မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၅ မိနစ် .
ကိုအောင်မျိုးဦး
(မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)
အမည် ကိုအောင်မျိုးဦး
မိဘ ဦးချစ်မြိုင်၊ ဒေါ်စန်းမြင့်
မွေးသက္ကရာဇ် ၁၉. ၇. ၁၉၇၆
မွေးချင်း ၇ ဦးအနက် အငယ်ဆုံး
ပညာအရည်အချင်း ၉ တန်း (အထက ၁ လမ်းမတော်)
လက်ရှိမိသားစု ဇနီးနှင့် သား ၂ ဦးရှိ
အလုပ်အကိုင် ကိုယ်ပိုင်စီးပွားရေး
တာဝန်နှင့် ပါတီ တွဲဖက်အတွင်းရေးမှူး (မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)
ရွေးကောက်ခံမည့် အခြေအနေ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ကိုယ်စားပြု ဝင်ရောက်အရွေးခံမည်။
နိုင်ငံရေးနောက်ခံ
၁၉၈၈ ခုနှစ်တွင် အသက် ၁၃ နှစ်အရွယ် ၄ တန်းကျောင်းသား ဘဝဖြင့် ဆန္ဒပြပွဲများတွင် အခြေခံ ကျောင်းသားများအဖြစ် ပါဝင်ခဲ့။ ဆန္ဒပြပွဲများတွင် ပါဝင်မှုကြောင့် မကြာခဏ ကျောင်းထုတ်ခံရ၊ ကျောင်းပြောင်းခဲ့ရသည်။ ၁၉၉၅ တွင် ဒေါ်စု တရားပွဲတွင် သွားရောက်နားထောင်ရာမှ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) ကျောင်သားများနှင့် ပေါင်းမိခဲ့သည်။ ၁၉၉၆ ခုနှစ် ဖုန်းမော် နှစ်ပတ်လည်နေ့ လှည်းတန်းမီးပွိုင့်၌ တရားဟောမှုဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် ပြန်လွတ်လာပြီးနောက် ကိုအေးလွင်တို့နှင့်အတူ နိုင်ငံရေးလှုပ်ရှားမှု လုပ်ဆောင်ရာ ၂ဝဝ၇ ခုနှစ် သံဃာ လှုပ်ရှားမှုနှင့် ပတ်သက်၍ သဘောထားကွဲလွဲကာ လက်တွဲဖြုတ်ခဲ့သည်။
လက်ရှိ နိုင်ငံရေးသုံးသပ်မှု
''အစိုးရကတော့ဘယ်သူတွေဘာပြောပြော၊၂ဝ၁ဝရွေးကောက်ပွဲကိုတရားမျှတတယ်ပြောပြော၊ မမျှတဘူးပြောပြော RoadMap၇ ချက်အရ အကောင်အထည်ဖော်မှာပဲ။ အဲဒါကို ကျနော်က လမ်းစလေးတခုအဖြစ် မြင်တယ်။ ဒီလမ်းစလေးက လူတကိုယ်လုံးသွားလို့ရတဲ့ လမ်းတော့ မဟုတ်ဘူး။ ဘေးတိုက်သွားလို့ရတဲ့ လမ်းလေးပဲ။ လုံးဝ ပိတ်နေတာထက်စာရင် လမ်းကျဉ်းလေးရှိတော့ အဲဒါကို အသုံးချသင့်တာပါ။ ဒါကလည်း လုံးဝ ကောင်းတယ်လို့ ပြောလို့ မရဘူး။ နိုင်ငံရေးမှာ အဆိုးအကောင်း ၂ ခုနဲ့ တွဲနေတာပါ''
ရွေးကောက်ပွဲ ဝင်ရောက်လိုသည့် ရည်ရွယ်ချက် သို့မဟုတ် ကြွေးကြော်သံ
''တကမ္ဘာလုံးနဲ့ အတိုက်အခံတွေက ပြောကြတယ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာ တရားမျှတမှု မရှိဘူးလို့။ ကျနော်တို့က တရားမျှတတယ်၊ မမျှတဘူးဆိုတာ လက်ဖက်ရည်ဆိုင်ထဲက ပြောနေလို့ မရဘူး။ ဒီလိုမျိုး ပြောနေတာတွေက ဥပဒေမဖြစ်နိုင်ဘူး။ လွှတ်တော်ကနေ ပြောနိုင်တဲ့ စနစ်ရှိမှ အပြောင်းအလဲ ဖြစ်နိုင်မယ်။ ပြည်သူတွေအတွက် အကျိုးရှိတဲ့ ဥပဒေပြဋ္ဌာန်းပြီး အကျိုးမရှိတဲ့ ဥပဒေကို ပယ်ဖျက်နိုင်ဖို့ ကျနော်တို့လို သို့မဟုတ် ကျနော်တို့ထက် ဝါရင့်သမ္ဘာရင့်တဲ့ ပုဂ္ဂိုလ်တွေက လွှတ်တော်ထဲမှာ ရှိဖို့ လိုအပ်တယ်။ ဒါမှ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်းတီးနိုင်မယ်။ ဒါကြောင့် ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ဆန္ဒရှိခဲ့တာ''
နိုင်ငံတည်ဆောက်ရေးအတွက် လတ်တလော ဖြေရှင်းသင့်တဲ့ မူဝါဒ
''အတိုက်အခံဖြစ်တဲ့NLDပါတီ၊တိုင်းရင်းသားခေါင်းဆောင်တွေနဲ့သူမှားတယ်၊ငါမှန်တယ်လို့ ငြင်းခုန်နေမယ့်အစား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးသင့်တယ်''
ရွေးကောက်ပွဲတွင် အနိုင်ရခဲ့လျှင်
''လွှတ်တော်ကို ရောက်မှ ပြည်သူတွေ အကျိုးရှိဖို့ ဥပဒေတွေကို ရေးဆွဲနိုင်မယ်''
စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သဘောထား
''ဒီမိုကရေစီနိုင်ငံ ဖြစ်လာပြီဆိုရင် တခြားလွတ်လပ်မှုတွေနဲ့အတူ စာနယ်ဇင်းလွတ်လပ်မှုတွေကလည်း ရှိရမှာပဲလေ။ စာနယ်ဇင်း လွတ်လပ်ခွင့်မရှိရင် ဒီမိုကရေစီနိုင်ငံရဲ့ အနှစ်သာရ ရှိမှာမဟုတ်ဘူး''
Geen opmerkingen:
Een reactie posten