Friday, 05 March 2010 14:15 ရန်ပိုင်
.အမေရိကန် ဒေါ်လာ အတုများ လက်ဝယ် တွေ့ရှိမှုဖြင့် ဖမ်းဆီးထားသည့် ကင်မရွန်း နိုင်ငံသား နှစ်ဦးကို ရန်ကုန်မြို့ လမ်းမတော် မြို့နယ် တရားရုံးက ယမန်နေ့က ထောင်ဒဏ် ၇ နှစ်မှ ၉ နှစ် အထိ ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်သည်ဟု လမ်းမတော် မြို့နယ် ရဲစခန်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကင်မရွန်း နိုင်ငံသား နှစ်ဦးကို အမေရိကန် ဒေါ်လာအတု လက်ဝယ်တွေ့ရှိမှု ဥပဒေ ပုဒ်မ ၄၈၉/ကဖြင့် ထောင်ဒဏ် ၇နှစ် အသီးသီး ချမှတ်ခဲ့ပြီး တဦးကိုမူ ဖမ်းဆီးစဉ် ပြင်သစ်သံရုံးသို့ ထွက်ပြေးသည့် အတွက် ဥပဒေပပုဒ်မ ၂၂၄ ဖြင့် ၂ နှစ်၊ စုစုပေါင်း ၉ နှစ်ချမှတ်ခဲ့ သည်ဟု လမ်းမတော် ရဲစခန်း တာဝန်မှူးက ပြောပြသည်။
“သူတို့ကို ဖမ်းပြီးရှာတော့ ဒေါ်လာ ရာချီပြီးတော့ တွေ့တယ်”ဟု ၎င်းက ဆိုသည်။
၎င်းတို့ ၂ ဦးသည် မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းများတွင် ဘောလုံကစားရန် အတွက် လွန်ခဲ့သည့် နှစ်ပတ်ခန့်က လာ ရောက်ခြင်းဖြစ်ပြီး စာချုပ်ချုပ် ဆိုရန် အဆင်မပြေဖြစ်နေကြောင်း၊ လမ်းမတော် မြို့နယ်ရှိ MGMဟိုတယ်၌ တည်းခိုနေစဉ် ဒေါ်လာ အတု ပြုလုပ်နိုင်ကြောင်း ပြောဆိုရာ ဟိုတယ် မန်နေဂျာက ဒေသခံ အာဏာပိုင်များထံ အကြောင်းကြား ခဲ့သဖြင့် လွန်ခဲ့သည့် အပတ် အတွင်းက အဖမ်းခံရခြင်းဖြစ်သည်။
အဆိုပါ ကင်မရွန်းနိုင်ငံသား နှစ်ဦးအား ဖမ်းဆီးလာစဉ် တဦးမှာ ထွက်ပြေးသွားပြီး ပြင်သစ်သံရုံးတွင် ခိုလှုံခွင့် တောင်းခံခဲ့ကြောင်း၊ ပြင်သစ်သံရုံးကမူ ၎င်းတို့နှစ်ဦးမှာ ပြင်သစ်နိုင်ငံသား မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
Geen opmerkingen:
Een reactie posten