donderdag 3 december 2009
တရုတ်-မြန်မာ ကုန်စည်ပြပွဲဖွင့်လှစ် ဗိုလ်ချုပ်မှူးကြီး သမက် တက်ရောက်
ပေါက်ပေါက် / ၃ ဒီဇင်ဘာ ၂၀၀၉
နဝမအကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ ဖွင့်ပွဲသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမက်ဖြစ်သူ တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးဇော်ဖြိုးဝင်းလည်း တက်ရောက်ခဲ့ကြောင်း အခမ်းအနားတက်ရောက်ခဲ့သူ ကုန်သည်တဦးက ပြောသည်။
၂ဝဝ၁ ခုနှစ်မှစ၍ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံဘက်၌ တလှည့်စီ ကျင်းပနေသည့် တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲကို ယမန်နေ့က တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့ နိုင်ငံတကာကုန်သွယ်ရေး ကုန်စည်ပြပွဲစင်တာ၌ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်မှ စီးပွားကူးသန်း ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် အောင်ထွန်းနှင့် တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်တက်ရောက်ခဲ့ကြသည်။
“ဖွင့်ပွဲပြီးတော့ ပြခန်းတွေကို လူကြီးတွေ လိုက်ကြည့်တယ်။ သူ့ကို ဘယ်မှာမြင်ဖူးသလဲလို့ ဇဝေဇဝါ ဖြစ်နေတာ။ နောက်မှ မင်္ဂလာဆောင်ခွေထဲက နံပါတ်ဝမ်းကြီးသမက် ဇော်ဖြိုးဝင်းမှန်း သိလိုက်တာ။ ပွဲမှာတော့ ဒု-ဝန်ကြီးပဲ စကားပြောတာ။ သူကတော့ မပြောပါဘူး” ဟု အခမ်းအနားတက်ရောက်ခဲ့သူ ကုန်သည်က ပြောသည်။
ဦးဇော်ဖြိုဝင်းသည် ကုန်သွယ်ရေးဝန်ကြီးဌာန လက်ထောက်ညွှန်မှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သမီး မသန္တာရွှေနှင့် လက်ထပ်ခဲ့ပြီးနောက် နိုင်ငံခြားရေးဌာနသို့ရောက်ရှိကာ ယခုနှစ်လယ်ပိုင်းက တရုတ်ပြည်၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးသို့ ရောက်ရှိလာသည်။
ယခုကုန်စည်ပြပွဲတွင် ဆိုင်ခန်းပေါင်း (၅ဝဝ) ခန့်ရှိရာ မြန်မာဘက်မှ ဆိုင်ခန်း (၅ဝ) ဝန်းကျင်သာ လာရောက် ပြသခဲ့ပြီး လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများအပါအဝင် တိုင်းရင်းဆေးများ ပြသထားသည်ဟု ပြပွဲသို့ သွားရောက်ခဲ့သည့် ဒေသခံတဦးက ပြောသည်။
၎င်းက “ ပုဂ္ဂလိကပိုင်းက ထွန်းရွှေဝါ၊ မှန်ချို အဲလို တိုင်းရင်းဆေးဝါးတွေလည်း လာတယ်။ ကော်ဖီမစ်၊ တီးမစ် အဲလိုဟာတွေ၊ သမဝါယမအသင်းတို့ လာပါတယ်။ အရင်လာနေတဲ့ လယ်ယာထွက်၊ ရေထွက်တွေပါပဲ။ အပြင်မှာတော့ ကျောက်မျက်ဆိုင်လေးတွေ ရှိတယ်။ အဲဒါကတော့ ဒီရွှေလီ၊ ကျယ်ဂေါင်က မြန်မာတွေ လာဖွင့်နေတာ။ တရုတ်ဘက်ကတော့ စက်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ စားရေးကိရိယာတွေ၊ ကွန်ပျူတာပစ္စည်းတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ဘူဒိုဇာတွေ၊ စားသောက်စရာတွေ အစုံပဲ” ဟု ဒေသခံတဦးက ပြောသည်။
ယခုကုန်စည်ပြပွဲကို ယခုလ (၂) ရက်မှ (၆) ရက်အထိ (၅) ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ ၂ဝဝ၈ ခုနှစ်အတွင်း (၂.၆၂၆) ဘီလီယံရှိခဲ့ရာ တရုတ်နိုင်ငံဘက်မှ
(၁.၉၇၈) ဘီလီယံတန်ဖိုး တင်ပို့ခဲ့သည်ဟု တရုတ်နိုင်ငံ၏ တရားဝင်စာရင်းဇယားများတွင် ဖော်ပြထားသည်။
Labels:
ခေတ်ပြိုင် မှ
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten