မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 23 maart 2010

မြန်မာ့အရေး ပြည်တွင်းပြည်ပ အဖွဲ့များ ဆွေးနွေး

ဧရာဝတီ Tuesday, March 23, 2010
.စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပမှ ရွေးကောက်ပွဲ ထောက်ခံရေး လှုပ်ရှားသူများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကွန်ဖရင့် တခု၌ ရွေးကောက်ပွဲ ဝင်သင့်ကြောင်း ထောက်ခံ ပြောဆိုပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး အုပ်စုများအား ဝေဖန် ဆွေးနွေးကြကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲကို ချုလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံတကာလေ့လာရေးနှင့် လုံခြုံရေး အင်စတီကျူနှင့် အာရှလေ့လာရေး အစီအစဉ်တို့က ပူးတွဲ၍ “Burma – Domestic Developments and International Responses” အမည်ဖြင့် ကျင်းပခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ ပထမပိုင်းတွင် ဒေါက်တာနေဝင်းမောင်၊ ဦးဟန်ညောင်ဝေ၊ မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦး၊ အလွတ် သတင်းထောက် လယ်ရီရေဂင်၊ ဧရာဝတီသတင်းဌာန အယ်ဒီတာ ဦးအောင်ဇော်တို့ ပါဝင်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် ကနေဒါသံအမတ် ရွန် ဟော့ဖ်မန်၊ အမေရိကန်နိုင်ငံရေးကောင်စစ်ဝန် ဂျော့ခ်ျကန့် နှင့် ဒေါက်တာ ဇာနည်တို့က နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ မြန်မာ့နိုင်ငံရေး နှင့်၂၀၁၀ ရွေးကောက်ပွဲ နှင့် ပက်သက်၍ ဆွေးနွေးကြသည်။
ရွေးကောက်ပွဲကို ထောက်ခံအားပေးသူ ဦးဟန်ညောင်ဝေက“ပြည်တွင်းက လူတွေ အနေနဲ့ ရွေးချယ်စရာက ဒီမိုကရေစီ ရရေး မရရေး မဟုတ်ပါဘူး။ တကယ်ရွေးချယ်ရမှာက စစ်တပ်က တိုက်ရိုက်ချုပ်ကိုင် အုပ်ချုပ်တာခံမလား၊ တခြားတနည်းနဲ့ စစ်တပ် က သွယ်ဝိုက် အုပ်ချုပ်တာခံမလား ဆိုတဲ့ အနေအထားကို ရွေးရမှာပါ”ဟု ပြောဆိုသည်။
နိုင်ငံတကာမှ ပြောဆိုမှုများ ရှိနေသည့်တိုင် မြန်မာပြည်တွင်း ပြောင်းလဲမှုကို လိုချင်လျှင် ပြည်တွင်းအဖြေရှာမှု လိုအပ်သည်ဟု ဦးဟန်ညောင်ဝေက ဆက်လက်ပြောကြားသည်။ ဦးဟန်ညောင်ဝေသည် ဥရောပ-မြန်မာရုံး၏ ညွှန်ကြားရေးမှူးဖြစ်သည်။
ရွေးကောက်ပွဲ ထောက်ခံသူတဦး ဖြစ်သည့် ဒေါက်တာနေဝင်းမောင်ကလည်း စစ်အစိုးရ သို့မဟုတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)က လာမည့်ရွေးကောက်ပွဲ၌ နေရာဝင်ယူမည့် အချက်ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နိုင်ငံရေးသမားများ အနေဖြင့် သဘောပေါက်ရမည်ဟု ပြောသည်။
“ရွေးကောက်ပွဲနဲ့ မသွားဘူးဆိုရင် စစ်အစိုးရကို သက်ဆိုးရှည်ခိုင်းသလို ဖြစ်မယ်”ဟု ဒေါက်တာနေဝင်းမောင်က ဆိုသည်။
ပြည်ပက ရွေးကောက်ပွဲ ဆန့်ကျင်ရေးကို ပြောအားရှိသော်လည်း ပြည်တွင်းမှ ၎င်းကဲ့သို့သော ရွေးကောက်ပွဲ ထောက်ခံသူ များနှင့် ရွေးကောက်ပွဲဝင်ရန် ကြိုးစားနေသူများကို နားလည်ပေးရန် လိုသည်ဟုလည်း ပြည်ပရောက်အတိုက်အခံများကို ဒေါက်တာနေဝင်းမောင်က ဝေဖန်သွားသည်။
ဒေါက်တာနေဝင်းမောင်သည် Myanmar Egress ၏ တွဲဖက်တည်ထောင်သူနှင့် Living Color မီဒီယာကို တည်ထောင်သူ လည်း ဖြစ်သည်။
အလွတ်သတင်းထောက် လယ်ရီ ဂျေကင်ကမူ ထိုအခြေအနေသည် “အရပ်သား အစိုးရ”ထက် “အရပ်သားပုံဖော်ထားသော အစိုးရ” ဖြစ်လာရေးကို အတိုက်အခံတို့က လက်ခံရမည့် အနေအထားသို့ ဦးတည်နေကြောင်း သုံးသပ်သည်။
တိုင်းရင်းသား အရေးများကို မဖြေရှင်းဘဲ နိုင်ငံရေး အပြောင်းအလဲလုပ်၍ မရနိုင်ကြောင်း၊ လက်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ စစ်အစိုးရက ရွေးကောက်ပွဲကို ကျင်းပလိမ့်မည်ဖြစ်ကြောင်း၊ စစ်အစိုးရ စိတ်ကြိုက် ရွေးချယ်ခန့်အပ်ထားသော ရွေးကောက်ပွဲ ကော်မရှင်က အကောင်အထည်ဖော်သွားလိမ့်မည်ဟု ဦးအောင်ဇော်က ပြောသည်။
“ရွေးကောက်ပွဲမှာ ရွေးချယ်ခံရနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့ နိုင်ငံရေး အကျဉ်းသား ဖြစ်နေတာကိုကြည့်ရင် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ် မထင်ဘူး၊ သူတို့မှ ဒီရွေးကောက်ပွဲမှာ မပါနိုင်ဘဲ” ဟု ဦးအောင်ဇော်က ပြောကြားသည်။
ရွေးကောက်ပွဲဝင်မည့် ပါတီသစ်များသည် ယမန်နေ့မှစ၍ နေပြည်တော်တွင် စတင်၍ ပါတီမှတ်ပုံတင်နေကြပြီး တည်ဆဲ ပါတီဖြစ်သော NLDက ၂၉ ရက်နေ့တွင် ဆုံးဖြတ်မည်ဟု ကြေညာထားသည်။

Geen opmerkingen: