Wednesday, 02 December 2009 18:28 ရန်ပိုင်
.မွန်ပြည်နယ် အတွင်းရှိ မွန်အမျိုးသား ပညာရေး ကော်မတီ (MNEC)မှ ဖွဲစည်း တည်ထောင်ထားသည့် ကျောင်းများသည် နိုင်ငံတကာ အလှုရှင်များ၏ လှုဒါန်းထောက်ပံ့မှု နှောင့်နှေး နေသည့်အတွက် ၀န်ထမ်း ဆရာဆရာမများအား လစာငွေပေးနိုင်ခြင်းမရှိဟု မကြာသေးမီက ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည့် ကျောင်းအုပ်ချုပ်ရေးမှုးတဦးက ဧရာဝတီ သို့ပြောသည်။
“တချို့ဆရာတွေဆိုရင် လစာမရတာ ကျောင်းစဖွင့်တဲ့အချိန် ဇွန်လကတည်းက အခုထိပဲ”ဟု ၎င်းကဆိုသည်။
ထို အကျပ်အတည်းကို ဒေသတွင်းကျေးရွာများရှိ လူထုထံမှ ငွေကောက်ခံ၍ ဖြေရှင်းလျှင်လည်း စစ်အစိုးရ၏ အရေးယူခြင်းခံရ မည်ကို ရပ်ရွာအကြီးအကဲများ အနေဖြင့် စိုးရိမ်နေကြသည်ဟု ၎င်းကပြောသည်။
မွန်ပြည်နယ်အတွင်းတွင် စစ်အစိုးရ၏ ပညာရေးဌာနမှ စာသင်ကျောင်းများ ဖွင့်လှစ်မထားသည့် ဒေသများ၌ အပစ်အခတ်ရပ်စဲ ထားသည့် မွန်ပြည်သစ်ပါတီမှ ဒေသတွင်း ပညာရေးဖွံ့ဖြိုးမှု ပြုလုပ်ရန်အတွက် မွန်အမျိုးသား ပညာရေးကော်မတီ (MNEC) ကိုဖွဲ့စည်းပြီး ပညာရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။
MNEC အဖွဲ့မှ ကြီးမှုးပြီး ကျောင်းပေါင်း ၂၇၁ ကျောင်း မွန်ပြည်နယ်အတွင်းဖွင့်လှစ်ထားရာ ဆရာ ဆရာမ ၀န်ထမ်းဦးရေ ၁၀၀၀ခန့် ရှိကြောင်း၊ ကျောင်းပေါင်း ၁၅၇ကျောင်းမှာ MNEC အဖွဲ့မှ ရေးဆွဲထားသည့် သင်ရိုးညွန်းတမ်းဖြင့် သင်ကြားနေပြီး၊ ကျန်သည့် ၁၁၄ ကျောင်းသည် မွန် နှင့် မြန်မာစစ်အစိုးရတို့ ရေးဆွဲထားသည့် သင်ရိုးညွန်းတမ်းကို သုံးစွဲသင်ကြားရသည်ဟု အဆိုပါအဖွဲ့၏ ၂၀၀၉ ခုနှစ် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ယခင်က မွန်ပြည်နယ်အတွင်းတွင် ကျောင်ပေါင်း ၃၇၅ကျောင်းရှိပြီး ကျောင်းသားပေါင်း ၅၀၀၀၀ ခန့် ပညာသင်ကြားနေသော် လည်း ယခုအခါ တချို့သော ကျောင်းများကို ၂၀၀၂ ခုနှစ်မှ စတင်၍ စစ်အစိုးရက အတင်းအကျပ်ပိတ်ပစ်ခဲ့သည်။
အဆိုပါကျောင်းများကို ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ကျန်းမာရေးနှင့် ပညာရေးကော်မတီ ( NHEC )၊လွတ်လပ်ပွင့်လင်းသောလူ့ ဘောင်အဖွဲ့ (OSI) နှင့် တခြားသောပုဂ္ဂလိကအလှုရှင်များမှ အထောက်အပံ့ပေးထားသည်ဟု သိရသည်။
OSI အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက“နောက်နှစ်ပတ်လောက်ဆိုရင် မွန်ပညာရေး(MNEC)ကို ငွေလွှဲပေးတော့မှာပါ၊ ချပေးဖို့အတည် ပြုလိုက်ပါပြီ”ဟု ပြောသည်။
NHEC အဖွဲ့အနေဖြင့် တိုင်းရင်းသားနယ်မြေများတွင် ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လူမျိုးစု အဖွဲ့ အစည်းများကို ပညာရေးနှင့် ပတ်သက်၍ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေး နှင့် ပတ်သက်သည့် ဆေးဝါးများ အထောက်အပံ့ပေးခြင်းကိုသာ ပြုလုပ်၍ ငွေကြေး တစုံတရာထောက်ပံ့ခြင်းကို မပြုလုပ်ကြောင်း၊ သို့သော်လည်း NHECအဖွဲ့အနေဖြင့် ယခုနှစ် ကျောင်းဖွင့်သည့် ဇွန်လမှစတင်၍ ယခုအချိန်တိုင် အဆိုပါအထောက်အပံ့ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးကြောင်း အဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။
“ရှမ်းလည်းမရသေးဘူး၊ ကရင်လည်းမရသေးဘူး၊ အလှုရှင်နိုင်ငံတွေကိုက မပေးသေးတာ”ဟု ၎င်းကဆိုသည်။
NHEC အဖွဲ့အား ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အဓိကထောက်ပံ့မှုပေးနေသည့် အဖွဲ့အစည်းများမှာ နော်ဝေ-မြန်မာ ကော်မတီ ( NBC ) နှင့် ဒိန်းမတ်-မြန်မာကော်မတီ(DBC)တို့ဖြစ်ကြသည်။
MNEC အဖွဲ့အစည်းမှ တည်ထောင်ထားသည့် ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာတဦး၏ လစာမှာ တလလျှင် ၂၀၀၀၀ ကျပ် ရရှိသည်ဟု သိရသည်။
မွန်ပြည်သစ်ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးယူခဲ့ပြီးနောက် မွန်ပြည်နယ်အတွင်းရှိ ကျောင်းများတွင် မွန်ဘာသာ ထည့်သွင်းသင်ကြားရန် သဘောတူညီချက်ယူနိုင်ခဲ့သည်။
woensdag 2 december 2009
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten