မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 2 december 2009

ဒုက္ခသည်များ စခန်းအပြင်ထွက် အလုပ်လုပ်လိုကြ

  

ရဲရင့် / ၂ ဒီဇင်ဘာ ၂၀၀၉

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များကို ထိုင်းအစိုးရအနေဖြင့် အလုပ်လုပ်ကိုင်ခွင့်ပြုရန် ဥရောပသမဂ္ဂ(အီးယူ)၏ တိုက်တွန်းမှုကို မြန်မာဒုက္ခသည်များနှင့် ဒုက္ခသည်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသည်။
မယ်လစခန်းမှ စောကညောဖိုးက “ဒုက္ခသည်တွေ နှစ်ပေါင်းများစွာ လိုလားနေတဲ့ အခွင့်အရေးတခုဖြစ်တယ်။ ပေးတာယူ ကျွေးတာစား ထားရာနေဘ၀နဲ့ အကျယ်ချုပ်လို ဒုက္ခသည်စခန်းထဲမှာ နေလာတာ (၁၅) နှစ်ရှိတော့မယ်။ လူ့ဘ၀ဆိုတာက ဒါထက်ပိုပါတယ်။ ဒီကိစ္စ အကောင်အထည် ပေါ်လာမယ်ဆိုရင်တော့ ကျနော်တို့ကို တာဝန်ယူနေတဲ့ လူတွေအတွက်လည်း ၀န်ထုပ်ဝန်ပိုးတွေ နည်းသွားမယ်” ဟု ပြောသည်။
အီးယူအဖွဲ့၏ လော၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံဆိုင်ရာ သံအရာရှိကြီး မစ္စတာဒေးဗစ်လစ်မင်းက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းအစိုးရကို တိုက်တွန်းပြောကြားခြင်းဖြစ်ပြီး ဒုက္ခသည်များ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်၊ ထိုင်းလူ့အဖွဲ့အစည်းအတွင်း ၀င်ဆံ့နိုင်ရန် ကူညီလုပ်ဆောင်ပေးသင့်သည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၂၃) ရက်တွင် အီးယူသံအရာရှိကြီး ဒေးဗစ်လစ်မင်း ဦးဆောင်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင် (၁၄) နိုင်ငံမှ သံတမန်များသည် မယ်လဒုက္ခသည်စခန်း၏ အနေအထားများကို သွားရောက်လေ့လာခဲ့ကြပြီးနောက် အဆိုပါတိုက်တွန်းချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
စခန်းအုပ်ချုပ်ရေးတာဝန်ရှိသူတဦးက “ကျနော်တို့သိရတာက ဒီကိစ္စကို ထိုင်းအစိုးရဘက်က လောလောဆယ်တော့ ဖြစ်ဖို့ မလွယ်သေးဘူး။ အစိုးရမူဝါဒပြောင်းရမယ့် သဘောရှိတယ်။ ဖြစ်တယ်ဆိုတာတောင်မှ လာမယ့် (၅) နှစ်လောက်မှ ဖြစ်နိုင်မယ်လို့ ကြားတယ်” ဟု ပြောသည်။
လက်ရှိထိုင်းအစိုးရ၏ မူဝါဒအရ ဒုက္ခသည်များကို စခန်းအပြင်ထွက်၍ အလုပ်လုပ်ကိုင်ခွင့်မရှိဟု ကန့်သတ်ထားသည်။
ဒုက္ခသည်များကို အကူအညီပေးနေသည့်အဖွဲ့တခုမှ တာဝန်ခံတဦးက “ထိုင်းအစိုးရအနေနဲ့ ခွင့်ပြုသင့်ပါတယ်။ အဲလိုခွင့်ပြုခြင်းအားဖြင့် ရေရှည်မှာ ဒုက္ခသည်ပြဿနာတွေ နည်းပါးမှာဖြစ်ပြီး ဒီလူတွေ အလှူရှင်တွေရဲ့နှာခေါင်းနဲ့ အသက်ရှူစရာ မလိုတော့ဘူး” ဟု ပြောသည်။
ဒုက္ခသည်များအား တလလျှင် (၅) နှစ်အထက် တဦးလျှင် ဆန် (၁၅) ကီလို၊ ဆီ (၁) ကီလို၊ ပဲ (၁) ကီလိုနှင့် ငါးပိ၊ ငရုပ်သီး၊ ဆား၊ အာဟာရမှုန့်များ ပေးဝေပြီး တနှစ်တကြိမ်နှုန်းဖြင့် စောင်၊ ခြင်ထောင်၊ အနွေးထည်များပေးပြီး (၂) နှစ်တခါ ပုဆိုးတထည်နှင့် ထဘီတထည်စီပေးသည်။ (၅) နှစ်အောက် ကလေးငယ်များကိုမူ ရိက္ခာတ၀က်နှုန်းသာပေးသည်ဟု မယ်လစခန်းမှ ရိက္ခာမှူးတဦးက ပြောသည်။
မြန်မာဒုက္ခသည်များကို စားနပ်ရိက္ခာ ထောက်ပံ့ပေးသည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း Thailand Burma Border Consortium (TBBC) အဖွဲ့က ယခုနှစ်ကုန်ပိုင်းတွင် ဒုက္ခသည်များနှင့် သက်ဆိုင်သည့် လေ့လာစူးစမ်းမှုတရပ်ကို မယ်လဒုက္ခသည်စခန်းတွင် (၂) ပတ်ကြာပြုလုပ်ခဲ့သည်။
အဆိုပါ လေ့လာစူးစမ်းမှုအရ ဒုက္ခသည် (၅) သောင်းခွဲခန့်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် မိသားစု (၅) ဦး ရပ်တည်နိုင်ရန်အတွက် တလလျှင် ထိုင်းဘတ်ငွေ (၂,၂၅၀) လိုအပ်သည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး ဒုက္ခသည် (၁၄၀,၀၀၀) ခန့်နေထိုင်ကာ ၎င်းတို့အတွက် အဓိကအကူအညီပေးသည့်အဖွဲ့မှာ ဥရောပသမဂ္ဂဖြစ်သည်။

Geen opmerkingen: