မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 11 maart 2010

စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း

ရဲဘော်ဖိုးသံချောင်း
၁၁/ မတ် ၂၀၁၀
နအဖစစ်အစိုးရက ရွေးကောက်ပွဲအသံတွေ ပေးတာကြားရတိုင်း၊ အဲဒီရွေးကောက်ပွဲကို ထုံးသုတ်-ရွှေချ ပြောကြတာတွေ ကြား ရတိုင်း ဒီရွေးကောက်ပွဲကနေ ပေါ်လာမယ့် လွှတ်တော်ရဲ့ပုံကို စဉ်းစားနေမိပါတယ်။ စဉ်းစားနည်းဟာ ကလေးဆန်တယ်ပဲ ပြောပြော၊ လူပြိန်းဆန်တယ်ပဲပြောပြော အလွယ်ဆုံးကိစ္စတခုကိုပဲ အရင်ဆုံးတွေးမိပါတယ်။ အဲဒါကတော့ တကယ်လို့ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့” ဆိုတာက ဗိုလ်သန်းရွှေကို သမ္မတအဖြစ် တင်မြှောက်ပြီးလို့ လွှတ်တော်ထဲမှာ ကြေညာလာပြီဆိုရင် ဘယ်သူကများ ဆန့်ကျင်ရဲမလဲ၊ စင်ပြိုင်အမည်တခု တင်ရဲမလားဆိုတာပါ။ အဲဒီလိုအခါမှာ လွှတ်တော်ခန်းမကြီး တခုလုံးဟာ ငြိမ်ကျသွားမလား၊ ဆူပွက်သွားမလား၊ တိုးတိုးပြောသံတွေ မသဲမကွဲ ကြားလာရမလား၊ သူ့ထက်ငါဦး အလုအယက် ထောက်ခံကြမလား၊ တယောက်မျက်နှာတယောက် ကြည့်နေကြမလား၊ ဘာပဲပြောပြော “စစ်မှန်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ကြီးကို ကျင့်သုံးနေချိန်ဆိုတော့ စည်းကမ်းတကျတော့ ဖြစ်မှာ သေချာပါတယ်။ မဆလလက်ထက်တုန်းက ဗိုလ်နေဝင်းစကားပြောနေရင် အပေါ့အပါးတောင် ထမသွားကြရဘူးဆိုသမို့လား။ ဒီလွှတ်တော်ထဲက စားပွဲတွေအောက်မှာ အသံဖမ်းစက်တွေ တပ်မထားပေမယ့် ကလို့စ် ဆားကစ်တီဗွီ (close circuit TV) လို တီဗွီကင်မရာတွေနဲ့တော့ လူအားလုံးကို စောင့်ကြည့်နေမှာ သေချာပါတယ်။
တဆက်တည်း ဆက်တွေးမိတာက အဲဒီကြပ်ပြေးက လွှတ်တော်ကြီးမှာ (၂၅) ရာခိုင်နှုန်းသော စစ်တပ်ကိုယ်စားလှယ်တော်ကြီး များက လွှတ်တော်ခန်းမအတွင်း ဘယ်လိုနေရာမှာ ထိုင်ကြမှာလဲဆိုတာပါ။ တခြားကိုယ်စားလှယ်တွေကြားမှာပဲ ရောထိုင်မှာလား။ ဒါဆိုရင် ကျန်တဲ့လူတွေစိတ်ထဲမှာ ထောက်လှမ်းရေး လာထိုင်နေတယ်လို့ ခံစားရမလား။ အနေကျုံ့ကြမှာလား။ ဒါမှမဟုတ် အင်ဒိုနီးရှား လွှတ်တော်မှာလို သူတို့ချည်းသတ်သတ် သီးသန့်ထိုင်မှာလား။ တရားရုံးက ဂျူရီအဖွဲ့လို ထိုင်နေမှာလား။ ဒီဘယ်သူ့ မဲတမဲမှမရခဲ့တဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကို ယူနီဖောင်းဝတ်နဲ့ တက်လာကြမှာလား၊ အရပ်ဝတ်နဲ့ တက်လာကြမှာလား။ ကြပ်ပြေးက လွှတ်တော်ဆိုတာကြီးထဲမှာ တနေရာကကွက်ပြီး စိမ်းနေရင် ရုပ်မြင်သံကြားထဲမှာတော့ ထင်းနေမှာပဲ။ ဗိုလ်သန်းရွှေနည်း ဗိုလ်သန်းရွှေဟန် ဒီမိုကရေစီရဲ့ အထိမ်းအမှတ် လက္ခဏာပေါ့လေ၊ ဒါလောက်တော့ ရှိမပေါ့။
တကယ်လို့များ လွှတ်တော်ကိုယ်စားလှယ်တွေထဲက တယောက်ယောက်ကနေ အစိုးရဆန့်ကျင်တဲ့ အယူအဆတခုကို တင်ပြနေပါပြီတဲ့၊ ဒါကို အဲဒီအစိမ်းအုပ်ထဲက တယောက်က ချောင်းဟန့်သံကျယ်ကျယ်ပေးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ ဆက်ပြောဝံ့ပါ့မလား။ အဲဒီစစ်ဗိုလ်အုပ်စုထဲက တင်တဲ့အဆိုတခုကို ကျန်တဲ့လူတွေက ဆန့်ကျင်ခွင့်ရှိပါ့မလား။ “ခေါင်းညိတ်လိုက်ရုံမှအပ ကျနော်ကကော ဘာများတတ်နိုင်ဦးမည်နည်း” ဆိုတဲ့အဖြစ်တွေကို စောင့်ကြည့်ကြရပါလိမ့်မယ်။
အဲဒီလိုပတ်ဝန်းကျင်၊ အဲဒီလိုလေထုထဲမှာ ရွေးကောက်ပွဲနဲ့တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက်မကျန် (၇၅) ရာခိုင်နှုန်းကို စုစည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ အဆိုတွေတင်ကြမှာတဲ့။ နားရှိလို့သာ ကြားမိရတာပါပဲ။
ဒီတော့ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်၏ဦးဆောင်မှုအခန်းကဏ္ဍဆိုတာ ဘယ်လိုဟာလဲဆိုတာကို ကမ္ဘာရော၊ မြန်မာကပါ မကြာခင် မျက်ဝါးထင်ထင် တွေ့ကြရပါတော့မယ်။ ကျောချတော့ စစ်ဗိုလ်မှန်း သိကြကရောပေါ့။ တကယ်တော့ သူတို့ဟာ ၁၉၉၁ ခုနှစ် ဇူလိုင်လထဲ လောက်ကစပြီး တပ်မတော်အရာရှိတဦးဆိုတဲ့ ကလောင်နာမည်သုံးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ အဆက်မပြတ်ရေးတာတွေ တွေ့ခဲ့ရပါတယ်။ တနည်း သူတို့လုပ်ချင်တဲ့ဥပဒေကို လူထုက ဘယ်လိုတုံ့ပြန်မလဲလို့ သွေးတိုးစမ်းခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ “အမျိုးသားညီလာခံ” ဆိုတာမှာ စစ်တပ်ကိုယ်စားလှယ်တွေကို ထည့်သွင်းခဲ့တယ်။ ဒါဟာလည်း သူတို့ဖြစ်စေချင်တဲ့ လွှတ်တော်မျိုးအတွက် မြေစမ်းခရမ်းပျိုးတာ ဖြစ်ပါတယ်။ ဒီလို “စပေ့စ်”တွေ ပြည့်လျှမ်းနေတဲ့ လွှတ်တော်ကြီးထဲမှာ စစ်ဗိုလ်တွေက တိုင်သံပေးလိုက်၊ “တတိယအင်အားစု” အမည်ခံတွေက (ကံကောင်းထောက်မလို့ ပါရှိခဲ့သော်) ဖောက်သံပေးလိုက်နဲ့ အတိုက်အခံတွေအပေါ် စီရင်ချက်တွေချကြတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးနဲ့ လွှတ်တော်ကြီး ဖြစ်ပေါ်လာတော့မှာပါ။
ဒီလိုနဲ့ပဲ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာမျက်နှာ (၃) အခန်း (၁) နိုင်ငံတော်အခြေခံမူများ အပိုဒ် (၆) (စ) မှာ ပါတဲ့ “အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်” တာတွေကို ပြည်သူတွေ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့မယ်။ မှန်ပါတယ်၊ ၁၉၇၄ ခုနှစ်တုန်းက ဖွဲ့စည်းပုံမှာတော့ ဒါမျိုးတွေမပါပါဘူး။ မပါတဲ့အကြောင်းက အဲဒီတုန်းက မဆလ တပါတီတည်း အုပ်ချုပ်နေချိန်၊ လွှတ်တော်ထဲမှာ မဆလနဲ့မဆလတွေသာရှိနေပြီး မဆလစစ်အုပ်စု၊ စစ်အုပ်စုမဆလ ဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။
ဗမာပြည်မှာ သမိုင်းမှာရှိခဲ့ဖူးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြန်ကြည့်လိုက်ပါ။ ပထမဆုံးက ကိုလိုနီခေတ် ၁၉၃၅ ခုနှစ်မှာ ဗြိတိသျှအစိုးရက ဗမာပြည်ကို အိန္ဒိယလက်အောက်ကနေ ခွဲထုတ်ပြီးနောက် ပြဋ္ဌာန်းသတ်မှတ်ပေးခဲ့တဲ့ ‘၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုဥပဒေ’ (1935 Government of Burma Act) ဆိုတာဖြစ်ပါတယ်။ ၉၁ ဌာန အုပ်ချုပ်ရေးလို့လည်း လူသိများခဲ့တဲ့ ဒီဥပဒေကို ဗမာနိုင်ငံရဲ့ ပထမဆုံးသော ဖွဲ့စည်းပုံဥပဒေလို့ ပြောရင်လည်း ရပါတယ်။ ဒီဥပဒေအရ လွှတ်တော် (၂) ရပ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့် နိုင်ငံခြားဆက်သွယ်ရေး၊ ကာကွယ်ရေး၊ ဘာသာရေး၊ တောင်တန်းဒေသ အုပ်ချုပ်ရေး၊ ငွေရေးကြေးရေးပေါ်လစီ၊ ငွေစက္ကူနဲ့ ငွေဒင်္ဂါးကိစ္စ စတဲ့ အရေးပါသောကိစ္စများနဲ့ပတ်သက်လာရင် ဘုရင်ခံမှာသာ စိတ်တိုင်းကျစီရင်ပိုင်ခွင့်အာဏာ (Discretionary Power) ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ပါနေပါတယ်။ စစ်တပ်ကတော့ အင်္ဂလန်က ဘုရင်၊ ဘုရင်မလက်ထဲမှာပဲ ရှိပါတယ်။
နောက်တခုက ဂျပန်ခေတ်တုန်းကရခဲ့တဲ့ “လွတ်လပ်ရေးကာလ” တုန်းက ဖြစ်ပါတယ်။ အဲဒီကာလတုန်းက အစိုးရရုံးတွေမှာ တရားစီရင်ပိုင်ခွင့်မရှိဘဲ ဂျပန်စစ်တပ်မှာသာ တရားစီရင်ခွင့်ရှိနေပါတယ်။ အဲဒီတုန်းက“ဗမာပြည်အစိုးရ” ဟာ ဘီအိုင်အေတပ်ကိုသာ ချုပ်ကိုင်ခွင့်ရှိပြီး ဗမာပြည်ထဲမှာရှိနေပြီး အဆမတန် အင်အားပိုမိုကြီးမားတဲ့ ဂျပန်တပ်ကြီးကိုတော့ တိုကျိုမှာနေတဲ့ ဂျပန်ဧကရာဇ်ဘုရင်ကသာ ချုပ်ကိုင်ခွင့်ရှိပါတယ်။
အခုလည်း နအဖစစ်အစိုးရရဲ့ ဖွဲ့စည်းပုံဥပဒေဟာ လွှတ်တော်ရဲ့အခွင့်အာဏာတွေကို အမျိုးမျိုးကန့်သတ်ထားရုံမက စစ်တပ်ကို သူတို့စစ်အုပ်စုကလွဲပြီး ဘယ်သူမှချုပ်ကိုင်ခွင့်မရအောင် ပြဋ္ဌာန်းထားပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအခန်း (၇) မှာ တပ်မတော်ရဲ့လုပ်ပိုင်ခွင့်၊ ချုပ်ကိုင်ခွင့်တွေသာ ပါရှိပါတယ်။ ဒီတပ်မတော်က အစိုးရအဖွဲ့ကို နာခံရမယ်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမယ်ဆိုတဲ့ စကားမျိုး တလုံးမှမပါပါဘူး။ စစ်တပ်ဟာ တတိုင်းတပြည်လုံးရဲ့အထက်၊ သူတို့ဖန်တီးထားတဲ့ “လွှတ်တော်” ရဲ့ အထက်မှာပဲ ရှိနေပါတယ်။ ကာကွယ်ရေးဝန်ကြီးကို သမ္မတက တိုက်ရိုက်ခန့်တာ၊ ဒီဝန်ကြီးကပဲ စစ်ကောင်စီ (လုံခြုံရေးကောင်စီ) ကို တိုက်ရိုက်တာဝန်ခံရတာ၊ တပ်ဖွဲ့စည်းတာ၊ ခန့်အပ်တာ၊ ရာထူးတိုးတာ စတာတွေအားလုံးကို ကက်ဘိနက်ကတောင် ပြောဆိုခွင့်မရှိတာ စတဲ့အချက်တွေကိုကြည့်လိုက်ရင် အမြဲတမ်း ချက်ကြီးကချည့် အထက်က ဖြစ်နေမယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကို အထက်မှာပြောသလို (၇၅) ရာခိုင်နှုန်းအင်အားစုစည်းပြီး ပြောင်းလဲမယ်လို့ ပြောသံကြားရတော့ ‘ပြောလည်း ပြောထွက်ပါပေ့’ လို့သာ မှတ်ချက်ချရပါတော့တယ်။
တကယ်က ရှစ်လေးလုံးအရေးတော်ပုံကြီးက စလို့ စစ်အုပ်စုထိပ်သီးတွေအနေနဲ့ ဒီစစ်တပ်ကို ဒီအတိုင်း ဆက်ထိန်းသွားလို့ မရမှန်း သဘောပေါက်သွားခဲ့ပါတယ်။ ဒါကြောင့်မို့ တပ်တွေကို စီးပွားရှာခွင့် (တရားမဝင်) အခွန်ကောက်ခွင့်တွေပေးခဲ့ပါတယ်။ ဒါပေမယ့် တပ်ကို ဒါလောက်ဖျက်ဆီးရုံနဲ့ မလုံလောက်မှန်းသိလို့ အာဏာပါခွဲပေးပြီး ထိန်းဖို့ ဒီဖွဲ့စည်းပုံကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် တိုင်းပြည်ရဲ့ ဓနဥစ္စာ အဆီအနှစ်၊ ကျောရိုးလုပ်ငန်းအားလုံး စစ်အုပ်စုလက်ထဲ လုံးလုံးလျားလျားရောက်နေပါပြီ။ လိုအပ်နေတာက အဲဒါကို တရားဝင်ဥပဒေအာဏာနဲ့ အကာအကွယ်ပေးဖို့သာဖြစ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲ စတာတွေဟာ အဲဒီအတွက် စီမံချက်တွေသာ ဖြစ်ပါတယ်။
နိုင်ငံရေးမှာ သမိုင်းတရားခံဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးရှိပါတယ်။ ဘယ်သူမှ ဒီဘွဲ့ကို မလိုချင်ပါဘူး။ ဒါဟာ တမင်ရည်ရွယ်ပြီး လုပ်သူတွေပဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲ လုပ်မိသူပဲဖြစ်ဖြစ် လုပ်ရပ်ကိုအကြောင်းပြုပီး သတ်မှတ်ကြတာပါ။ အထူးသဖြင့် နှောင်းလူတွေက သတ်မှတ်ကြတာပါ။ နှောင်းလူတွေမှာက ဒီနေ့ရှိနေတဲ့ အကန့်အသတ်တွေက လွတ်ကင်းပါတယ်။ နိုင်ငံရေးကို တကယ်တမ်း လေးလေးနက်နက် လုပ်သူ၊ ကိုယ့်ဘဝကို နိုင်ငံရေးလုပ်ငန်းထဲမှာ နှစ်ထားသူတွေဟာ ဒီလိုတရားခံဖြစ်မှာကို သိပ်သတိထားရှောင်ရှားရပါတယ်။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် အုပ်စိုးမှုကို ရေရှည်အသိအမှတ်ပြုပေးလိမ့်မယ်ဆိုတာ ရှင်းနေလျက်နဲ့ ရွေးကောက်ပွဲမှတပါး အခြားမရှိလို့ ပြောနေသူများဟာ ဗိုလ်သန်းရွှေတို့နဲ့ တတန်းတည်း တရားခံစာရင်းဝင်သွားနိုင်ပါတယ်။ အနည်းဆုံး ကြံရာပါပေါ့။





1 opmerking:

ကဗျာဦး zei

လာဖတ်သွားတယ်
လင့်ယူသွားတယ်