မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 24 maart 2010

တရုတ်စစ်ကားများ မြန်မာပြည်ဘက် ထပ်မံပို့ဆောင်

ပေါက်ပေါက်/ ၂၄ မတ် ၂ဝ၁ဝ
တရုတ်နိုင်ငံလုပ် တုန်ဖုန်း (DONGFENG) တံဆိပ်ပါ (၆) ဘီးတပ် စစ်ထရပ်ကား အစီး (၂ဝဝ) ကျော်ကို တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တဖက်ကမ်း၊ ကျယ်ဂေါင်မြို့မှတဆင့် မြန်မာပြည်ဘက်သို့ မကြာသေးမီရက်ပိုင်းမှစ၍ ပို့ဆောင်နေသည်။
မိုးကာများ အုပ်ထားသည့် အမိုးကိုင်းပါ စစ်ထရပ်ကားများ ကျယ်ဂေါင်မြို့သို့ မတ် (၁၅) ရက်နေ့က စတင်ရောက်ရှိလာခဲ့ပြီး နယ်စပ်ခြံစည်းရိုးအနီးရှိ ကားဝင်းအတွင်း စုပုံကာ ပြီးခဲ့သည့် သုံး၊ လေးရက်မှ စတင်ပို့ဆောင်နေခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံတဦးက ပြောသည်။
၎င်းက “ကားတွေကို စစ်တပ်က ကားသမားတွေက လာမောင်းတာဆိုတော့ တခါတည်း သယ်တာတော့ မဟုတ်ဘူး။ တခါသယ် (၄ဝ၊ ၅ဝ) နဲ့ သယ်နေကြတာ။ အခု အစီး (၂ဝဝ) ကျော်နေပြီ။ တချို့ကားတွေက ပြောက်ကျား ကွန်မန်ဒို အကွက်တွေလည်း ပါတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကားအမျိုးအစားကို ပြီးခဲ့သည့်နှစ်များကလည်း အလားတူ ရာနှင့်ချီ ပို့ဆောင်ခဲ့ပြီး မြန်မာပြည်သို့ မလွှဲပြောင်းမီ ကားရေဆေးခုံများ၌ ဆေးကြောသန့်စင်၍ နယ်စပ်တွင် စုပုံကာ မြန်မာပြည်ဘက်သို့ လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
၂ဝဝ၇ ခုနှစ် ဒီဇင်ဘာနှင့် ၂ဝဝ၈ ဇန်နဝါရီလအတွင်း FAW တံဆိပ်ပါ အပေါ့စား စစ်ထရပ်ကား အစီး (၁,ဝဝဝ) ကိုလည်း တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့မှတဆင့် မြန်မာပြည်ဘက်သို့ လွှဲပြောင်းပေးခဲ့သေးသည်။
တရုတ်ပြည်မှ တင်သွင်းနေသည့် ကားများ၏ နံပါတ်အား ကြယ်ဖြူတလုံး၊ ဂဏန်းလေးလုံးနှင့် ၎င်းနောက်တွင် (A) အက္ခရာ အမှတ်အသားများတပ်၍ မော်တော်ယာဉ်နှင့် ထောက်ပံ့ရေးဆိုင်ရာ တပ်ရင်းများသာမက ခြေလျင်၊ ခြေမြန်တပ်ရင်းများ၊ ဆေး၊ ဆက်သွယ်ရေး၊ အမြောက် စသည့် အကူလက်ရုံးတပ်ရင်းများတွင်လည်း သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေကြသည်ဟု ပြည်တွင်းစစ်ဘက်သတင်းများအရ သိရသည်။
FAW ၊ DONGFENG ၊ LIFAN ၊ LJC တံဆိပ်ပါ ကားများကို ၂ဝဝ၁ ခုနှစ် ဝန်းကျင်မှစ၍ နှစ်စဉ် မြန်မာပြည်ဘက်သို့ လွှဲပြောင်းနေခြင်းဖြစ်ပြီး တကြိမ်လျှင် ကားအစီး (၁ဝဝ) ထက်မနည်းရှိကာ အဆိုပါကားများအတွက် မည်သို့ ငွေပေးချေသည်ကို ရှင်းရှင်းလင်းလင်း မသိရသကဲ့သို့ နအဖကလည်း တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိပေ။





Geen opmerkingen: