မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 4 maart 2010

ဝန်ထမ်းလစာများ ထပ်တိုးမည်ဟု သတင်းထွက်

ဖနိဒါ
ကြာသပတေးနေ့၊ မတ်လ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၀ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက လာမည့် ဘဏ္ဍာရေးနှစ်သစ်မှ စတင်ကာ အစိုးရဝန်ထမ်းအားလုံး၏ လစာများကို ထပ်တိုးမြှင့် ပေးမည်ဟု သတင်းများထွက်နေကြောင်း ရန်ကုန်မြို့နေ အစိုးရ ဝန်ထမ်းများထံမှ သိရသည်။
ဧပြီလ လစာမှစတင်၍ ကျပ်ငွေ ၂ သောင်းစီတိုးမြှင့်ပေးရန် အစီအစဉ်ရှိကြောင်း ဝန်ကြီးဌာနအသီးသီး၏ လက်အောက်ခံ ဝန်ထမ်းများကို အရာရှိများက နှုတ်ဖြင့် ပြောဆိုထားမှုများရှိကြောင်း မဇ္ဈိမက စုံစမ်း သိရှိရသည်။
“နောက်ထပ် ၂ သောင်းတိုးပေးမယ်ဆိုတာ ကျနော်တို့လည်း ကြားနေတယ်။ ဒီနှစ်ဘတ်ဂျက်အကုန်မှာ အောက်ဆုံးအဆင့်ကနေ အပေါ်ထိ ဆက်တိုက်သွားမယ်လို့ ဆင့်ကဲဆင့်ကဲ ကြားတာပဲ” ဟု အကောက်ခွန်ဦးဌာနမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကာလသည် ဧပြီ ၁ ရက်နေ့တွင် စတင်ပြီး မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည်။
ရန်ကုန်မြို့နေ မြို့နယ်ကျန်းမာရေးဦးစီးမှူး တဦးကလည်း “ရုံးချုပ်ကနေတဆင့် လစာတိုးပေးမယ်လို့ ကြားတယ်။ လစဉ် အစည်းအဝေးမှာပေါ့နော်။ အလုပ်ကို ကြိုးစားကြဖို့။ လခတိုးဖို့ ဖြစ်ကောင်း ဖြစ်နိုင် တယ်လို့ ပြောတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လစာတိုးပေးသည်နှင့်အမျှ ကုန်ဈေးနှုန်းများကလည်း တက်လာတတ်သဖြင့် ဝမ်းသာ ရမည်ထက် လစာနှင့် အသုံးစရိတ် လုံလောက်မှုရှိရေးကိုသာ စိုးရိမ်နေရသည်ဟု အကောက်ခွန် ဝန်ထမ်းက ဆိုသည်။
ယခုနှစ် ဇန်နဝါရီလကုန်၌ စစ်အစိုးရက နေ့စားလုပ်သားများ အပါအဝင် အစိုးရဝန်ထမ်းအားလုံး၏ လစာကို ၂ သောင်းစီ တိုးမြှင့်ပေးခဲ့ပြီးနောက် နောက်ထပ်တိုးမည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဇန်နာဝါရီလ၌ လစာတိုးမည်ဖြစ်ကြောင်း ကြေညာချက် ထွက်ပြီး တပတ်ခန့် အကြာ၌ အခေါက်ရွှေဈေး တကျပ်သားလျှင် ကျပ် ၁ သောင်း တက်သွားကာ ၆၁၅ဝဝဝ ကျပ် ဖြစ်ခဲ့သည်။ ပဲဆီ၊ စားအုန်းဆီ၊ ကြက်သွန်နီ စသည့် ကုန်ခြောက်များလည်း အနည်းငယ်စီ တက်သွားခဲ့သည်။
စစ်အစိုးရ အာဏာသိမ်းပြီးနောက် ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၂ဝဝဝ ခုနှစ်၊ ၂ဝဝ၆ ခုနှစ်များ၌ အစိုးရ ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပြီး ယခု ၂ဝ၁ဝ ခုနှစ်အတွင်း လစာတိုးမြှင့်လိုက်ခြင်းသည် ၆ ကြိမ်မြောက် ဖြစ်သည်။
လစာများ ထပ်တိုးပေးမည်ဟု သတင်းထွက်လာချိန်နှင့် အပြိုင် အိမ်သုံးလျှပ်စစ်မီတာခများ ကို ၃ ဆခန့် တိုးမြင့်ကောက်ခံမည်ဆိုသည့် ကောလာဟလသတင်းများလည်း ထွက်ပေါ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
အင်းစိန်မြို့နယ်ရှိ လျှပ်စစ်ရုံးကမူ မီတာခနှုံးထားပြောင်းရေးနှင့် ပတ်သက်၍ နေပြည်တော်မှ အမိန့်ထုတ်ပြန်ခြင်း မရှိသေးကြောင်း ပြောသည်။
လျှပ်စစ်မီး ပြတ်တောက်မှုကြီးမားခဲ့သည့် မြို့တော်ဟောင်းတွင် ယခုအခါ မီးရရှိမှု အများအားဖြင့် တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။
ထို့အပြင် တနင်္သာရီ-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မကြာခဏပြုပြင်ရသဖြင့် လျှပ်စစ် ဓာတ်အား မကြာခဏ လျော့ကျမှုကို ဖြေရှင်းနိုင်ရန် မုတ္တမပင်လယ်ကွေ့မှ ရန်ကုန်သို့ သွယ်တန်း နေသည့် ၂၄ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းလည်း လာမည့်မေလတွင် အပြီးသတ်တော့မည်ဟု ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းအတွင်း၌ ယခင်က လျှပ်စစ်အား ၄ဝဝ မဂ္ဂါဝပ် သုံးစွဲရာမှ ယခုအခါတွင် စက်ရုံများ တိုးချဲ့ တည်ဆောက်ခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပိုမိုသုံးစွဲခြင်းတို့ကြောင့် မဂ္ဂါဝပ် ၅၅ဝကျော်အထိ တိုးမြင့် သုံးစွဲနေရကြောင်း သိရသည်။
အခြားသော ဆက်စပ်ဖြစ်ထွန်းမှုတခုမှာ နေပြည်တော်သို့ အစိုးရရုံးများအားလုံး ပြောင်းရွှေ့သည့် စီမံကိန်းမှ ကြွင်းကျန်နေခဲ့သော ရုံးခွဲများကို မတ်လကုန်တွင် နောက်ဆုံးထား ပြောင်းရတော့မှာ ဖြစ်သည်။
“ ရန်ကုန်က ဘာရုံးခွဲမှ မရှိရတော့ဘူး၊ အကုန်ပြောင်းရမယ်ဆိုတာ ပြောထားပြီးသားပါ။ ရန်ကုန်တိုင်းဆို တိုင်းရုံးတွေပဲကျန်မယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

(ကိုဝိုင်းတည်းဖြတ်သည်)



Geen opmerkingen: