စိုးမိုး/ ၄ မတ် ၂ဝ၁ဝ
ယခုလ (၁၀) ရက်မှ (၁၉) ရက်ထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲနီးကပ်လာသည့် ကာလတွင် မန္တလေးမြို့တော်၌ လျှပ်စစ်ရရှိမှု တိုးတက်မလာကြောင်း သိရသည်။
“မန္တလေးက မီးမလာလဲ နေလို့ရတဲ့မြို့လို့ အစိုးရက ထင်နေတာခင်ဗျ။ တိုးမရပါဘူးဗျာ။ တရုတ်တွေနေတဲ့ သူဌေးရပ်ကွက်တော့ မသိဘူး။ မြို့သစ်ကတော့ မရဘူးခင်ဗျ။ တခါတလေ ဘယ်အချိန် မီးလာသွားလဲ မသိဘူး” ဟု မန္တလေး မြို့သစ်နေသူတဦးက ပြောသည်။
ရာသီဥတု ပူပြင်းသည့် မန္တလေးမြို့တော်တွင် လျှပ်စစ်မရရှိသဖြင့် (၁၀) တန်း ဖြေဆိုရန် ပြင်ဆင်နေသည့် ကျောင်းသားများမှာ မီးစက်များ၊ ဖယောင်းတိုင်များ အသုံးပြုနေရပြီး နှစ်စဉ် ကြုံတွေ့နေကြ မီးဘေးအန္တရာယ်လည်း စိုးရိမ်နေရကြောင်း (၁၀) တန်း ကျောင်းသားများ နေထိုင်သည့် ဘော်ဒါဆောင် ပိုင်ရှင်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်းအတွင်း ရန်ကုန်မြို့တော် အချို့မြို့နယ်များကို တရက်လျှင် လျှပ်စစ် (၁၈) နာရီထိ တိုးပေးသော်လည်း မန္တလေးတွင် လျှပ်စစ် ထပ်တိုးမရခြင်းဖြစ်သည်။
“တပတ်ကျော်လောက်ရှိပြီ။ အရင်က တရက်ကို တခါတလေ (၂) နာရီ (၃) နာရီလောက်ပဲလာတယ်။ အခု မနက်ပိုင်း (၆) နာရီ လာတယ်။ ညပိုင်းလာတယ်။ ဒါပေမယ့် တခြားရပ်ကွက်တွေ မလာဘူးလဲ ပြောနေတယ်” ဟု ရန်ကုန်တိုင်း လသာမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ လလယ်ပိုင်းအတွင်း မန္တလေးတိုင်း ရဲရွာ ရေအားလျှပ်စစ်စက်ရုံ စတင်လည်ပတ်မှုကြောင့် ရန်ကုန်မြို့တော် အချို့မြို့နယ်များကို လျှပ်စစ်ပေးချိန် ပိုတိုးပေးနိုင်လာကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အာဏာပိုင်အဖွဲ့ရုံးက ပြောကြားသည်။
Geen opmerkingen:
Een reactie posten