မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 3 maart 2010

ရိုဟင်ဂျာများ အစာငတ်ခံ ဆန္ဒပြ

Wednesday, 03 March 2010 18:36 ၀ါးရှီးဖော
.ထိုင်းနိုင်ငံတွင် အထိန်းသိမ်း ခံနေရသော မြန်မာ ရိုဟင်ဂျာများသည် ၎င်းတို့အား နေရပ်ပြန်ပို့ ပေးရန်အတွက် အစာအငတ်ခံ ဆန္ဒပြ တောင်းဆိုနေ ကြကြောင်း သိရသည်။
“အစာငတ်ခံ ဆန္ဒပြတာ ၆ ရက် လောက်ရှိပြီ။ လာမယ့်အပတ်အထိ ပြန်မပို့သေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည် ကြမယ်လို့ ပြောကြတယ်” ဟု မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်မှု ထိုင်း လှုပ်ရှားရေး ကော်မတီမှ လက်ထောက် ညွန်ကြားရေးမှူး ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။
၂၀၀၈ ခုနှစ်အတွင်း ထိုင်းရေပိုင်နက်မှတဆင့် ခိုးဝင်လာသော ရိုဟင်ဂျာများကို ထိုင်းအာဏာပိုင်များက ဖမ်းမိထားစဉ် (ဓာတ်ပုံ - ရိုက်တာ)
ထိုင်းရှေ့နေ တဦးဖြစ်သူ Nassir က ရိုဟင်ဂျာများကို ထိုင်းအစိုးရ အနေဖြင့် နေရပ် ပြန်ပို့ပါက လူ့အခွင့်အရေး ထပ်မံ ချိုးဖောက် ခံရမည်ကို NGO အဖွဲ့အစည်း များနှင့် ရိုဟင်ဂျာ အရေး ဆောင်ရွက် ပေးနေသော ရှေ့နေများက စိုးရိမ်နေကြ သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလတွင် ရိုဟင်ဂျာ ၂၈ ဦးကို ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ပြန်ပို့ ခဲ့ကြောင်း သိရသည်။
“ဖမ်းမိတဲ့ အချိန်ကစပြီး အခု အချိန်အထိ သူတို့ ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအစိုးရ ဘက်က ပျော့ပြောင်းမှု မရှိဘူး။ ကာကွယ်မှု မရှိဘူး။ ဒါကြောင့် သူတို့ ကိုယ်နှိုက် ကလည်း မနေနိုင်တော့ဘူး၊ ပြန်မယ် ဖြစ်လာတယ်” ဟု ဦးမြင့်ဝေက ဆက်ပြောသည်။
၎င်းတို့ကို ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ထိန်းသိမ်းထားစဉ် ၂ ဦးသေဆုံးသွားပြီးနောက်ပိုင်း ကျန်ရှိနေသော ၅၅ ဦးကို ယခုအခါတွင် ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (IDC) တွင် ပြောင်းရွှေ့ ထိန်းသိမ်းထားသည်ဟု သိရသည်။
ယခင်က အဆိုပါ ရိုဟင်ဂျာများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်လာခဲ့ရာ ထိုင်းအာဏာပိုင် များက ဖမ်းဆီးရမိပြီး နေရပ်ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရှိ NGO များနှင့် ရိုဟင်ဂျာများကိုယ်တိုင်က နေရပ်ပြန်မပို့ရန်နှင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့ဖူးသည်။
ရိုဟင်ဂျာများသည် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသမှ အစ္စလမ် ဘာသာဝင်များ ဖြစ်ပြီး နိုင်ငံသားများ အဖြစ် သတ်မှတ် ခံရခြင်း မရှိပေ။ မြန်မာအာဏာပိုင်များ ထုတ်ပြန်ထားသည့် မြန်မာ နိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု ၁၃၅ စု စာရင်းတွင်လည်း ရိုဟင်ဂျာများ ပါဝင်ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက်များကြောင့် စားဝတ်နေရေး ပိုမို ကျပ်တည်း လာရာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် နိုင်ငံပြင်ပသို့ အရဲစွန့် ထွက်ခွာကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ပ နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ၊ သို့မဟုတ် မုန်တိုင်း ထန်သည့် ကပ္ပလီ ပင်လယ်ပြင်ဘက်သို့ ရောက်ရှိသွားကြသည်ဟု သတင်းများအရ သိရသည်။
ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိခဲ့သည့် ရိုဟင်ဂျာ အရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာသည်ဟု ဆိုသည်။ ၂ဝဝ၅ -၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇-၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိသည်ဟု သိရသည်။

Geen opmerkingen: