မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 maart 2010

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

မုံပီး
သောကြာနေ့၊ မတ်လ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၃၃ မိနစ် .
အိုကလာဟိုးမား (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး အကျဉ်းသားများကို ပိတ်ပင်ထားသည်ဖြစ်၍ အကြီးအကျယ် စိတ်ပျက်ရပါကြောင်းနှင့် လမ်းမှားဘက်ကို တလှမ်းတိုးပြန်ကြောင်း အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုလိုက်သည်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဂျေ ခရိုးလီက ဝါရှင်တန်တွင် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ပြုလုပ်နေကျ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားရာ၌ ”နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို နိုင်ငံရေး မပတ်သက်ရအောင် ပယ်ထုတ်လိုက်တဲ့ နိုင်ငံရေးပါတီ ဥပဒေကို ကျနော်တို့ အတော့်ကို စိတ်ပျက်တယ်” ဟု ဆိုသည်။
”ဥပဒေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ယှဉ်ပြိုင်လို့မရအောင် ပိတ်လိုက်တာကလည်း အကျပ်တွေ့တော့တာပဲ။ ဒါက သူမ (ဒေါ်အောင်ဆန်းစုကြည်) ကို သူ့ပါတီကနေတောင် ထွက်ရအောင်လုပ်တာ ဖြစ်ကောင်းဖြစ်မယ်” ဟု ခရိုးလီက ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥကဒေက လာမည့်ရွေးကောက်ပွဲအပေါ် အယုံအကြည်ရှိမှု မရဘဲနေလိမ့်မည်ဟု ပြောသည်။
အမေရိကန်အနေဖြင့် မြန်မာ့ရွေးကောက်ပွဲရလဒ်ကို လက်ခံမှာလားဆိုသော အမေးကို ခရိုလီက ဖြေကြားရာတွင် ”လက်မခံဘူး။ သူတို့ထုတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေကိုကြည့်ပြီး ပြောရမယ်ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲက ယုံကြည်လက်ခံစရာ မကောင်းဘူးလို့ ကျနော်တို့တော့ ရှင်းရှင်းပဲ မြင်တယ်” ဟု ဆိုသည်။
သို့သော် အမေရိကန်က မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံရေးမူကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်းနှင့် ”တိုးတက်မှုပြသဖို့အတွက် ပြည်တွင်းနိုင်ငံရေး လမ်းစဉ်မှာ ပျော့ပျောင်းလာမှုတချို့ကို ပြသရမှာဖြစ်တယ်။ အခုထက်ထိတော့ ရလဒ်မရှိသေးပါဘူး” ဟု သူက ဆက်ပြောသည်။
ဆယ်စုနှစ် ၂ ခုနီးပါး မြန်မာနိုင်ငံကို အထီးကျန်ထားကာ ပိတ်ဆို့အရေးယူမှု ပြုလုပ်သော အမေရိကန်သည် ပြီးခဲ့သည့် နှစ်မှ စတင်၍ ပိတ်ဆို့မှုနှင့် ထိတွေ့မှု ရောပြွမ်းသော လမ်းစဉ်တခုကို ပြောင်းလဲကျင့်သုံးလာခဲ့သည်။ ပေါ်လစီအပြောင်းနှင့်အတူ အမေရိကန်အရာရှိများနှင့် မြန်မာစစ်အစိုးရတို့ တွေ့ဆုံမှုများလည်း နောက်ဆက်တွဲ လိုက်ပါလာခဲ့သည်။
ထိုသို့သော အခြေအနေတွင် မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ လူ့အခွင့်အရေး အဖွဲ့များကလည်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ”ဒီဥပဒေက အတိုက်အခံပါတီကို အသစ်တဖန် စော်ကားလိုက်တာပဲဆိုတာ မှန်းလို့ရနေတာပဲ” ဟု အာရှဒါရိုက်တာ ဘရက် အဒမ်က ပြောဆိုထားသည်။ ”ဒါဟာ စစ်တပ်က အုပ်စီးထားပြီး၊ အရပ်သားအုပ်ချုပ်ရေး ဟန်ဆောင်တဲ့ အတုအယောင် နိုင်ငံရေးလမ်းစဉ်ကို ထပ်ဆက်နေတာပဲ ဖြစ်တယ်” ဟု သူက ဆိုသည်။
ရွေးကောက်ပွဲဥပဒေက NLD ကို ရွေးကောက်ပွဲဝင်မလား၊ မတရား ထောင်ချခံထားရသော ပါတီခေါင်းဆောင်များနှင့် ပါတီဝင် ရာပေါင်းများစွာကို ထောင်ထဲမှာ ဆက်ထားမည်လား ဆိုသည်ကို ရွေးခိုင်းသလို ဖြစ်နေသည်ဟု ပြောသည်။
”ဒါဟာ အဓိက အတိုက်အခံပါတီကြီးကို ရွေးကောက်ပွဲမှာ မပါနိုင်အောင် လုပ်လိုက်တာ ထင်းကနဲပဲ။ ဒါမျိုး ရွေးချယ်မှုကိုတော့ ဘယ်နိုင်ငံရေး ပါတီကမှ လုပ်မှာ မဟုတ်ဘူး” ဟု အဒမ်က ပြောသည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ယင်းဥပဒေအပေါ် စိုးရိမ်ကြောင်း ပြောလိုက်ပြီး၊ ဥပဒေက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲတွင် မပါနိုင်အောင် ချန်လှပ်လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
ဥပဒေကို ပြန်ရုပ်သိမ်းရန်နှင့် ဦးရေ ၂၁ဝဝ ကျော်သော နိုင်ငံရေး အကျဉ်းသားများကို သူတို့၏ အခွင့်အရေးကို ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်ခွင့်ပြုရန် စစ်အုပ်စုကို လွတ်ငြိမ်းချမ်းသာအဖွဲ့က တောင်းဆိုလိုက်သည်။
အခြားသော နိုင်ငံအနည်းငယ်ကလည်း အမေရိန်ကန်လိုပင် စိတ်ပျက်ကြောင်း ပြောနေသလို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းကလည်း ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် စစ်အုပ်စု ထုတ်ပြန်နေသော ရွေးကောက်ပွဲ ဥပဒေများကို သေချာစွာ လေ့လာနေသည်ဟု ကြေညာလိုက်သည်။
”ညွှန်းချက်တွေအရ ပြောရမယ်ဆိုရင်တော့ နိုင်ငံတကာက မျှော်လင့်တဲ့ ဘက်စုံပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် မဟုတ်ဘူး” ဟု မစ္စတာ ဘန်က ပြောသည်။

(မုံပီးသည် အိုကလာဟိုးမားမြို့တွင် အခြေစိုက်နေထိုင်သော မဇ္ဈိမ၏ အထူးသတင်းထောက် ဖြစ်သည်။)



Geen opmerkingen: