မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 3 maart 2010

စီရင်ထုံးများက ဖော်ထုတ်ပြနေသည့် မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ရေစီးကြောင်း

ဦးမျိုး (ဥပဒေ)
၃/ မတ် ၂၀၁၀
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ တရားရုံးချုပ် တရားသူကြီးများ၏ (၆) ကြိမ်မြောက် ကွန်ဖရင့်ကို ၁၉၉၅ ခုနှစ်တွင် တရုတ်ပြည် ဘီဂျင်းမြို့၌ ကျင်းပခဲ့ပြီးဖြစ်သည်။ ထိုကွန်ဖရင့်မှ လွတ်လပ်သော တရားစီရင်ရေးဆိုင်ရာ မူသဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ “တရားရုံးများသည် တရားစီရင်ရာ၌ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အခြားဘေးပယောဂများ၊ သြဇာလွှမ်းမိုးမှုများ မပါဝင်ဘဲ အမှုတွင် ပေါ်ပေါက်သော အဖြစ်အပျက်၊ အကြောင်းအရာနှင့် ဥပဒေပြဋ္ဌာန်းချက်အရသာလျှင် ဆုံးဖြတ်စီရင်ရမည်” ဟု ဖော်ပြပါရှိသည်။ မြန်မာနိုင်ငံမှ တရားသူကြီးချုပ်ကိုယ်တိုင် တက်ရောက်လက်မှတ်ထိုးခဲ့သည့်အတွက် ဘက်လိုက်မှု လုံးဝကင်းရှင်းရေးအတွက် အဓိကတာဝန်ရှိလာပါသည်။ နိုင်ငံတကာသဘောတူစာချုပ်စာတမ်းများ၊ ကွန်ဖရင့်ဆုံးဖြတ်ချက်များကို လေးစားလိုက်နာရန် ယနေ့အချိန်တွင် အထူးလိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် စီရင်ထုံးများကို တရားစီရင်ထုံးပြုစုရေးအဖွဲ့က ပြုစုပါသည်။ အဖွဲ့ဝင် (၁၃) ဦး ပါဝင်ပြီး ဒုတိယတရားသူကြီးချုပ် ဦးသိန်းစိုး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် မြန်မာနိုင်ငံ တရားစီရင်ထုံးပြုစုရေးအဖွဲ့ကို ယခုအခါ တွေ့ရှိရပါသည်။ နှစ်စဉ်ထွက်ရှိလာသော စီရင်ထုံးများကိုလည်း ဖတ်ရှုရပါသည်။ ထိုစီရင်ထုံးများတွင် လက်ရှိသွားနေသည့် တရားစီရင်ရေးစနစ် ရေစီးကြောင်းကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ ဥပဒေနှင့် တရားစီရင်ရေးနယ်ပယ်တွင် ကျင်လည်ကျက်စားကြရသူများအနေဖြင့် ပညာပါးဝရန်၊ အမြဲလေ့လာသုံးသပ်နေရန် လိုပါသည်။
တရားစီရင်ထုံးများ၊ ၂၀၀၅ ခုနှစ် စာအုပ်စာမျက်နှာ (၃) ကို လှန်လိုက်လျှင် …
“တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံမျှသာမကဘဲ ထိုသို့အမှန်တရားကို စီရင်ကြောင်း အများမြင်စေရာသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် မောင်ရွှေ (ခ) မောင်ရှေ ပါ-၂၊ ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (တရားရုံးချုပ်)၊ စာ- ၆၁၆” ကို ဖော်ပြထားသဖြင့် ပြည်သူပြည်သားအားလုံး တရားစီရင်စစ်ဆေးနေသည့် မြင်ကွင်းကို မြင်စေလိုသည့် ဆန္ဒသဘောထားရှိသည်ကို သိရှိရ၍ လက်တွေ့၌ အမှန်တကယ်ဟုတ်လျှင် ၀မ်းသာရပါမည်။
