ဆီးနေတာ မြင်တော့ ပြန်ရိုက်ကြရင်း သွေးထွက်သံယိုတွေ ဖြစ်ကုန်ကြတယ်” ဟု ပြောသည်။
ကျောင်းဝင်းတခုတည်း အတူနေကျောင်းသားများသည် အုတ်ခဲ၊ တုတ်များ အသုံးပြု ရိုက်နှက်ကြသောကြောင့် ကျောင်းသား (၂၀)ခန့် ပြင်ဦးလွင်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
B.I.T သင်တန်းဖွင့်သည်မှာ (၂) နှစ်ရှိဖြစ်ပြီး A.I.T သင်တန်းမှာ ယခုနှစ်မှ စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။ ယခင်ဖွင့်လှစ်စဉ်က ကျောင်းသားများ အဆောင်မရှိသေးဘဲ ယခုနှစ်မှ အဆောင်နေခွင့်ရသည်ဟု သိရသည်။
“နှစ်ဖက် ဘောလုံးအသင်းရဲ့ ကျောင်းသားနှစ်ယောက်က စဖြစ်တယ် ပြောတယ်။ သေချာမသိဘူး။ ကျနော်ဆို ကိုယ်လွတ်ရုန်းပြေးပြီး ပုန်းနေရတယ်။ ကျောင်းသားတွေကလည်း သူ့အုပ်စု ကိုယ့်အုပ်စုမို့သာ ရိုက်နေကြတာ။ အဖြစ်မှန်ကို သေချာသိကြတာမဟုတ်ဘူး” ဟု A.I.T ကျောင်းသားတဦးက ပြောသည်။
အဆိုပါ ရန်ပွဲသို့ နိုင်ငံခြားသားဆရာ(၃)ဦးအပါအ၀င်ဆရာအားလုံးဝင်ရောက်ဖျန်ဖြေသော်လည်း ထိန်းမနိုင်ဖြစ်ခဲ့ကြောင်း၊ အတွေ့အကြုံမရှိသော နိုင်ငံခြားသားဆရာတို့မှာ လွန်စွာထိတ်လန့်ကြောက်ရွံ့နေကြကြောင်း ကျောင်းသားများထံမှ သိရသည်။
ရန်ဖြစ်သည်ကို ကြားသိလိုက်သော ပြင်ဦးလွင်ရှိ စိုးစံဘော်ဒါဆောင်တွင်နေထိုင်သည့် ဒုတိယနှစ် B.I.T ကျောင်းသားများကလည်း ပြင်ဦးလွင် မြို့ပေါ်ရောက်ရှိသည့် A.I.T ကျောင်းသားများအား ၀င်ရောက်ရိုက်နှက်ခဲ့ကြကြောင်း၊ လုံခြုံရေးတာဝန်ရှိသူများ ရောက်ရှိလာသော်လည်း အဆိုပါ အဆင့်မြင့်ကျောင်းသားများအား အရေးယူရန် အခက်အခဲ ရှိနေပုံရကြောင်း ပြင်ဦးလွင်မြို့ခံအချို့က ပြောသည်။
ထို့ကြောင့်ကျောင်းအုပ်ချုပ်ရေးက အောက်တိုဘာ(၇)ရက်ညနေ(၄)နာရီတွင် B.I.T ကျောင်းသားများအားလည်းကောင်း၊အောက်တိုဘာ(၈)ရက်ညနေတွင် A.I.T ကျောင်းသားတို့အားလည်းကောင်း ခရီးသည်တင်ကားများဖြင့် အချိန်ခွဲ၍ နေရပ်ပြန်ပို့ခဲ့ရသည်။
အဆိုပါပြင်ဦးလွင်ကျောင်း၏ ရန်ကုန်ရုံးချုပ်တည်ရှိရာ သိမ်ကြီးဈေး(စီ)ရုံတတိယထပ်သို့ သွားရောက်စုံစမ်းရာ “ကျောင်းသားချင်း ရန်ဖြစ်လို့ ကျောင်းပိတ်တာပါ။ ပြန်ဖွင့်မယ့်ရက်ကို အကြောင်းကြားပါ့မယ်။ ရွေးကောက်ပွဲလဲနီးနေတော့ ဆူဆူပူပူ မဖြစ်စေချင်လို့ပါ”ဟု တာဝန်ရှိသူများက ဖြေကြားသည်။
အဆိုပါ အဆင့်မြင့်သင်တန်းများသို့ တက်ရောက်ရန် တက္ကသိုလ်ဝင်တန်းကို သိပ္ပံဖြင့်အောင်မြင်ပြီး အနည်းဆုံး အမှတ် (၃၀၀) ရရှိရန်လိုအပ်သည်။ G.T.C (သို့) AGTI သင်တန်း (၂) နှစ်တက်ပြီးသူများ၊ သင်္ချာ (သို့)ရူပဗေဒဖြင့် ဘွဲ့ရရှိထားသူများသည် ဒုတိယနှစ်မှ စတင်တက်ရောက်ခွင့်ရှိကာ အင်္ဂလိပ်စာ အဆင့်အတန်းအတွက် IELTS 5.5 နှင့်အထက်၊ TOEFL 71 နှင့်အထက် လိုအပ်သည်။
၎င်းသင်တန်းကျောင်းသို့ အရာရှိကြီးများ၏ သားသမီး အများဆုံးတက်ရောက်ကြပြီး တနှစ်လျှင် သင်တန်းကြေး သိန်း (၃၀)ကျပ်၊ နေထိုင်စားသောက်စရိတ် ကျပ် (၁၀)သိန်း ပေးသွင်းရသည်ဟု သိရသည်။

Geen opmerkingen: