ခိုင်လင်း/ ၄ မတ် ၂ဝ၁ဝ
ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်အတွင်းတွင် မြဝတီရုပ်သံလိုင်း ထုတ်လွှင့်ပြသတော့မည်ဖြစ်သဖြင့် ဒေသခံများက တအိမ်ထောင်လျှင် ကျပ် (၃,ဝဝဝ) နှုန်းဖြင့် မထည့်မနေရ ငွေပေးနေရသည်။
မည်သည့်အချိန်မှ ထုတ်လွှင့်ပြသပေးမည်ကို မသိရသေးသော်လည်း ပြီးခဲ့သည့်လမှစ၍ သက်ဆိုင်ရာ ရပ်ကွက်လူကြီးများက တီဗွီစက် မရှိသည့် နေအိမ်များပါမကျန် ငွေကောက်ခံနေသဖြင့် မကျေမနပ် ဖြစ်နေကြသည်ဟု ဟိုပင်ဒေသခံတဦးက ပြောသည်။
၎င်းက “အခု တီဗွီစက်မရှိသေးရင်လည်း နောက်ရှိလာတဲ့ခါ ကြည့်ဖို့ဆိုပြီး ကောက်နေတာ။ လာကောက်တဲ့သူတွေ ပြောတာက သူတို့ကောက်တာကို မထည့်ရင်လည်း ရတယ်၊ အုပ်ချုပ်ရေးရုံး သွားပြောဆိုပြီး လုပ်နေတော့ အလုပ်မရှုပ်ချင်တာလည်းပါတော့ ထည့်တဲ့လူထည့်တယ်၊ တီဗွီမရှိတဲ့ တချို့ကတော့ မထည့်ကြဘူး” ဟု ပြောသည်။
ဟိုပင်မြို့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန၏ MRTV လိုင်းတခုတည်းသာ ထုတ်လွှင့်ပေးနေပြီး ကြည့်ရှုသူနည်းပါးကာ အစိုးရ၏ ဝါဒဖြန့် အစီစဉ်များဖြစ်၍ အခမဲ့ပြပေးသင့်ကြောင်း အဆိုပါဒေသခံက ပြောသည်။
၎င်းက “မီးက ပုံမှန်မလာဘူး။ ရက်ခြားပဲလာတယ်။ လာရင်လည်း ခဏတဖြုတ်လောက်ဆိုတော့ လူတွေက တီဗွီကြည့်ဖို့ စိတ်ကူးကြတာ မဟုတ်ဘူး။ မီးစက်နှိုး ခွေထိုးပြီး ကြည့်ကြတာများတယ်။ ဗွီစီဒီ၊ ဒီဗွီဒီ ခွေကလည်း ပေါမှပေါ။ တရုတ် အောက်စက်တွေကလည်း သူ့ဈေးနဲ့သူ အလုပ်ဖြစ်နေတော့ အစိုးရက လွှင့်တဲ့ဟာတွေကို ကြည့်တဲ့သူ အတော်ရှားတယ်” ဟု ပြောသည်။
ဟိုပင်မြို့၏ အရှေ့မြောက်ဘက် (၅) မိုင်အကွာဝေးတွင်ရှိသည့် ဂလိုင်ချောင် ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားများကို မိုင် (၂ဝ) ကျော် အကွာဝေးတွင်ရှိသည့် ခရိုင်ရုံးစိုက်ရာ မိုးညှင်းမြို့သို့ ပေးနေရသဖြင့် ရေအားလျှပ်စစ်စက်ရုံအနီးနားတွင် ရှိနေသည့် ဟိုပင်မြို့၌ လျှပ်စစ်မီး အလုံအလောက်မရရှိဘဲ ရက်ခြားသာ ရနေသဖြင့် မီးပုံမှန်လာရေးအတွက် မြို့နယ်အုပ်ချုပ်ရေးရုံးက နောက်ထပ်ငွေကောက်ခံသွားရန် ရှိနေသည်ဟု ဟိုပင်မြို့ခံတဦးက ပြောသည်။
ဟိုပင်မြို့နယ်အတွင်း ရပ်ကွက်ကြီး (၄) ခုနှင့် ကျေးရွာအုပ်စု (၉) အုပ်စုရှိရာ စီးပွားရေးကျပ်တည်းပြီး ငွေရှာရ ခက်နေသည့် ယခုကဲ့သို့ ကာလတွင် ဌာနဆိုင်ရာရန်ပုံငွေအဖြစ် အစားအသောက်ရောင်းသည့်လက်မှတ်များ အတင်းအဓမ္မရောင်း၍ ရန်ပုံငွေရှာခြင်း အပါအဝင် ငွေကောက်ခံမှုများ မကြာခဏပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
Geen opmerkingen:
Een reactie posten