နအဖစစ်အစိုးရ၏ ဥပဒေအမှတ် ၅/၂၀၀၀၊ တရားစီရင်ရေးဥပဒေ ပုဒ်မ - ၂ (င) တွင် “လွတ်လပ်ပွင့်လင်းသည့် တရားခွင်တွင် ပြည်သူ့ရှေ့မှောက်၌ တရားစီရင်ခြင်းပြုရမည်” ဟုလည်း ဖော်ပြထားပါသည်။
စာနှင့်လက်တွေ့ ပြောင်းပြန်ကျင့်သုံးနေသည်ကို ဖော်ပြလိုပါသည်။ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပါ-၂၁ အမှုအား သာမန်ပြည်သူများကို မဆိုထားနှင့်၊ မိသားစုဝင်များကိုသော်မှ တွေ့ခွင့်မပေးဘဲ အင်းစိန်ထောင်တွင်း စစ်ဆေးခဲ့သည်များကို ကြည့်နိုင်ပါသည်။ နိုင်ငံရေးဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ စစ်ဆေးစီရင်တိုင်း “လွတ်လပ်ပွင့်လင်းသည့် တရားခွင်တွင် ပြည်သူ့ရှေ့မှောက်၌ တရားစီရင်ခြင်းပြုရမည်” ဆိုသော အထက်ပါ ပုဒ်မ - ၂ (င) ကို ချိုးဖောက်ကြောင်း တွေ့မြင်နေရပါသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်း လိုက်နာရသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၀) တွင် “လူတိုင်းသည် ၎င်းတို့၏ အခွင့်အရေးနှင့် ၀တ္တရားများကို အဆုံးအဖြတ်ခံရာ၌လည်းကောင်း၊ ၎င်းတို့အား ရာဇ၀တ်ကြောင်းအရ တရားစွဲဆိုရာ၌လည်းကောင်း၊ လွတ်လပ်၍ ဘက်မလိုက်သော တရားရုံး၏ လူအများရှေ့မှောက်တွင် တရားမျှတစွာ ကြားနာစစ်ဆေးခြင်းကို ညီတူညီမျှ ခံစားပိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းချက်အတိုင်း တရားရုံးတွင် မိသားစုဝင်များ၊ အများပြည်သူများအား လာရောက်ကြားနာခွင့် ပေးရပေမည်။
မြန်မာနိုင်ငံဥပဒေများဆိုင်ရာ အက်ဥပဒေ၊ ပုဒ်မ - ၁၃ (၃) အရ “တရားရုံးသည် တရားမျှတမှု၊ သာတူညီမျှမှုနှင့် မွန်မြတ်သော အသိတရားတို့အရ အဆုံးအဖြတ်ပေးရမည်” ဟု အတိအလင်း ပြဋ္ဌာန်းထားချက်ကို လိုက်နာရပါမည်။ သို့မှသာ တရားဥပဒေ စိုးမိုးရေးကို ရှေးရှုရာရောက်ပေမည်။ စစ်အစိုးရ တရားစီရင်ရေးစနစ်သည် သက်ဆိုင်ရာ မူရင်းဥပဒေပြဋ္ဌာန်းချက်များကို ချိုးဖောက်စီရင်နေသည့် ရေစီးကြောင်းထဲသို့ စီးမျောသွားနေကြောင်း ဦးစွာညွှန်းဆိုပါသည်။
ဥပဒေရေးရာ သုံးသပ်ရေးဌာန၊ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) မှ မတ်လ (၂၅) ရက်၊ ၂၀၀၈ ခုနှစ်တွင် ထုတ်ပြန်သော “တရားမျှတမှုကို ဖော်ဆောင်ကြပါ” ခေါင်းစဉ်ဖြင့် စစ်ထောက်လှမ်းရေး (သို့မဟုတ်) ရဲရှေ့တွင် စစ်ဆေးချက်များကို တရားရုံးများက သက်သေခံအဖြစ် လက်ခံလာခြင်းမှာ တရားစီရင်ရေး လွတ်လပ်မှုကို ဖောက်ဖျက်ကျူးလွန်ရာရောက်ကြောင်း …
“ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဦးရဲနောင် ပါ-၂၊ ၁၉၉၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ - ၆၃” ကို ဝေဖန်သုံးသပ် ခဲ့ပါသည်။ တရားစီရင်ရေးလမ်းကြောင်း တော်တည့်မှန်ကန်စေလိုသည့် စေတနာဖြင့် အပွင့်လင်းဆုံးတင်ပြခဲ့ပြီးဖြစ်ပါသည်။
သို့သော် ရဲနောင် ပါ-၂ စီရင်ထုံးကို မှန်ကန်ကြောင်း ထပ်မံအတည်ပြုသည့် စီရင်ထုံးများ ပေါ်ပေါက်လာပါသည်။ တရားစီရင်ထုံး၊ ၂၀၀၅ ခုနှစ်၊ စာမျက်နှာ (၂၀) တွင် …
“ဦးကိုကြီးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၀၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှု အမှတ် ၉၂ (ခ)” ၌ …
“ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ကိုးကားခဲ့သည့် ဦးရဲနောင် ပါ-၂ စီရင်ထုံးတွင် ပါရှိသကဲ့သို့ ကွင်းဆက်မိသည့် အခြားထွက်ဆိုချက်များလည်း ဤအမှုတွင် မရှိပေ” ဟု ဖော်ပြထားသည်။ စာမျက်နှာ (၂၃) တွင် “လျှောက်ထားခံရသူ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် လိုက်ပါဆောင်ရွက်သည့် ရှေ့နေချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက တရားခံအား ရိုက်နှက်၍ ကြောက်သဖြင့် ထွက်ဆိုချက်ပေးခဲ့ရသည်ဟု ပြန်လှန်မေးမြန်းမထားသည့်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဦးရဲနောင် ပါ -၂ အမှုကို ရည်ညွှန်း၍ ၎င်းအပေါ် ပြစ်မှုထင်ရှားစီရင်ခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ရန်ကုန်တိုင်းတရားရုံးက အဆိုပါအမိန့်ကို အတည်ပြုခဲ့သည်မှာလည်း မှန်ကန်ပါသဖြင့် ပြစ်မှုကို ပလပ်သင့်ကြောင်း လျှောက်လဲတင်ပြသည်” ဟု တဖက်သတ် ကိုးကားထားကြောင်း အထင်အရှားတွေ့ရသည်။
“မောင်ခင် နှင့် ပထစ (၆၇/ ၁၇၉) စီရင်ထုံး” တွင် …
“ရဲထံ ထွက်ဆိုချက်သည် သက်သေခံမ၀င်သဖြင့် မည်သို့ထွက်ဆိုခဲ့ကြောင်း ပြန်လှန်မေးခြင်းဖြင့် ဖော်ထုတ်ခွင့် မပြုသင့်” ဟု အတိအလင်း စီရင်ထုံးပြု ဆုံးဖြတ်ထားပြီး ရှိပါသည်။ ပြန်လှန်မေးမြန်းထားခြင်း ရှိ၊ မရှိဆိုသည်မှာ တရားစီရင်ရာတွင် အဓိကမဟုတ်ကြောင်း တင်ပြအပ်ပါသည်။
ထို့နောက် စာမျက်နှာ-၂၆ တွင် “ပူးတွဲ တရားခံ တင်ရွှေ (ခ) သန်းထိုက်၏ တပ်မတော်ထောက်လှမ်းရေး (၇) တွင် ပေးသည့် စစ်ကြောချက် တခုတည်းသာရှိကြောင်း ပေါ်ပေါက်သည်။ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ကိုးကားခဲ့သည့် ဦးရဲနောင် ပါ-(၂) စီရင်ထုံးတွင် ပါရှိသကဲ့သို့ ကွင်းဆက်မိသည့် အခြားထွက်ဆိုချက်များလည်း ဤအမှုတွင် မရှိပေ” ဟု ဖော်ပြထားသည်။ စာမျက်နှာ (၂၇) တွင် “ရန်ကုန်တိုင်းတရားရုံး၏ အမိန့်များကို ပယ်ဖျက်၍ ဦးကိုကြီးအား အမှုမှ အပြီးအပြတ် လွတ်စေရန် အမိန့်ချမှတ်လိုက်သည်” ဟု ဖော်ပြသည်။
တရားစီရင်ထုံးများ ၂၀၀၆ ခုနှစ်၊ စာမျက်နှာ (၁) တွင် …
“ဦးတင်ငွေနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၀၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၇၅၁ (ခ) ဒေါ်မြမြ၀င်း (ခ) ဒေါ်သန်းဝင်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၀၅ ခုနှစ်၊ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၇၅၉ (ခ) ထပ်မံဆုံးဖြတ်ချက်၌ ဦးရဲနောင် ပါ-၂ အမှုတွင် လက်ခံထားသည်မှာ မှန်သော်လည်း ယင်းထွက်ချက်အပေါ်အခြေခံ၍ တရားခံအား ပြစ်မှုထင်ရှားစီရင်ရန် မဟုတ်ချေ။” ဟု ဖော်ပြသည်။
သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ် စီရင်ထုံးများ၌ ရဲနောင် ပါ-၂ စီရင်ထုံးကို မှန်ကန်ကြောင်း ထပ်လောင်း ဖော်ပြနေသည့်အပေါ် ထပ်ဆင့်ချေဖျက်ပစ်ရန်အတွက် သုံးသပ်ချက်ထုတ်ပြန်ရန် နောက်ထပ် လိုအပ်လာပါသည်။ စီရင်ထုံးများက ဖော်ထုတ်ပြနေသည့် လက်ရှိမြန်မာ့တရားစီရင်ရေးရေစီးကြောင်းကို အောက်ပါအတိုင်း မီးမောင်းထိုးပြ အပ်ပါသည်။
(က) ဦးရဲနောင် ပါ-၂ စီရင်ထုံးအား ၁၉၈၉ ခုနှစ် ၁- လပိုင်း၊ (၁၃) ရက်နေ့က အမှုမှ အပြီးအပြတ် လွတ်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ် ၁၂-လ ပိုင်း ၊ (၁၀) ရက်နေ့မှ ပြုလုပ်ပြဋ္ဌာန်းလာသည့် လုပ်ထုံးလုပ်နည်းဥပဒေဖြင့် ဖွဲ့စည်းသည့် စုံညီခုံရုံးမှ အမိန့်ချမှတ်ခြင်းသည် “ဥပဒေသည် နောက်ကြောင်းပြန် အာဏာသက်ရောက်မှု မရှိစေရ” ဟူသော တရားစီရင်ရေး အခြေခံမူကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တွေ့ရသည်။
တရားသူကြီးချုပ် ဦအောင်တိုးကိုယ်တိုင် ဘီဂျင်းကွန်ဖရင့်တွင် လက်မှတ်ရေးထိုးခဲ့သည့် ၁၉၉၅ ခုနှစ်၏ နောက်ပိုင်း ၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ် စီရင်ထုံးများတွင် ဦးရဲနောင် ပါ-၂ ကို မှန်ကန်ကြောင်း ဖော်ပြလာခြင်းမှာ သဘောတူစာချုပ်ပဋိညာဉ်ကို တရားဝင်ချိုးဖောက်ရာရောက်ကြောင်း မိမိအနေဖြင့် ထပ်ဆင့်ဖော်ပြပြီး ရာထူးမှနုတ်ထွက်သင့်ကြောင်း နိုင်ငံတကာဥပဒေ ရှုထောင့်မှ ထပ်လောင်းတောင်းဆိုပါသည်။
(ခ) သက်သေခံအက်ဥပဒေ ပုဒ်မ ၂၄ တွင် ပြဋ္ဌာန်းထားသည့်အတိုင်းသာ ဆောင်ရွက်ရပါသည်။ သက်သေခံဥပဒေ ပြဋ္ဌာန်းချက်များသည် အမှန်ဖြစ်သည်ဟု မှတ်ယူရမည်သာဖြစ်သည်။ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကတိပြုခြင်းတို့မှာ ရဲရှေ့ (သို့မဟုတ်) တပ်မတော်ထောက်လှမ်းရေးရှေ့၌ မုချရှိကြသည့် သဘာဝဖြစ်သောကြောင့် ဥပဒေ၊ ကျင့်ထုံးများဖြင့် သက်သေခံမ၀င်ရန် ပြဋ္ဌာန်းထားရခြင်းဖြစ်ပါသည်။ ရဲ (သို့မဟုတ်) စစ်ထောက်လှမ်းရေးရှေ့ ထွက်ဆိုချက်များသာ ဆက်လက်၍ တရားဝင်သွားမည်ဆိုလျှင် ဥပဒေမလို၊ တရားရုံးမလို၊ တရားသူကြီးမလို၊ ရှေ့နေမလိုအပ်တော့ပေ။ တရားခွင်တွင် ရဲနှင့်စစ်ထောက်လှမ်းရေးများသာ လိုအပ်ပါတော့မည်။
၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ် စီရင်ထုံးများတွင် ဦးရဲနောင် ပါ-၂ စီရင်ထုံးကိုပင် ကိုးကားကာ ထပ်မံဖော်ပြလာခြင်းမှာ ပင်မဥပဒေကိုချိုးဖောက်၍ စီရင်ထုံးပြုနိုင်သည်ဟု အဓိပ္ပာယ်ကောက်ချက်အသစ်တခု ထွက်ပေါ်လာပေသည်။ ဥပဒေအတိုင်း စီရင်ဆုံးဖြတ်ရမည်ဟူသော မူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြောင်း ထောက်ပြအပ်ပါသည်။
(ဂ) မူရင်း ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုကျင့်ထုံးဥပဒေနှင့် သက်သေခံအက်ဥပဒေတို့ကို ပေါင်းစပ်၍ တရားစီရင်ခြင်းပြုရသည့် အင်္ဂလိပ်ရိုးရာဥပဒေစနစ် (English Common Law System) တွင် ဥပဒေကို တိတိကျကျ လိုက်နာ၍ စီရင်ထုံးပြုကြရသည်မှာ အစဉ်အလာဖြစ်သည်။ လုံးဝ ချိုးဖောက်၍ မရပေ။ မိမိလူ့အဖွဲ့အစည်းက ကျင့်သုံးနေကျ မူလပင်မ ဥပဒေကို မကျင့်သုံးဘဲ အဂတိ (၄) ပါးစလုံးအတွက် ဘက်လိုက်သွားမည်ဆိုလျှင် … တရားဥပဒေ၏ အခန်းကဏ္ဍ၊ တရားမျှတမှု၊ တရားဥပဒေစိုးမိုးရေး အခြေခံများ ပျက်သုဉ်းကာ စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေးပြုသည့် တရားစီရင်ရေးစနစ်ဆီသို့ စီးဆင်းသွားပေတော့မည်။ တပြည်ထောင် ၂၀၀၈ ဖွဲ့စည်းပုံပါ ရုပ်သေးတရားသူကြီးများက အကောင်အထည်ဖော်သွားမည့် အန္တရာယ်ကို စိန်ခေါ်သင့်ကြောင်း အနုလုံပဋိလုံ သုံးသပ်တင်ပြအပ်ပါသည်။ ။

(စာလုံးစောင်းများသည် မူရင်းပါ ဖော်ပြချက်များဖြစ်ပါသည်။)





1 opmerking:

Nge Naing zei

ကျွန်မလည်း နောက်ပိုင်းမှာ သြစကြေးလျားနိုင်ငံ တရားစီရင်ရေးစနစ်ကို တင်ဖို့ရှိလို့ နှိုင်းယှဉ်ကြည့်လို့ရအောင် ဒီပို့စ်ကို ကူးယူထားလိုက်မယ်။